သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေအာဏာသိမ်းမှု သမ္မတ Mugabe ဖမ်းခံထားရ


ဇင်ဘာဘွေ သမ္မတMugabe နှင့် သူ့ဇနီး
ဇင်ဘာဘွေ သမ္မတMugabe နှင့် သူ့ဇနီး

ဇင်ဘာဘွေနိုင်ငံမှာ နှစ်ပေါင်း ၃၇ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ သမ္မတကို စစ်တပ်ရဲ့ အကူအညီနဲ့ ဖယ်ရှားလိုက်ပုံရတဲ့ ဖြစ်ရပ်အတွင်း သမ္မတ Robert Mugabe ကို နေအိမ်မှာ ဖမ်းဆီးထိန်းသိမ်းထားကြောင်း အိမ်နီးချင်း တောင်အာဖရိကနိုင်ငံ သမ္မတက ပြောဆိုလိုက်ပါတယ်။

နေအိမ်မှာပဲ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတယ်လို့၊ ဒီကနေ့အစောပိုင်း တယ်လီဖုန်းဆက် ပြောဆိုရာမှာ သမ္မတ Mugabe က သူ့ကို ပြောပြခဲ့ကြောင်း တောင်အာဖရိကသမ္မတ Jacob Zuma က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။ ဇင်ဘာဘွေစစ်တပ်နဲ့ အဆက်အသွယ် လုပ်နေကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ဒီလဆန်းပိုင်းမှာပဲ ဒုတိယသမ္မတ Emmerson Mnangagwa ကို ရာထူးက ဖယ်ရှားလိုက်ပြီး၊ သမ္မတကတော်ကို ဒုသမ္မတရာထူးပေးဖို့ ကြိုးပမ်းမှုတွေကြောင့် မကျေနပ်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ သမ္မတကို ထိန်းသိမ်းလိုက်တာပါ။

ဒုသမ္မတဟောင်းကို ထောက်ခံသူတွေကို အာဏာရ ZANU PF ကနေ ဖယ်ရှားဖို့ သမ္မတရဲ့ ကြိုးပမ်းမှုတွေကို မရပ်ရင်၊ ကြားဝင်မယ်လို့ ဇင်ဘာဘွေစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Constantino Chiwenga က သတိပေးခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာတော့ မြို့တော် Harare မှာ သံချပ်ကာကားတွေ နေရာယူထားတာတွေ့ရပါတယ်။ နိုဝင်ဘာ ၅ ရက်နေ့က ဒုသမ္မတကို ရာထူးက ဖယ်ရှားလိုက်ပြီးနောက်မှာတော့ လူပေါင်းဒါဇင်နဲ့ချီ ဖမ်းဆီးခံခဲ့ရပါတယ်။

အာဏာရ ZANU PF ပါတီကတော့ စစ်တပ်အကြီးအကဲရဲ့ ပြောဆိုချက်ဟာ သစ္စာဖောက်ဆန်တဲ့ လုပ်ရပ်အဖြစ် စွပ်စွဲခဲ့တာပါ။ အစိုးရပိုင် ရုပ်မြင်သံကြားဌာနကိုတော့ စစ်တပ်က ထိန်းချုပ်ခဲ့ပါတယ်။ စစ်တပ်ပြောခွင့်ရသူကတော့ စစ်အာဏာသိမ်းမှု မဟုတ်ကြောင်း ပြောဆိုခဲ့တာပါ။ တိုင်းပြည်မှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေတွေ တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့၊ အကြမ်းဖက် ပဋိပက္ခတွေကို ဦးတည်မသွားစေဖို့ ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး စစ်တပ်က ဆောင်ရွက်နေတာသာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ အာဏာရ ZANU PF ပါတီကတော့ ဒုသမ္မတဟောင်း ဇင်ဘာဘွေကို ပြန်လာမှာဖြစ်ကြောင်း လူမှုကွန်ယက်မှာ ပြောဆိုခဲ့ပေမဲ့၊ တောင်အာဖရိကမှာ ရောက်နေတယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဒုသမ္မတ ဘယ်မှာရောက်နေသလဲ ဆိုတာကတော့ တိတိကျကျ မသိရပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG