ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ နဲ့ တွေ့ဆုံမေးမြန်းခန်း (အပိုင်း-၁)

ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ဗွီအိုအေ တွေ့ဆုံမေးမြန်းခန်း။

တနင်္ဂနွေနေ့က ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးသွားခဲ့တဲ့ အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ချီးကျုးခဲ့ကြပေမဲ့ အမှားအယွင်းတွေ၊ အများအပြား ရှိတယ်လို့လည်း ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ ပါတယ်။ ရွေးကောက်ပွဲ ကာလမှာ ကြုံခဲ့ရတဲ့ ပြဿနာတွေ အခက်အခဲတွေနဲ့ ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကတော့ အတတ်နိုင်ဆုံး ကြိုးပမ်းဖြေရှင်းခဲ့တယ်လို့ ဗွီအိုအေနဲ့ သီးသန့်မေးမြန်းခန်း မှာ ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ကိုတော့ ဗွီအိုအေမြန်မာပိုင်း ရန်ကုန်ရုံးခွဲ တာဝန်ခံ ဒေါ်ခင်စိုးဝင်းက နေပြည်တော်မှာ တွေ့ဆုံမေးမြန်းခန်း ပထမပိုင်းကို နားဆင်နိုင်ကြပါပြီ။

ဒေါ်ခင်စိုးဝင်း။ ။ မင်္ဂလာပါရှင်။

ဦးတင်အေး ။ ။ မင်္ဂလာပါခင်ဗျာ။

ဒေါ်ခင်စိုးဝင်း။ ။ အခုလိုမျိုး ရွေးကောက်ပွဲရလဒ်တွေကို မနားမနေ ကြေညာနေ တဲ့ကြား ထဲကနေပြီးတော့ ကျမကို တွေ့ဆုံမေးမြန်း ခွင့်ပြုတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်။

ဦးတင်အေး ။ ။ ကောင်းပါပြီခင်ဗျ။ ကျနော်ကလည်း ကျေးဇူးအများကြီးတင်ပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့ပါ။ အခု ရွေးကောက်ပွဲကြီး ပြီးသွားပြီ။ ရွေးကောက်ပွဲ ရဲ့ရလဒ်ကို (၄၅) ရက်အတွင်းပေါ့နော်။ (၄၅) ရက်အတွင်းမှာ နိုင်ငံတော်သမ္မတကြီးထံကို အစီရင်ခံစာတင်သွင်းရမယ်လို့ နားလည်ထားပါတယ်။ အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ နည်းနည်းလေး ရှင်းပြပေးပါလား။

ဦးတင်အေး ။ ။ ကျနော်တို့ အစောကြီးကတည်းက ကြိုပြင်ထားပါတယ်။ ဘာပဲဖြစ်ဖြစ် ကျေျနာ်တို့ အစီရင်ခံစာ တင်ရပါမယ်။ ရွေးကောက်ပွဲပြီးရင် ရက်ပေါင်း (၉၀) အတွင်းမှာ လွှတ်တော် ခေါ်ဖို့ရှိပါတယ်။ လွှတ်တော်ခေါ်ဖို့ မတိုင်ခင်မှာလည်း ကျနော်ရဲ့အစီရင်ခံစာ ထွက်ဖို့ရှိပါတယ်။ ဒါဟာ ဆက်တိုက် လုပ်သွားရမှာပါ။

ကျနော့်အတွက်ကတော့ ယခင် အတွေ့အကြုံအရပေါ့လေ။ ဒါ ကျနော်တွေ့တဲ့ အတွေ့အကြုံတော့ မဟုတ်ပါဘူး။ ကျနော် အရင် ဦးစိုးသိန်းဆီကနေပြီးတော့ လက်ခံလိုက်တဲ့အချိန်မှာ အမှုက (၃၇) မှု ပါလာတယ်။ ဒါတွေကိုလည်း စစ်ဆေးရတဲ့အပိုင်း ရှိပါတယ်။ တချို့လည်း လွှတ်တော်ထဲကနေ ပြီးတော့ ပြန်သွားရတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ အော် ဆိုလိုချင်တာက ဒါပါ။ (၄၅) ရက်အတွင်း ကျနော် ရအောင် ကြိုးစားပါ့မယ်။ တပြိုင်နက်တည်းမှာပဲ လွှတ်တော်ခေါ်ဖို့ ရှိပါတယ်။ တပြိုင်နက်တည်းမှာပဲ ဘာဖြစ်လဲဆိုတော့ ကန့်ကွက်လွှာများ ရှိရင်တော့ စစ်ဆေးဖို့လည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သတ်မှတ်တဲ့အချိန်အတွင်းတော့ ကျနော်တို့ တင်သွားပါ့မယ်။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့ပါ။ ရွေးကောက်ပွဲအပြီး (၁၅) ရက်ပေါ့နော်။ နှစ်ပတ် အတွင်းမှာ ကန့်ကွက်လွှာတွေ တင်သွင်းနိုင်တယ်ပြောပါတယ်။ အခုလောလောဆယ်ပေါ့ ဒီအချိန်အထိပေါ့ ဒီနေ့ဆိုရင် ရွေးကောက်ပွဲကျင်းပပြီးတာ ငါးရက်၊ ခြောက်ရက်တည်း ရောက်လာပြီပေါ့။ ဒီအတွင်းမှာရော ကန့်ကွက်လွှာ တင်သွင်းတာတွေရှိပါလားရှင့်။

ဦးတင်အေး ။ ။ ကန့်ကွက်လွှာဆိုတာ တမျိုးရှိတယ်။ တိုင်ကြားချက်ဆိုတာ တမျိုးရှိပါတယ်။ တိုင်ကြားချက်ဆိုတာကတော့ ပြောရရင် ဥပဒေ အခန်း (၁၃) နဲ့ ငြိတာတွေပေါ့လေ။ ရွေးကောက်ပွဲမှာ ဘာလုပ်ရင် ဘာပြစ်ဒဏ်ဖြစ်တယ်။ ဒါ တိုင်ကြားချက်ပေါ့ ။ ဒီတိုင်ကြားချက်က တကယ့်တကယ်တော့ ရဲ တိုင်ရမှာပါ။ ဥပဒေအရတော့ ရွေးကောက်ပွဲ မတိုင်ခင်သော်လည်းကောင်း၊ရွေးကောက်ပွဲ ကျင်းပနေစဉ်သော်လည်းကောင်း၊ ရွေးကောက်ပွဲကျင်းပပြီး (၁၅) ရက် အတွင်းသော်လည်းကောင်း၊ တိုင်ကြားရင် ဒါ ရဲအရေးပိုင်တဲ့အမှုဖြစ်တယ်။ ရဲက စွဲတင်ရမယ်။ အဲ့ကျရင် ဘယ်လိုလုပ်ရင် ဘာတွေပြစ်ဒဏ်ရှိတယ် ဆိုတာ ပြဋ္ဌာန်းထားပါတယ်။ ဒါတိုင်ကြားမှုပါ။

နောက်တခါကျတော့ တရားမဲ့ပြုကျင့်မှုဆိုတော့ ကန့်ကွက်လွှာတင်တာကျတော့ အခန်း (၁၄) နဲ့ သွားငြိတယ်။ အဲ့တာကျတော့ သူတို့က ဘယ်လို ဘယ်လို အလုပ်ခံရလို့ သူရှုံးရပါတယ်။ ဒီလို ဒီလိုသာ မလုပ်ဘူးဆိုရင်တော့ ကျနော်တို့ နိုင်ခြေရှိပါတယ်။ မဲစာရင်းတွေ မှားပါတယ်။ မဲစာရင်းဆိုတာ- အခုဆို ကျနော့်ကို တော်တော်များများ ပြောကြပါတယ်။ ကျနော့်ရဲ့ တံဆိပ်တုံး နှိပ်လိုက်တဲ့ အခါကျတော့ ဖောက်လဲ ဖောက်လိုက်ရော မဲက စွန်းသွားတယ်။ မဲစွန်းသွားတာကို ဒါ ပယ်မဲ မသတ်မှတ်ရပါဘူးလို့ ညွှန်ကြားချက် ရှိပါတယ်။ အဲ့တာကို ပယ်မဲ သတ်မှတ်တဲ့အတွက် သူတို့ရှုံးရပါတယ်ဆိုပြီး လူကိုယ်တိုင် ကန့်ကွက်လွှာ တင်တယ်။ သူ ကန့်ကွက်လွှာတင်တော့ ကျနော်တို့ အာမခံငွေ ထည့်တင်ပြီးတော့ တင်တယ်။ အဲ့ကန့်ကွက်လွှာကျတော့ ကျနော်တို့ ခုံ ဖွဲ့ရပါတယ်။ အဲ့တာကို ကော်မရှင်ကပဲ ဖွဲ့ပေးရပါတယ်။ ကော်မရှင်အဖွဲ့ဝင်တယောက် အနည်းဆုံးနဲ့ ဖွဲ့ပြီးတော့ ကျန်တဲ့ ဥပဒေပညာရှင်သုံးယောက်၊ တရားသူကြီး နှစ်ယာက်လောက်နဲ့ ဖွဲ့ပြီးတော့ ကျနော်တို့ စစ်ပါတယ်။ Open Court ပါ။ နှစ်ဘက် အခြေအနေ လျှောက်လဲပါတယ်။ နှစ်ဘက် သက်သေတွေ စစ်ဆေးပါတယ်။ ခုနက မဲစာရင်းတွေ ပြန်ကြည့်ပါတယ်။ မဲလက်မှတ်ပြန်ကြည့်မယ်ဆို ကြည့်ပါတယ်။ အဲ့ဒီ့အပေါ် အဆုံးအဖြတ်ပေးတာကတော့ တရားမဲ့ပြုကျင့်ခြင်းကြောင့် ကန့်ကွက်လွှာ တင်တာပါ။

အဲ့တာတော့ အခုဟာ က ရွေးကောက်ပွဲ ရလဒ် ကြေညာပြီး (၄၅) ရက်မှာ တင်လို့ရပါတယ်။ အခုအချိန်မှာ ဒါတွေက -

ဒေါ်ခင်စိုးဝင်း။ ။ အဲ့တော့ နှစ်ပတ် မဟုတ်ဘူးပေါ့။

ဦးတင်အေး ။ ။ နှစ်ပတ်က တိုင်ကြားမှုပါ။ ပြစ်မှုပြစ်ဒဏ်တွေ ကျူးလွန်တာ တိုင်ကြားတာပါ။ ဆိုကြပါစို့။ သူက မဲရုံထဲ လာပြီးတော့ နှောင့်ယှက်တာ ရှိရင်ရှိမယ်။ တားတာ ရှိရင်ရှိမယ်။ ခုနက ပြောတဲ့ မဲရုံထဲမှာ ကျနော်တို့က စည်းရုံးရေး မလုပ်ရဘူးပေါ့။ အဲ့ဒီ့အချိန်မှာ သူက လာပြီးတော့ အဝတ်အစားတခုဝတ်ပြီးတော့ သို့တည်းမဟုတ် ပစ္စည်းတွေ ပေးပြီးတော့ စည်းရုံးတာမျိုးဆို သူတို့ တိုင်လို့ရပါတယ်။ ဒါတိုင်ရင်တော့ ရဲအရေးပိုင်တဲ့အမှုပါ။ ရဲအရေးပိုင်တဲ့အမှုကြောင့် ရဲကပဲ ဆွဲတင်ရမှာပါ။ ဒါကတော့ တိုင်ကြားတာ။

ဟိုဟာကတော့ တရားမဲ့ပြုကျင့်မှုကြောင့် ကန့်ကွက်လွှာတင်တာ။

ဒေါ်ခင်စိုးဝင်း။ ။ အခုအချိန်အထိ ဘယ်နှစ်မှုလောက် ရှိပါပြီလဲရှင့်။

ဦးတင်အေး ။ ။ ဟိုတိုင်တာကတော့ ရဲတိုင်ရမယ့် ကိစ္စပါ။ ကျနော့်ကို လာပြောတာတွေတော့ ရှိတယ်။ ကျနော်ပဲ တင်ပေးလိုက်ပါတယ်။ ကျနော့်ဆီ လာတိုင်တာ (၄) မှုလောက်ရှိပါတယ်။ ဒါတွေက ကျနော့်ကို လာမတိုင်နဲ့ တိုင်ရင် ခင်ဗျားတို့ နစ်နာသွားနိုင်တယ်။ ဥပဒေအရ ခင်ဗျားတို့ ရဲတိုင်မယ့် အမှုဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ရဲကပဲ အရေးယူရမှာ။ ကျနော်က အရေးယူလို့မရဘူး။ အဲ့တော့ ရဲအရေးယူလိုက်လို့ ရဲကနေ ပြစ်ဒဏ်ပေးလိုက်မယ်။ ရဲက ပြစ်ဒဏ်ပေးလို့ မရဘူး တရားသူကြီးက ဆွဲတင်ရမယ်။ တရားရုံး ဆွဲတင်ရမယ်။ တရားရုံး ဆွဲတင်လိုက်လို့ရှိရင် တရားရုံးကနေပြီးတော့ အပြစ်ပေးလိုက်ရင် သူ့မှာ အပြစ်ရှိသွားရင် ကန့်ကွက်လွှာ တင်ထားရင် ဒါ ကျနော်တို့ ထည့်စဉ်းစားလို့ရတယ်။

ဘာကြောင့်လဲဆိုတော့ အရင်ဖြစ်စဉ်က ကျနော်ကိုယ်တိုင် မှီခဲ့ပါတယ်။ ရွှေကျင်မှာ လွှတ်တော်ကိုယ်စားလှယ်တယောက် သူ့ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်က တရားမဲ့ပြုကျင့်မှု လုပ်ပါတယ်။ လုပ်တဲ့အခါကျတော့ ရှုံးတဲ့ပါတီကနေ တိုင်ပါတယ်။ သူ ဒီလိုလုပ်လို့ ကျနော်တို့ ရှုံးရပါတယ်ဆိုပြီး တိုင်ပါတယ်။ အဲ့ဒီ့တိုင်တဲ့ အတွက်ကြောင့် ရဲက စစ်လိုက်ပါတယ်။ ရဲစစ်လိုက်တဲ့အခါကျတော့ ရဲက -ဟုတ်တယ်။ ဆုံးဖြတ်ပြီးတော့ သူ့ကို အပြစ်ပေးလိုက်ပါတယ်။ တပြိုင်နက်တည်းမှာပဲ ကန့်ကွက်လွှာ တင်လာပါတယ်။ ကန့်ကွက်လွှာ တင်လာတဲ့ အခါကျတော့ ဟုတ်တယ်။ သူက တရားရုံးက တရားမဲ့ပြုကျင့်မှုဖြစ်တယ်လို့ အပြစ်ပေးထားတဲ့အတွက်ကြောင့် ကျနော်တို့ဘက်ကလည်း ဒါကို ထည့်သွင်း စဉ်းစားပြီးတော့ အရှုံးပေးလိုက်တဲ့အတွက်ကြောင့် အဲ့ဒီ့လွှတ်တော် ကိုယ်စားလှယ်ဟာ လွှတ်တော်ထဲက ဆင်းသွားပြီးတော့ ရှုံးတဲ့သူက အနိုင်ရတဲ့ ဖြစ်စဉ်တွေ ၂၀၁၀ မှာလည်း ရှိခဲ့ပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့။ နောက်တခုကတော့ ပုံစံ (၁၉) ကိစ္စပေါ့။ ပုံစံ(၁၉) ကတော့ မဲပေးတဲ့နေ့မှာ မဲရုံတွေ ပိတ်တဲ့အခါမှာ မဲရလဒ်တွေ ကို ရေတွက်ကြတယ်ပေါ့။ ရပ်မိရပ်ဖ (၁၀) ယောက်ရှေ့မှာ။ အများ သက်သေရှေ့မှာ နောက်ပြီးတော့ မဲရုံကိုယ်စားလှယ်အသီးသီးပေါ့။ ပါတီက ကိုယ်စားလှယ်တွေရှေ့မှာ ရေတွက်ကြပါတယ်။ ပြီးတော့ အဲ့ဒီ့ပုံစံ(၁၉) မှာ သက်သေခံ လက်မှတ်ထိုးပြီးတော့ သက်ဆိုင်ရာ မြို့နယ် ကော်မရှင်ရုံးမှာ ကပ်ရမယ်လို့ ကျမတို့ နားလည်ထားပါတယ်။ ဒါပေမဲ့ အဲ့တာ မကပ်ရပဲနဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေပဲ ကိုင်တယ်ဆိုပြီး ပြောသံတွေကြားပါတယ်။ အဲ့တာနဲ့ ပတ်သက်ပြီးတော့ ဥက္ကဋ္ဌကြီး ဘယ်လိုများ ပြောချင်ပါလဲ။

ဦးတင်အေး ။ ။ အများပြည်သူရှေ့မှာ ကျနော်တို့ ရေ ပြီးတော့၊ သက်သေတွေရှေ့မှာ ရေ ပြီးတော့ ရ တဲ့ ရလဒ်ကို ပုံစံ (၁၆) မှာ တင်ရပါတယ်။ တင်ပြီးရင် ပုံစံ (၁၆) က ချက်ခြင်း ကပ်လိုက်ရပါတယ်။ အဲ့ဒီ့ပုံစံ (၁၆) ကို ကျနော်တို့ဆီ ပို့ရပါတယ်။ ပို့တဲ့အခါကျတော့ ကျနော်တို့အဆို မြို့နယ်ကို ပို့ရပါတယ်။ မြို့နယ်မှာကျတော့ တခါ ဘာပြန်ရှိနေပြန်လဲဆိုတော့ မြို့နယ်မှာ ခင်ဗျားတို့ကြည့်ရင် သိတဲ့ (၁-၁) ဆိုတာရှိတယ်။ ဒါကတော့ မဲဆန္ဒနယ် ပြင်ပအတွင်းမှာ ရှိသော မြန်မာပြည်ထဲမှာ ရှိတဲ့သူတွေရဲ့ မဲပေးတဲ့သူ စာရင်း။ (၁-၂) ဆိုတာရှိတယ်။ တပ်မတော်သားများ ပေးချင်လို့ မဲလက်မှတ် ပို့ထားတာရှိတယ်။ (၁-၃) ဆိုတာက ပြင်ပ နိုင်ငံတွေကနေပြီးတော့ မဲပေးတာတွေရှိတယ်။ ဒါတွေက သိပ်အငြင်းပွားစရာလည်း မရှိဘူး။ ဘယ်သူတွေ ပေးတယ်။ တောင်းဆိုထားတယ် ဆိုတာ သိတယ်။

အဲ့တာကြောင့် မဲလက်မှတ်ပေးထားပါတယ်။ ပြည်တွင်းမှာ ဘယ်နှစ်စောင် ပေးထား ပါတယ်။ တပ်မတော်ကို ဘယ်နှစ်စောင်ပေးထားပါတယ်။ ခုနကပြောသလို ပြင်ပကို ဘယ်နှစ်စောင်ပေးထားပါတယ်ဆိုတာ ဒါ စာရင်းလည်း ရှိတယ်။ စာရင်းထဲရှိတာတွေက မဲလက်မှတ်တွေ ပြန်ရောက် လာတယ်။ ပြန်ရောက် လာတော့ ခုနက Register မှတ်ပုံတင်ပြီး ပုံးထဲ ထည့်ထားတယ်။ အဲ့တာ ညနေ (၄) နာရီမှာ ဖောက်ပြီး ရေ ရတယ်။ ဒါကလဲ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ရှေ့မှာပဲ ကျနော်တို့ ရေပါတယ်။ ရေပြီးရင် ပုံစံ (၁၈) ဆိုတာ ကျနော်တို့ ချက်ခြင်း ကပ်ပါတယ်။ ကြိုတင်မဲ ဘယ်သူတွေက ဘယ်နှစ်မဲ ရသလဲ။ ချက်ခြင်း ကပ်လိုက်တဲ့အခါကျတော့ ပုံစံ (၁၆) နဲ့ ပုံစံ(၁၈) နဲ့ ပေါင်းပြီးတော့ ပုံစံ (၁၉) မဲရုံအသီးသီးမှာ မဲက ဘယ်လောက် ဘယ်လောက်ရလဲ။ အဲ ခုနက ကြိုတင်မဲနဲ့ ပေါင်းလိုက်ရော ဘယ်သူက ဘယ်လောက်ရတယ်။ အဖြေ ထွက်လာတယ်။ ပုံစံ (၁၉) ထွက်လာတဲ့ အခါကျတော့ သူတို့လက်မှတ်ထိုးရပါတယ်။ သူတို့ရှေ့မှာ ထိုးရတာပါ။ ဒါကို ကျနော်တို့က ပြီးရင် တကယ်ကြေညာတာက တိုင်းကို ကြေညာရတယ်။ အောက်မှာ ခင်ဗျားတို့ ထွက်သွားရင် နည်းနည်းကြည့်လိုက်ပါ။ တကယ်ကတော့ တိုင်းကို ပို့ရတယ်။ တိုင်းကို ပို့ခါနီးကျတော့ မင်းတို့ မကြေညာနဲ့ဦး။ နောက်ဆုံးက ဖိုင်နယ်က ကျနော်တို့က ထုတ်ပြန်ပေးရတာ။ ငါတို့ပို့ပါဆိုတာကို သူတို့ရဲ့ ကြေညာမယ့်စာရွက်ရယ် ပုံစံ (၁၉) တွေရယ် အကုန်လုံး ကျနော်တို့ ကြည့်တယ်။

ကျနော်တို့မှာ ရလဒ်စစ်ဆေးရေးအဖွဲ့ဆိုပြီး ကျနော်တို့ ကော်မရှင်အဖွဲ့ဝင်တွေ ကျနော် တာဝန်ပေးထားပါတယ်။ ဒါပေမဲ့ ကျနော်ကိုယ်တိုင် သွားထိုင်ပါတယ်။ အဲ့တော့ အဲ့ဒီ့အဖွဲ့က ဒါကို ပြန်စိစစ်တယ်။ စိစစ်လို့ မှန်တယ်ဆိုရင် ထုတ်တော့လို့ ကျနော်တို့က ပြောပါတယ်။ ထုတ်တော့လို့ ကျနော် ပြောလိုက်တဲ့အခါကျတော့ သူတို့ထုတ်ပါတယ်။ ကျနော်တို့လည်း ကြေညာပါတယ်။ အဲ့ကျမှ ကပ်ဖို့ ကျနော်တို့က ပြောလိုက်တာ။ သို့သော်လည်းပဲ မှားရင် မကောင်းဘူး ဆိုလို့ ကျနော်တို့ လုပ်ခိုင်းလိုက်တာပါ။ နောက်ပိုင်း ကျနော်တို့ ကပ်ခိုင်းလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ လက်မှတ်ထိုးပြီးပြီဆိုတော့ မကပ်လည်း မထူးဘူးလေ။ တချို့လည်း ကျနော်တို့ဆီမှာ နှစ်ခုလောက် ကျနော်တို့ မှားတာရှိပါတယ်။ မင်းတို့ အပေါင်းမှားနေတယ်ဆိုတာ ကျနော်တို့ ထောက်ထားတာရှိပါတယ်။

အဲ့တော့ ဆိုလိုတာကတော့ ဘာလို့ မကပ်သလဲ။ ဘာလို့ မကြေညာသလဲ။ မကပ်တာလည်း မဟုတ်ပါဘူး မကြေညာတာလည်း မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်က လက်မှတ်ထိုးပြီးသားပါ။ သူတို့လည်း သိနေတာပါပဲ။ သို့သော် မကြေညာတာ ဘာကြောင့် မကြေညာတာလဲ။ မကပ်ခိုင်းတာ ဘာကြောင့် မကပ်ခိုင်းတာလဲ ဆိုတော့ မှားနေရင် မကောင်းဘူး ဆိုပြီး ကျနော်တို့ Check လုပ်ပါတယ်။ ကျနော်တို့ ကြေညာတာနဲ့ တပြိုင်နက်တည်း သူတို့ ကပ်လိုက်ရင်တော့ ပို အဆင်ပြေတာပေါ့လေ။ အဆင်ပြေတာပေ့ါ။ သူတို့ကပ်ထားလည်း သူတို့ကပ်ထားမှ ကျနော်တို့ ကြေညာမှ ဖိုင်နယ်ဖြစ်တာပါ။ အဲ့အတွက်ကြောင့် ကျနော်က မကပ်ခိုင်းတာပါ။ ဒါပေမဲ့ ကျနော်တို့က (၁၆) နဲ့ (၁၈) ပေါင်း (၁၉) ဆိုတာကို အားလုံးလည်း သိပါတယ်။ အဲ့တာလည်း သူတို့ လက်မှတ်ထိုးထားတာပါ။ အဲ့တာကို ကျနော်တို့က မကပ်ခိုင်းတာလေး တခုပဲ ရှိပါတယ်။ ဒါပါပဲ ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့ပါ။ အခု မဲစာရင်းတွေပေါ့နော်။ အရမ်းကို နာမည်ကြီးခဲ့တဲ့ မဲစာရင်းကိစ္စပေါ့။ သုံးခါလောက်ပြန်ပြင်လည်း မပါဘူးပေါ့။ Complaint တွေလည်း အများကြီး ကြားရတယ်လေ။ အဲ့တာလည်း မဲဆန္ဒရှင်တွေမှာလည်း တာဝန်ရှိပါတယ်။ ရပ်ကွက်ကျေးရွာမှာလည်း တာဝန်ရှိတယ်ပေါ့။ အဲ့တော့ ဒီလိုမျိုး နောက်တကြိမ် မဲစာရင်းလုပ်တဲ့အခါမှာ ဒီလိုမျိုး အမှားတွေ မဖြစ်ရအောင် အကူအညီပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်း၊ သူတို့တွေကရော နည်းပညာအနေနဲ့ ဘယ်လိုကောင်းအောင် လုပ်မလဲ ဆိုတဲ့ နည်းလမ်းတွေကိုရော အကြံပေးတာ ရှိပါလားရှင့်။

ဦးတင်အေး ။ ။ ကျနော်ရဲ့ ဥပဒေ မူဘောင်ပေါ့လေ ဥပဒေ မူဘောင်အရ ကြည့်မယ် ဆိုရင် လူထုတွေ မပူးပေါင်းလို့ ၊ ပါတီတွေ မပူးပေါင်းလို့ ၊ CSO တွေ မပူးပေါင်းပဲ မဖြစ်နိုင်ပါဘူး။ ကျနော် ပြောပါတယ်။ နောက်ဆုံးတော့ ဘီဘီစီနဲ့ အင်တာဗျူးမှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဝေဝေဝါးဝါးတော့ ပြောထားပါတယ်။ ကျနော့် အပြစ်တင်သယောင်ယောင်၊ သူတို့ပူးပေါင်းဆောင်ရွက်မှု အပေါ် ပြောသွားပါတယ်။ ကျနော် ဂဃဏန ပြောပါတယ်။ ကျနော့် ဒီစကားက တော်တော် အခြေအနေဆိုးပါတယ်။ မီဒီယာများကို အတော်လည်း ကြောက်လည်း ကြောက်သွားပါတယ် ။ ကျနော့်ကို ဘယ်လောက် အာမခံနိုင်လဲမေးတယ်။ ကျနော် နေပြည်တော်ကို ဥပမာ ပေးလိုက်ပါတယ်။ နေပြည်တော် မှာ ခြောက်သိန်းရှိတယ်။ နှစ်သိန်း လာကြည့်တယ်။ အဲ့ဒီ့အထဲမှာ ပုံစံ(၃) (၄) (၄/ဂ) နဲ့ပြင်တာ (၁၃)% ရှိတယ်။ အဲ့ဒီ့အတွက်ကြောင့် (၃၀)% မှန်ပြီး (၃၀)% အာမခံနိုင်တယ် ကျန်တဲ့ ၇၀% ကတော့ ခင်ဗျားတို့ ပူးပေါင်းဆောင်ရွက်မှသာ အမှန်ရနိုင်တယ်ဆိုပြီး ကျနော်တို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြောပါတယ်။ (၇၀)% မှန်အောင် ပူးပေါင်းဆောင်ရွက်ကြလို့ ပြောတယ်လို့ပြောပါတယ်။ ကျနော်တို့ သူတို့ကို တောင်းဆိုထားပါတယ်။ တောက်လျောက်ပါ။ အခုလည်း သူတို့ကို ကျနော်တို့ တောင်းဆိုပါတယ်။ ကျနော်ရေးထားတဲ့စာလေး အောက်မှာ ခင်ဗျားတို့ ကူးသွားလို့ရပါတယ်။ မဲစာရင်းမှန်ကန်အောင် ကော်မရှင်က ဘာတွေလုပ်ခဲ့သလဲ ဆိုတာ။ ထုတ်ပြန်ထားသော စာတွေ အကုန်ကပ်ထားပါတယ်။ သူတို့ကိုလည်း challenge လုပ်ထားပါတယ်။ ၈၀% မှားနေရင် ကျနော့်ကို ပေးပါ။ ပုံစံ(၃) ပေးပါ။ ပုံစံ(၄) ပေးပါ။ ပုံစံ(၄) ဃ ပေးပါလို့ ကျနော်ပြောပါတယ်။ ယနေ့အချိန်အထိ သူ အထောက်အထား မပြနိုင်ပါဘူး။ ဆိုတော့ ဒါ မှန်အောင် ဆိုရင်တော့ တစ်က ပူးပေါင်းဆောင်ရွက်မှ ရမယ်။

ဒါသင်္ခန်းစာ အများကြီး ယူဖို့ကောင်းတယ်နော်။ သူ့မဲဆန္ဒရှင်တွေ သူ့ကို မဲပေးမယ့်သူတွေ ပါအောင် လုပ်ပေးမှ သူ့ကို မဲပေးခွင့်ရှိမှာ။ သူတို့ သူတို့ တော်တော်သင်္ခန်းစာယူဖို့ကောင်းတယ်။ ကျနော့်ဆီ လာတဲ့အချိန်တုန်းကလည်း ပြောတယ်။ ခင်ဗျားတို့ မဲပေးမယ့်သူတွေကို မဲစာရင်းပါအောင် ခင်ဗျားတို့ လုပ်ကြ။ ဒါကို မှားတယ်။ မှားတယ်။ မှားတယ် ဆိုပြီး ကျနော့်ကို သိက္ခာကျအောင် လုပ်တယ်။ ကျနော်လည်း နှစ်ပြားကို မတန်တော့ဘူး။ ကျနော့်ကို မယုံကြည်လို့ မဲစာရင်း လာမကြည့်ဘူး မဲစာရင်း လာမကြည့်လို့ အမှန်ကို မပြင်ဘူးဆိုရင် အမှန်မပြင်တဲ့အခါကျတော့ အမှန်မရဘူး။ ဘယ်သူနစ်နာလဲ ဆိုတော့ ကျနော်ကတော့ အပြစ်တင်ခံရပါတယ်။ နစ်နာတာက သူတို့ မဲပေးမယ့်သူတွေ မဲပေးခွင့် ဆုံးရှုံးသွားတာပေါ့။ ဒါတွေဟာ သင်္ခန်းစာယူဖို့ကောင်းတဲ့အချိန်ပါ။

ဒါကြောင့်မို့လဲ ကျနော် ဟိုတနေ့က မပြောချင်ပဲနဲ့ ခုံမှာ ထိုင်နေရင်းနဲ့ ငါတော့ နိုင်ငံ တနိုင်ငံလုံးအတွက် လုပ်နေတာဆိုတော့ ဆင်းပြောမယ်လေဆိုပြီး ဆင်းပြော လိုက်တာပါ။ မပူးပေါင်း မဆောင်ရွက်လို့ကတော့ မရဘူး။ မရဘူး။ ကော်မရှင် လုပ်ပိုင်ခွင့်က ဘာလဲ။ အုပ်ချုပ်ရေးရုံးမှာ ရှိသော လူဦးရေ၊ သန်းခေါင်စာရင်း ၁၈နှစ်ပြည့်သူကို ကူးလိုက်ပါ။ ပြီးရင် ကပ်ထားလိုက်ပါ။ ဒါ ပုံစံ(၁) လို့ခေါ်တယ်။ ပုံစံ(၂) နဲ့ တွဲကပ်ထားတယ်။ ဒါလည်း ဟိုနေ့က ကျနော် ပြောပြီးသားပါ။ ၂က လာကြည့်ဖို့ တာဝန်ရှိတယ်။ မပါရင် (၃) နဲ့ဖြည့်ပါ။ မပါသင့်မပါထိုက်တာ ပါရင် (၄) နဲ့ပယ်ဖျက်ပါ။ မှားနေရင် (၄/ဂ) နဲ့ ဖျက်ပါ။ ဒါတွေကို ပါတီတွေ CSO တွေ ပူးပေါင်းဆောင်ရွက်ကြပါ။ ကျနော်ပြောတာ မပူးပေါင်းရင်တော့ မရနိုင်ဘူး။ ကျနော်က ဒါကို ထပ်ပြီးတော့ ဒီလို အမှန်ရပြီဆိုရင် အုပ်ချုပ်ရေးကို ကျနော် အားမကိုးချင်တော့ဘူး။ သူတို့က တခါတလေ မှားတာတွေရှိတယ်။ ကျနော့်ရဲ့ Main Server ထဲ ထည့်ပြီး ကျနော် Update လုပ်မယ်။ အဆင့်ဆင့် Update လုပ်မယ်။ အခုက အဆင့်အဆင့် (၁) ကနေ (၁၀၀) အထိ လုပ်ရတယ်ဆိုရင် နောက်ကျရင် အဲ့လို လုပ်စရာမလိုတော့ဘူး။ (၂၀)% လောက် (၂၅)% လောက် လုပ်ရင် အမှန်တရား ရသွားမယ်။ ဒီလိုဖြစ်အောင် ကျနော် လုပ်နေပါတယ်။ အဲ့တော့ တစ်ကတော့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ပူးပေါင်းဆောင်ရွက်ပြီး အမှန်နဲ့ မဲစာရင်း ရအောင် လုပ်ဖို့လိုပါတယ်။ ပြောပါ ခင်ဗျား မေးချင်တာ မေးပါ။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့။ ကျမသိသလောက် ပါတီတွေဘက်ကလည်း ဥပမာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုရင် အိမ်တွေအထိ လိုက်ပြီးတော့ မဲစာရင်း စစ်တာတွေ လုပ်တာ ရှိပါတယ်။ ဥပမာ ကျမဆိုရင် ကျမကိုယ်တိုင် မဲစာရင်းထဲ ပါနေတယ်။ ကျမဆိုရင် ဒီနိုင်ငံသားလည်း မဟုတ်တော့ပါဘူး။ လွန်ခဲ့တဲ့ အနှစ် (၂၀) လောက်ကတည်းက ထွက်သွားတာ။ ကျမနဲ့ ကျမရဲ့ ကလေးသုံးယောက်စလုံးက ၁၈နှစ်ပြည့်ပြီး သုံးယောက်စလုံးက ပါနေတယ်။ NLD က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်က လာပြီးတော့ ဒီအစ်မကြီးကတော့ ဒီနိုင်ငံသားမဟုတ်တော့ဘူး ကျနော်တို့သိထားပါတယ်။ ပယ်ဖျက်ပါဆိုတော့ အိမ်က မောင်လေးက ကျမနာမည်နဲ့ ပုံစံဖြည့်ပြီး ပယ်ဖျက်တာတွေရှိပါတယ်။ အဲ့တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြား နိုင်ငံရေးပါတီ CSO တွေလည်း အထိုက်အလျောက်တော့ ကြိုးစားကြတယ် ထင်ပါတယ်။ ပြည့်ပြည့်စုံစုံ မသွားနိုင်ခင်ရင်တောင်မှလေ။ အဲ့တော့ ကျမ ကိုယ်တွေ့လေးကို ပြောပြတာပါ။

ဦးတင်အေး ။ ။ ကောင်းပါတယ်။ အဲ့လိုဖျက်လိုက်ရင် ပြီးသွားပါတယ်။ နော် အဲ့လို ဖျက်လိုက်ရင် ပြီးသွားတယ်။ (၃) နဲ့ တောင်းလိုက်ရင် ပြီးသွားတယ်။ မလုပ်တဲ့သူတွေ လည်း အများကြီး ရှိတယ်။ (၃၀)% ကနေ (၈၀)% မှားတယ်ဆိုတာ ကျနော်တို့ စာရင်း ဆက်လက်လုပ်ပါတယ်။ အဖွဲ့ဝင်တွေ ဆင်းကြ အကုန်ဆင်းကြဆိုပြီးတော့ ပေးပါ (၃) ပေးမလား။ (၄) ပေးမလား။ (၄/ဂ) ပေးမလားဆိုတော့ ဘယ်နှစ်စောင် တက်လာလဲ သွားမေးကြည့်လိုက်ပါ။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့ပါ။ နောက်တခုက မဲမပေးခင်မှာ ရွေးကောက်ပွဲကော်မရှင်က သက်သေခံလက်မှတ်ဆိုပြီး မဲပေးရမှာ လွယ်ကူအောင် ထုတ်ပေးတာပေါ့နော်။ ဥက္ကဋ္ဌကြီး ပြောခဲ့တဲ့ဥစ္စာက ရေဘေးကြောင့် မှတ်ပုံတင်တွေ ဆုံးရှုံးသွားတယ်။ အိမ်ထောင်စုဇယားတွေ မရှိဘူးဆိုရင် ဒီလူတွေအတွက်ကို မဲပေးလို့ရအောင် သက်သေခံလက်မှတ်တွေ ထုတ်ပေးခဲ့တာပေါ့နော်။ အဲ့ဒီ့သက်သေခံလက်မှတ်ရဲ့ အစဉ်အလာပေါ့လေ။ ရှေ့လျောက်ပေါ့ သက်သေခံလက်မှတ်တွေက တကယ်ပဲ ထိရောက်မှု ရှိပါလားရှင့်။

ဦးတင်အေး ။ ။ ထိရောက်တာတော့ အမှန်ပဲနော် ။ ဒါပေမဲ့ အသုံးချခံရတာလည်း အမှန်ပဲ။ ကျနော် တိုင်ပင်ပါဦးမယ်။ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပါဦးမယ်။ ဒီလိုလုပ်ဖို့ အတုလုပ်ဖို့ဆိုတာ ကျနော် ပေးမထားပါဘူး။ ကျနော့်ကိုလည်း ဒီလို မဲကြိုလက်မှတ် ဆိုတာ ခင်ဗျားကြားဖူးမှာပါ။ ဒီလိုမဲကြိုလက်မှတ် ဆိုတာ ကျနော့်ကို ပေးပါမယ်လို့ ခွင့်မတောင်းထားပါဘူး။ အဲ့လို လုပ်လိုက်တဲ့အခါကျတော့ ဘာဖြစ်သွားလဲဆိုတော့ ကျနော်က ဒါကို ထင်လို့ ခင်ဗျား ကျနော့် ကြေညာချက်တွေ ပြန်လေ့လာရင် သိပါလိမ့်မယ်။ မဲစာရင်းတွေ ဖောင်းပွနေပြီ ဒါကြောင့် မဲစာရင်းတွေ မဲဆန္ဒရှင်တွေ သက်သေခံလက်မှတ် ထုတ်လို့ရှိရင် စိစစ်ထုတ်ပေးပါလို့ ကျနော်ပြောတယ်။ သို့သော်လည်းပဲ ကျနော်တို့ မဲဆန္ဒရှင် သက်သေခံလက်မှတ် ကြားထဲမှာ ခုနပြောတဲ့ လူတွေက ဖောင်းပွနေတာကိုး။ ဘယ်လောက် ဖောင်းပွနေလဲဆိုတာ သူတို့ပဲ သိတယ်။ သူတို့ အသေးစိတ် စစ်ထားတာကိုး။ အသေးစိတ်စစ်ထားတဲ့အခါကျတော့ ဘာဖြစ်လဲဆိုတော့ ခုနက ပြောတဲ့ ကျနော့်ဆီက ဟာကျတော့ မဲစာရင်းကို သက်သေခံလက်မှတ်နဲ့ ပေးသွားတယ်။ ကျန်တဲ့သူတွေကျတော့ မဲကြိုလက်မှတ်နဲ့ ပေးသွားတယ်။ မဲကြိုလက်မှတ်နဲ့ ပေးသွားတဲ့အခါလည်း ကျရော ဒုက္ခတွေ ရောက်တော့တာပဲ။ ဒီကိစ္စတွေ ပြောရင် ဒါတွေ ကျနော် အပြစ်တင်တဲ့ စကားတွေ မပြောချင်ပါဘူး။ ကျနော် အများကြီး သိပါတယ်။ ဒါတွေက ကျနော် မပြောသင့်သေးလို့ ကျနော် မပြောတာ။ ပြောရင်တော့ ဥက္ကဋ္ဌက ကျနော့်ကို တမျိုး အထင်လွဲစရာရှိတယ်။ ဒါပေမဲ့ ကျနော် တနေ့တော့ ဂဃဏနနဲ့ ပြောပါတယ်။ တော်တော်များများလည်း ကျနော် အနိုင်အရှုံးနဲ့ ပတ်သက်ပြီး လက်ခံကြဖို့ ပြောပါတယ်။ ဒါပေမဲ့ မတရားသဖြင့် ရှုံးတဲ့ ကိစ္စတော့ ကမ္ဘာသိအောင်တော့ ဖော်ထုတ်မယ်ဆိုပြီး ပြောတာ ရှိနေပါတယ်။