သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇီကာတိုက်ဖျက်ရေး မြန်မာ အဆင်သင့် မဖြစ်သေးကြောင်း WHO အရာရှိပြော


ဇီကာဗိုင်းရပ်ပိုးသယ်ဆောင်လာသည့်ခြင်
ဇီကာဗိုင်းရပ်ပိုးသယ်ဆောင်လာသည့်ခြင်

မြန်မာနိုင်ငံဟာ ဇီကာဗိုင်းရပ်ပိုး တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ကြိုတင်ပြင်ဆင်ထားခြင်း မရှိသေးကြောင်း ကျန်းမာရေး ကျွမ်းကျင်ပညာရှင်တဦးက ပြောလိုက်ပါတယ်။ လုံလောက်တဲ့ရံပုံငွေ မရှိတာကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ကူးစက်ရောဂါ နှိမ်နင်းရေးု လုပ်ကိုင်ရာမှာ အားနည်းနေသေးကြောင်း ၊ အချိန်ပို အလုပ်လုပ်နေကြတဲ့ ဆရာဝန်တွေကလည်း ပုံမှန်ကျန်းမာရေး ဆေးစစ်တာမျိုး ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ စစ်ဆေးမှုတွေမှာလည်း အားနည်းနေသေးကြောင်း လူတွေဟာ အန္တရာယ်တွေကြားမှာ နေနေကြရတယ်လို့ သူက ပြောပါတယ်။

ခြင်ကတဆင့် ရောဂါကူးစက်ပြီး ဒေသတွင်းအလျှင်အမြန်ပျံ့နေတဲ့ ကူးစက်ရောဂါမျိုးတွေ မြန်မာနိုင်ငံမှာလဲ ဖြစ်ဖို့အလားအလာတွေ ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Dr Jorge M. Luna က သတိပေး လိုက်ပါတယ်။ ဗီယက်နမ် နိုင်ငံမှာ ခြင်ကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါသည် နှစ်ဆတိုးနေပြီး ထိုင်းနိုင်ငံမှာ ဒီတပတ်ထဲ ဒီလိုကူးစက်ရောဂါသည် နောက်ထပ် ၃၃ ဦး ထပ်တွေ့နေချိန်မှာ Dr. Luna က အခုလိုသတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဇီကာပိုးဟာ စဖြစ်ချိန်ကစလို့ နိုင်ငံနဲ့ ဒေသပေါင်း ၆၀ ကိုပျံ့နှံ့ခဲ့ပြီး၊ မနှစ်တုန်းကမှ ဘရာဇီးနိုင်ငံမှာ ဇီကာပိုးကို နောက်ဆုံးထပ်မံ တွေ့ရှိ ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကျော်က ဇီကာပိုးရှိတဲ့ ကိုယ်ဝန်ဆောင် နိုင်ငံခြားသူ အမျိုးသမီးတဦးကို တွေ့ခဲ့ပြီး နောက်မှာ ဒီရောဂါပိုးနဲ့ပတ်သက်လို့ စောင့်ကြည့်တာ၊ ခြင်နှိမ်နင်းရေးတွေကို တိုးမြှင့်လုပ်ဆောင်လာခဲ့ပါတယ်။

ဒါပေမယ့် ကိုယ်ဝန်ဆောင်တွေ၊ ပြည်သူ့ဆေးရုံက ဆရာဝန်တွေ အစိုးရအရာရှိတွေ စုစုပေါင်း တဒါဇင်ကျော်ကို တွေ့ဆုံမေးမြန်း ကြည့်ရာမှာတော့ လူ ၅၁ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ ရောဂါကူးစက်မှု တားမြစ်နိုင်ရေးအတွက် အစိုးရက ကြိုးပမ်းနေဆဲပဲလို့ သူတို့က ပြောဆိုကြပါတယ်။ ရန်ကုန်ဗဟို အမျိုးသမီးဆေးရုံကြီးမှာဆိုရင် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ရာကျော်ဟာ သူတို့အလှည့်ရောက်ဖို့ နာရီပေါင်းများစွာ စောင့်နေရတယ်လို့ ဆိုပါတယ်။

စစ်အုပ်ချုပ်ရေး စနစ်အောက် နှစ်ပေါင်း ၅၀ လောက်နေလာရတဲ့ မြန်မာနိုင်ငံဟာ စီးပွားရေးကဏ္ဍမှာရော အထူးသဖြင့် ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍ တွေမှာ နိမ့်ကျခဲ့ရပါတယ်။ မြန်မာနိုင်ငံက လူပေါင်း တသောင်းမှာ ဆရာဝန်တစ်ဦးသာ ကြည့်ပေးနိုင်တဲ့ နိုင်ငံဖြစ်ပြီး၊ ဒါဟာ Kazakhstan နိုင်ငံထက် ၆ ဆလောက် နိမ့်ကျနေတယ်လို့ WHO အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG