သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“စစ်ကောင်စီပြိုလဲမယ့်အလားအလာရှိနေပြီ” NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်


NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် အိုဆာကာရှိ မြန်မာနိုင်ငံသားများ မြန်မာအရေးထောက်ခံသော ဂျပန်လူမျိုးများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ (Photo: NUG foreign affair/Nov 26, 2023)
NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် အိုဆာကာရှိ မြန်မာနိုင်ငံသားများ မြန်မာအရေးထောက်ခံသော ဂျပန်လူမျိုးများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ (Photo: NUG foreign affair/Nov 26, 2023)

မြန်မာအာဏာသိမ်းစစ်ကောင်စီ ပြိုလဲမယ့်အလားအလာ ရှိနေပြီး လာမယ့် ရက်သီတင်းပတ်တွေထဲမှာ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေရဲ့ နောက်ထပ်ထိုးစစ်တွေ ထပ်လာဦးမယ်လို့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောကြောင်း ဂျပန်အခြေစိုက် Nikkei Asia က ဗုဒ္ဓဟူးနေ့က ဖော်ပြပါတယ်။

"စစ်အာဏာရှင်တွေနဲ့ သူတို့တပ်သားတွေရဲ့စိတ်ဓာတ်က အနိမ့်ဆုံးဖြစ်နေပြီး ဘက်ပြောင်းလာသူတွေ အများအပြားရှိနေကာ စစ်စခန်းအများစု လက်နက်ချဖို့ ရှိတယ်" လို့ ဂျပန်နိုင်ငံကိုရောက်နေတဲ့ ဒေါ်ဇင်မာအောင်က တိုကျိုမြို့ Ikebukuro ခရိုင်ထဲက NUG ရဲ့ ဂျပန်အခြေစိုက်ရုံးမှာ တနင်္လာနေ့ကလုပ်ခဲ့တဲ့ Nikkei Asia နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။ စစ်တပ်ဟာ သူတို့အချင်းချင်းကြားမှာလည်း ယုံကြည်မှုပျောက်ဆုံးနေပြီး "သူ့ဘာသာ ကျရှုံးမယ့်အခြေအနေ၊ ပြိုကျလုဆဲ အနေအထား" လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။ အနာဂတ် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအနေနဲ့ "ပြည်သူနဲ့ နိုင်ငံအဖွဲ့အစည်းတွေကို အကာအကွယ်မပေးတဲ့ "ပရိုဖက်ရှင်နယ် မပီသတဲ့ စစ်တပ်"ကို ပြုပြင်ပြောင်းလဲသွားမယ်လို့လည်း သူက ပြောပါတယ်။

“ကျမတို့က စစ်တပ်တခုလုံးကို ဖျက်သိမ်းဖို့ ကြိုးစားနေတာမဟုတ်ပါဘူး၊ စစ်တပ်ကိုအသွင်ပြောင်းဖို့ ကြိုးစားနေတာ။ စစ်တပ်ထဲမှာ သူရဲကောင်းတွေနဲ့ ပြုပြင်ပြောင်းလဲရေးသမားတွေ လိုအပ်တယ်။” လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။ အခု သီတင်းပတ်အစောပိုင်းကတည်းက ဂျပန်နိုင်ငံကိုရောက်နေတဲ့ ဒေါ် ဇင်မာအောင်ဟာ ဂျပန်လွှတ်တော်တာဝန်ရှိသူတွေအပါအဝင် ဘက်ပေါင်းစုံနဲ့တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့အာဏာသိမ်းဖို့ကြိုးပမ်းမှုကိုရှုတ်ချခဲ့တဲ့ ၂၀၂၁ ခုနှစ် ဆုံးဖြတ်ချက်ဟာ အရေးပါပြီး ဂျပန် လွှတ်တော်နှစ်ရပ်လုံးရဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အင်အားစုတွေအပေါ် ထောက်ခံပေးမှုကို ယုံကြည်ကြောင်းလည်း ပြောထားပါတယ်။ ခရီးစဥ်အတွင်းမှာ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကလည်း ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံခဲ့ကြောင်း သူ့ရဲ့ X လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပြီး မြန်မာပြည်သားတွေရဲ့ ရဲစွမ်းသတ္တိနဲ့ ခိုင်မာတဲ့သန္နိဋ္ဌာန်ကို ယုံကြည်ကြောင်းနဲ့ အမေရိကန် ပြည်တောင်စုအနေနဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့ လူ့အခွင့်အရေးကို အခိုင်အမာ ရပ်တည်ပြီး ပြည်သူအများကို အမှန်တကယ်ကိုယ်စားပြုတဲ့ အစိုးရတရပ်အတွက် ထောက်ခံအားပေးနေတယ်လို့ ပြောပါတယ်။

နစ်ကီအေးရှားနဲ့ အင်တာဗျူးထဲမှာတော့ “ထိုးစစ်တွေ ပြင်းထန်လာမယ်” လို့ ဒေါ်ဇင်မာအောင် က ပြောပြီး "စစ်ဆင်ရေးရဲ့နောက်ထပ်လှိုင်းက မကြာခင်လာမယ်" လို့ ဆိုပါတယ်။ အချိန်ကာလနဲ့ပတ်သက်ပြီး နစ်ကီအေးရှားက မေးမြန်းရာမှာတော့ လာမယ့် “ရက်သီတင်းပတ် အနည်းအတွင်း” လို့ ဖြေပါတယ်။ ဒီထဲမှာ စစ်ကောင်စီ တပ်အတွေအပေါ် လက်နက်ကိုင် တိုက်ပွဲတွေ အပြင် ပြည်သူတွေရဲ့ အာဏာဖီဆန်မှုတွေလည်း ပါဝင်မှာဖြစ်ပြီး ဒီနှစ်ရပ်ပေါင်း ဆန့်ကျင်မှုတွေက စစ်အာဏာရှင်တွေအပေါ် အမြင့်ဆုံး ဖိအားပေးတဲ့ပုံစံဖြစ်လာမယ်လို့ ပြောပါတယ်။

တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီး ဖြေကြားရာမှာတော့ “တွေ့ဆုံဆွေးနွေးရေးအတွက် အခြေခံစည်းမျဉ်းတွေ ချမှတ်ထားပြီး လက်ရှိမှာ တွေ့ဆုံဆွေးနွေးရေးအတွက် သင့်လျော်တဲ့ အခြေအနေ မရှိသေးဘူး” လို့ ဆိုပါတယ်။ ““တွေ့ဆုံ ဆွေးနွေးရေး ဖြစ်မြောက်အောင် လုပ်ဖို့ဆိုရင် အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို စစ်ကောင်စီဘက်က လိုက်နာတာမျိုးလို ကြိုတင်သတ်မှတ်ချက်တွေ ရှိရမယ်” လို့ ဒေါ်ဇင်မာအောင်က နစ်ကီအေးရှားကို ပြောပါတယ်။ ဒါ့အပြင် အာဆီယံနဲ့ ပတ်သက်ပြီးလည်း “အင်ဒိုနီးရှား ဥက္ကဋ္ဌတာဝန်ယူမှုအောက်က လုပ်ဆောင်ချက်တွေကို လာအိုက ဆက်လုပ်သွားချင်မယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် လာအိုကတော့ သူ့ကိုယ်ပိုင် စဥ်းစားချက်လည်း ရှိနိုင်ပါတယ်” လို့ သူက ဖြေပါတယ်။ အာဆီယံနဲ့ အတတ်နိုင်ဆုံး ထိတွေ့ဆက်ဆံသွားပြီး မြေပြင်မှာ ဖြစ်ပျက်နေတာတွေနဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒကို အိမ်နီးချင်းနိုင်ငံတွေ သိဖို့လိုတယ်လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး ဖြေကြားရာမှာတော့ မြန်မာစစ်ကောင်စီရဲ့လုပ်ဆောင်ချက်တွေကို တရုတ်နိုင်ငံက ကျေနပ်မှုမရှိဘူးဆိုတာ ထင်ရှားပါတယ်လို့ ဇင်မာအောင်က ပြောပါတယ်။ "စစ်ကောင်စီက နိုင်ငံကို တည်ငြိမ်အောင် မစွမ်းဆောင်နိုင်ဘူး၊ တည်ငြိမ်မှုမရှိရင် တရုတ်က ဘယ်လို စီးပွားရေးလုပ်မှာလဲ" သူကပြောပါတယ်။

“စစ်တပ်က မြန်မာနိုင်ငံအတွက် တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းမပေးနိုင်ဘူးဆိုတာ နိုင်ငံတကာအနေနဲ့ မကြာခင် သဘောပေါက်လာလိမ့်မယ်။ ဒီအတွက် တခုတည်းသောနည်းလမ်းက “ဒီမိုကရေစီ ပြန်ယူဖို့ပဲ” လို့ ဒေါ် ဇင်မာအောင်က ပြောပြီး မြန်မာ့တော်လှန်ရေးက စစ်ကောင်စီကို ဖြုတ်ချပြောင်းလဲဖို့တင်မကဘဲ စနစ်ကိုပါပြောင်းလဲတဲ့ တော်လှန်ရေးတရပ်ဖြစ်ကြောင်း ထပ်လောင်းပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG