သုံးရလွယ်ကူစေသည့် Link များ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာအစီအစဉ်မှာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ တွေ့ဆုံခန်း ဒုတိယပိုင်းကို တင်ပြထားပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ကို ဗွီအိုအေမြန်မာပိုင်း ရန်ကုန်ရုံးခွဲ တာဝန်ခံ ဒေါ်ခင်စိုးဝင်းက နေပြည်တော်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မဲစာရင်းမှာ မပါတဲ့လူတွေ မဲလာပေးတဲ့ကိစ္စတွေလည်း သတင်းတွေ ထွက်ခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘာများကြားထားပါလဲရှင့်။

ဦးတင်အေး ။ ။ ကျနော် အရေးယူဖို့ ပြောထားပါတယ်။ သူက ဘာဖြစ်လို့လဲဆိုတော့ ဆိုကြပါစို့ မဲစာရင်းမှာ မပါဘူး။ ဒါက လှိုင်သာယာမှာ ဖြစ်ပါတယ်။ အတင်းအကြောက်အကန်နဲ့ လုပ်တယ်။ လုပ်တဲ့အခါကြတော့ မဲရုံမှူးကို ကြောက်ပြီးတော့ တခါတည်း ဒီမှာ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်လို့ ရေးပြီးတော့ (၅၄) ယောက် ထင်ပါတယ်။ အဲဒါတွေ တခါတည်း ပေးခိုင်းတယ်။ ကျနော်က ရှင်းရှင်းပဲ သူတို့လည်း သိပါတယ်။ သူတို့ဆိုတာ အကုန်သိပါတယ်။ မဲစာရင်းမှာပါမှ မဲပေးခွင့်ရတယ်။ မဲစာရင်းမှာပါမှ ရွေးချယ်တင်မြှောက်ခံခွင့်ရှိတယ်လို့ ကျနော် ပြောထားပြီးသာပါ။ သူတို့ လာမကြည့်လို့ (၃) သော်လည်းကောင်း၊ (၃-က) သော်လည်းကောင်း မတင်လို့ မဲစာရင်းမပါတာတော့ ပေးလို့မရပါဘူး။ ကျနော်လည်း လက်မခံပါဘူး။ ဘာကြောင့် လက်မခံလဲဆိုတော့ ဥပဒေကြောင့်ပါ။ ဥပဒေက တားထားလို့ပါ။ အဲဒီလိုသာ မလုပ်ဘူးဆိုရင် လုံးလည်ချာလည် လိုက်နေတော့မှာပါ။ ဒါက ကျနော် အမှုဖွင့်ခိုင်းထားပါတယ်။ ဒါက တစ်တချက်ပါ။ နှစ်တချက်က အခုနပြောထားသလိုပဲ ဒါကို တော်တော်လေး လိုက်ရမှာ။ ဒါပေမဲ့ ကျနော်က ရှည်ရှည်ဝေးဝေးတွေ မလုပ်ပါဘူး။ အခုနဟာလိုပဲ လုပ်ဖို့ ရှိပါတယ်။ အခုနပြောတဲ့ သက်သေခံလက်မှတ်နဲ့လာတယ်။ မဲကြိုလက်မှတ်နဲ့လာတယ်။ ဒါတွေက စဉ်းစားစရာတွေ ဖြစ်လာတာပေါ့။ ခင်များ ပြောသလို စဉ်းစားစရာတွေ ဖြစ်လာတယ်။ နောင်ကျရင်တော့ တိတိကျကျ ညွှန်းကြားပြီးတော့ ဒီလိုလုပ်လာရင် ထိုက်ထိုက်တန်တန် အရေးယူရမှာပေါ့။

ဒေါ်ခင်စိုးဝင်း ။ ။ ဒီရွေးကောက်ပွဲကြီးကိုတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ လွတ်လပ်ပါတယ်။ ဒါပေမဲ့ တရားမမျှတဘူး။ တရားမမျှတဘူးဆိုတာတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်မှာ အခြေခံပြီးတော့ လုပ်ထားတဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက်ကြောင့်မို့ အကြောပေးပြီးတော့ ပြိုင်ရတဲ့သဘော ဖြစ်နေတဲ့အတွက်ကြောင့်မို့ သူက တရားမမျှတဘူးလို့ ပြောတယ်။ ဒါပေမဲ့ လွတ်လပ်တယ်။ အားလုံးကလည်း လွတ်လပ်တယ်လို့ မှတ်ချက်ချပါတယ်။ အကုန်လုံးကလည်း လွတ်လွတ်လပ်လပ် မဲပေးခွင့်ရတယ်ဆိုပြီးတော့ မှတ်ချက်ချပါတယ်။ အခုန ဥက္ကဋ္ဌကြီး ပြောသွားတဲ့အထဲမှာ ရှုံးတဲ့လူတွေအနေနဲ့က မတရားသဖြင့် ရှုံးတယ်ဆိုတဲ့မျိုး ဘယ်လိုမျိုးများ ယူဆတာလဲ မသိဘူး။

ဦးတင်အေး ။ ။ ဒါက သူတို့ပြောတာပါ။ တချို့  အနိုင်ပေးဖို့ ပြောတာ မဟုတ်ပါဘူး။ သူတို့ တရားမဲ့ပြုကျင့်ခံရလို့၊ တံဆိပ်တုံးတွေ ထုပေးနေလို့။ ဆိုကြပါစို့ မဲရုံကိုယ်စားလှယ်က ထိုင်နေရပါတယ်။ မဲရုံကထပြီးတော့ တံဆိပ်တုံး ထုခိုင်းတာတို့။ သူတို့ အထောက်အထားတွေ ရှိပါတယ်။ ဒါကတော့ ကန့်ကွက်လွှာ ခင်များတို့ သိမှာပါ။ ကျနော်က သိပေမယ့် နည်းနည်းတောင် လွန်သွားတယ်။ မပြောသင့်တဲ့ကိစ္စတွေပါ။ ကျနော်ကတော့ ရှင်းရှင်းလေးပြောတယ်။ ငါ့ကို ဘာမှလာမပြောနဲ့ (၁) ရဲစခန်းကို အခု အမှုသွားဖွင့်လိုက်ပါ။ (၂) ကန့်ကွက်လွှာတင်ပါ။ ဒါပဲ ကျနော် ပြောလိုက်တယ်။

ဒေါ်ခင်စိုးဝင်း ။ ။ လားရှိုးတို့၊ တောင်ကြီးတို့မှာ ဖြစ်သွားတဲ့ ကိစ္စတွေ။ လားရှိုးကိစ္စကိုတော့ သတင်းစာ ရှင်းလင်းပွဲတော့ လုပ်ပြီးသွားပါပြီ။ အဲဒီမှာ သတင်းစာရှင်းလင်းပွဲလုပ်တဲ့နေရာမှာ သဘောရိုးနဲ့ မှားသွားတယ်ဆိုပြီးတော့ ပြောပါတယ်။ ဥပမာ ကြိုတင်မဲပုံးတွေက sealed လုပ်ထားရမှာပေါ့။ မိတ္တူဆိုင်မှာသွားပြီးတော့ လှပ်လိုက်တာပေါ့။ ဖွင့်လိုက်တာ မဟုတ်ဘူး။ လှပ်ပြီးတော့ မိတ္တူကူးဖို့ ဆွဲထုတ်လိုက်တယ်။ ဒါက သဘောရိုးနဲ့ ဖြစ်တယ်ဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ သဘောရိုးနဲ့ လုပ်မိတဲ့အတွက်ကြောင့်မို့ အရေးယူဖို့ အကြောင်းမရှိပါဘူးလို့ ပြောလိုက်ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ကော ဥက္ကဋ္ဌကြီး ဘာများ ပြောချင်ပါလဲရှင့်။

ဦးတင်အေး ။ ။ အဲဒါက ပြောတဲ့လူက မပြောတတ်တာပေါ့။ ဒီ မဲပုံးတွေက တကယ်တော့ မဲပုံးမဟုတ်တော့ဘူး။ Container ပဲ ဖြစ်တယ်။ မဲတွေက ရေခဲ့တယ်။ အားလုံး ပြီးသွားပြီ။ ဘယ်သူ ဘယ်လောက်ရသလဲဆိုတာကို ပုံစံ (၁၆) ကပ်ပြီးပြီ။ အဲဒီ ပစ္စည်းတွေကို လာပို့တာ။ လာပုံတဲ့အခါမှာ ကြားထဲမှာ မိတ္တူဆွဲချင်လို့ ကူးလိုက်တာ။ ဖွင့်ကူးလိုက်တာ။ အဲဒါကိုမြင်ပြီးတော့ သူတို့ မပြောတတ်လို့ပါ။ ကြိုတင်မဲဆိုတာ ဒီလို လုပ်လို့မရဘူး။ ကြိုတင်မဲပုံးဖွင့်တယ်ဆိုတာ ရပ်ကွက်ကျေးရွာအုပ်စု ကော်မတီရုံးမှာ ထားရတယ်။ မနက် (၆) နာရီမတိုင်ခင် အပ်ရတယ်။ ပုံစံ (၁၃) နဲ့ အပ်ရတယ်။ ဒါက မဲရုံမှာရှိတဲ့ ကြိုတင်မဲ။ မြို့ နယ်မှာရှိတဲ့ မဲ (၁ ၁ ၁ ၂) တစုံမဲ။ ရုံးထဲမှာ ထားရတယ်။ ထည့်ရတယ်။ (၄) နာရီထိုးရင် ဖောက်ရတယ်။ တခြားဖောက်စရာအကြောင်း မရှိဘူး။ မင်းတို့ ဘယ်လိုဖြစ်သလဲ မေးတဲ့အခါကြတော့ အားလုံးရေပြီးတဲ့အခါကြတော့ ည (၁၂) နာရီ (၁) နာရီမှာ ဒီဘက်မှာ ရေတဲ့အချိန်မှာ မဲပုံးတွေ တက်လာတယ်။ ခင်များတို့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ပါတယ်။ အဲဒီလို သယ်လာတဲ့အချိန်မှာ ဒါလေးတွေ မိတ္တူကူးချင်တဲ့အတွက်ကြောင့်မို့ မိတ္တူကူးဆိုင်ကိုသွားတာ။ အဲဒီဟာ မဲပုံးမဟုတ်တော့ဘူး။ Container ကြီး ပစ္စည်းတွေ ထည့်ထားတဲ့ ပုံကြီးကို ဖောက်လိုက်တာ။ ည (၁၂) နာရီ (၁) နာရီ ဖောက်လိုက်တာ ည (၁၂) နာရီ (၁) နာရီ ရောက်တာနဲ့ မဲပုံးမဟုတ်တော့ဘူး။ ရွေးကောက်ကော်မရှင်ကို (၆) နာရီမှာ အပ်ရမယ်။ (၆) နာရီနောက်ပိုင်းလာတဲ့ဟာက Disqualified အကုန်လုံး သိတယ်။ ဘယ်နှစ်ယောက်ဆိုတာ ပုံစံ (၁၃) ကပ်ထားတယ်။ ဒါကြီးကို ပြီးတဲ့အခါကြတော့ ပစ္စည်းတွေ ရွှေ့ လာတယ်။ ရွှေ့ လာတဲ့အခါကြတော့ ဒါလေးတွေကို ဘာကြောင့် မိတ္တူကူးချင်သလဲဆိုတာကို ကျနော်လည်း နားမလည်ဘူး။ မိတ္တူကူးဆိုင်မှာ သွားကူးလိုက်တာ Container ကြီးထဲ ထည့်ထားတဲ့ စာရွက်စာတမ်းတွေကို မိတ္တူကူးလိုက်တာ ည (၁၂) နာရီမှာ ကြိုတင်မဲ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ မဲပေးတာ (၆) နာရီမှာ ပြီးတယ်။ မြို့ နယ်မှာ ညနေ (၄) နာရီဆို ပြီးသွားတယ်။ ည (၁၂) နာရီကတော့ ရှိစရာ အကြောင်းမရှိဘူး။ ကျနော် နားလည်တာ၊ သူပြောတာ နားထောင်ပြီး ပြန်မေးကြည့်တဲ့အခါ ကျနော်တို့ မဲရုံအားလုံးပြီးတဲ့အခါ မြို့ နယ်ကို အပ်ရပါတယ်။ မအပ်လို့ မရဘူး။ အခုဆိုရင် ချိတ်ပိတ်ခိုင်းထားတယ်။ ဒါတွေကို ကန့်ကွက်စာ တင်လာရင် အကုန်ပြန်ဖောက်ရမယ်။ အဲဒါကြောင့် ပါတီတွေအားလုံး မင်းတို့ ထိုးချင်တဲ့လူ ချိတ်ထိုးထားပါ။ ပြီးရင် အခန်းတခန်းထဲမှာ ပိတ်ထားဖို့ ပြောထားပါတယ်။ ဒါတွေက နောက်ဖောက်ရမယ်။ အဲဒီလို သယ်လာတဲ့ပစ္စည်း။ မဲပုံးကို ပိုဆိုးတာက ဖောက်တယ်လို့ ပြောတယ်။ မဲပုံး ဖောက်စရာလဲ အကြောင်းမရှိပါဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ လူတွေကလဲ မြင်လိုက်တဲ့အခါကြတော့ သူတို့ စိတ်ထဲမှာ မဲပုံးလို့ ထင်သွားတာလဲ ဖြစ်ပါလိမ့်မယ်။

ဦးတင်အေး ။ ။ အဲဒါပါပဲ။ ကျနော်က ကျနော့်စိတ်ထဲမှာ ပြောရင်တော့ ဒီ wording က အတော်ခက်ပါတယ်။ သိလို့ပြောလဲ ကောင်းပါတယ်။ မသိရင်လဲ မသိသလို နေရင်တော့ ကောင်းတာပေါ့။ အဲဒါတွေက အတော်ဂွကျတာ။ ကျနော်ကတော့ တာဝန်ရှိသူတယောက်အနေနဲ့ ကျနော် ခေါင်းထဲမှာ ရှိပြီးသာပါ။ မနက် (၆) နာရီအပ်တာ မဲပုံး။ မင်းတို့ ဖောက်သလား။ (၆) နာရီ ဖောက်သလား။ (၆) နာရီထက် နောက်ကျတာ ရှိသလား။ ညနေ (၄) နာရီမှာ မြို့ နယ်မှာ ထားထားသလား။ များရင်လဲ (၆) ပုံးတောင် များပါတယ်လို့ သူတို့ ပြောတယ်။ အဲဒီ မြို့ နယ်ပုံးတွေကို မင်းတို့ ဖောက်တာရှိသလား။ မရှိပါဘူး။ မိတ္တူကူးဆိုင်သွားတာ ကျနော် မေးကြည့်တဲ့အခါ Container ပါ။ မဲပုံး မဟုတ်ပါဘူး။ ပစ္စည်းတွေအားလုံးက ပုံးထဲထည့်ထားပြီးတော့ အထဲကနေ မိတ္တူကူးလိုက်တာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ အခု အများပြည်သူလဲ မျှော်လင့်စောင့်ဆိုင်းနေကြတယ်ပေါ့။ အခု ရွေးကောက်ပွဲ ရလဒ်တွေလည်း ကြေညာပြီးသွားပြီ။ ကြေညာပြီးသွားတဲ့နေရာမှာ Majority အများစုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရတဲ့ အလားအလာ ရှိနေတာပေါ့။ အဲဒီတော့ အားလုံးစိတ်ထဲမှာ ၁၉၉၀ ရွေးကောက်ပွဲ အတွေ့အကြုံအရ အာဏာမှ လွှဲပြောင်းပေးပါ့မလားဆိုပြီး စိတ်ပူတာတွေလည်း ရှိပါတယ်။ အဲဒါတွေလဲ အကုန်လုံး သိပြီးသာပါ။ အဲဒီအချက်လေးနဲ့ ပတ်သက်လို့ကော ဘာများ ပြောပြချင်ပါလဲရှင့်။

ဦးတင်အေး ။ ။ ကျနော်တို့လည်း မကြာမကြာ ပြောနေတာ။ ကျနော်တို့လည်း ပြောပြီသာပဲ။ ရွေးကောက်ပွဲရလဒ်ကို အားလုံး လက်ခံရမယ်။ လက်မခံဘူးဆိုရင် အသက်နဲ့လဲ ကာကွယ်ပေးသွားမယ်လို့ ကျနော် ပြောတယ်။ ယနေ့ သမ္မတကြီးကလည်း လက်ခံမယ်လို့ ပြောတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း လက်ခံပါမယ် ပြောတယ်။ ဆိုတော့ ကျနော်တို့က ဘာများ ပိုပြောစရာရှိလဲ။ ကျနော် သူတို့ပါတီနဲ့တွေ့တုန်းကလည်း အစဉ်ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်တိုးတက်စေချင်လွန်လို့။ ကျနော်တို့တိုင်းပြည် သိပ်နောက်ကျနေပြီ။ ရွေးကောက်ပွဲပြီးရင် အနိုင်ရပါတီကို ရှုံးတဲ့ပါတီက ချီးကျူးဂုဏ်ပြုကြပါ။ ပြီးရင် နိုင်တဲ့ပါတီကလည်း သူတို့ သဘောထားကြေညာချက်ကို ထုတ်ပြီး တိုးတက်အောင် လုပ်သွားကြပါ။ ရှုံးတဲ့ပါတီကလည်း အရွဲ့ မတိုက်ပါနဲ့။ ပူးပေါင်းဆောင်ရွက်ပါ။ တည့်မတ်ပေးပါ။ ပြီးရင် သူတို့နဲ့ နိုင်ငံတော်ကို တိုးတက်အောင်လုပ်ပေးပါဆိုပြီးတော့ ကျနော်အနေနဲ့ ဘာမှပြောစရာမရှိတော့ဘူး။ ကျနော် လုပ်ပေးတာက ရွေးကောက်ပွဲ လုပ်ပေးတယ်။ လွတ်လွတ်လပ်လပ်၊ တရားမျှတ လုပ်ပေးတယ်။ လုပ်ပေးတာကို လက်ကိုလက်ခံရမယ်။ လက်မခံလို့ မရပါဘူး။ လက်မခံရင်တော့ လက်ခံအောင် ပြောရမှာပေါ့။ ကျနော် အရင်ကလဲ ပြောပြီးပါပြီ။ ဒီ question ကလဲ ကျနော်ကို ခဏခဏ လုပ်တာရှိမှာပါ။ ယနေ့လည်း တက်လာတဲ့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကောင်းတဲ့စကားတွေ ကြားနေရပါတယ်။ ကျနော့်အနေနဲ့ ဘာမှပြောစရာ မရှိတော့ပါဘူး။ ယခင်ကလဲ လက်ခံရမယ်လို့ ပြောပြီးသားပါ။ လက်ခံရမှာပေါ့။ လက်ခံအောင် ပြောရမှာပေါ့။

ဒေါ်ခင်စိုးဝင်း ။ ။ ရွေးကောက်ပွဲကြီး ပြီးသွားပြီတော့ လွှတ်တော်တွေ ကျင်းပပြီးစီးတဲ့အခါ ဒီ ရွေးကောက်ပွဲကော်မရှင်ရဲ့  အခန်းကဏ္ဍက ဘာများဆက်လုပ်ဖို့ ရှိပါလဲရှင့်။

ဦးတင်အေး ။ ။ ကျနော့်အတွက်ကတော့ ကော်မရှင်ကတော့ ရွေးကောက်ပွဲကို ဘာလုပ်ရမလဲ။ ကျနော်တို့ရဲ့  ရွေးကောက်ပွဲကော်မရှင်ကို ပြန်သုံးသပ်ရမှာပေါ့။ သုံးသပ်ပြီးတော့ ဘာတွေ အားသာလဲ။ အားသာတာကို ဘယ်လိုထိန်းမလဲ။ ဒီထက်ကောင်းအောင် အားသာအောင် ဘယ်လို လုပ်မလဲ။ စဉ်းစားရမှာပေါ့။ အားနည်းတယ်ဆိုရင်လဲ ဘာတွေ အားနည်းလဲ။ ဘယ်လို ပြင်မလဲ။ ဒါတွေ လုပ်ရမှာပေါ့။ အခုလဲ သင်ခန်းစာတွေ အများကြီး ရပါတယ်။ သင်ခန်းစာတွေ အများကြီး အများကြီးရတယ်။ ကျနော် တော်တော်ကို ကြိုတင်မျှော်တွေးပြီးတော့ အတော်လေး လုပ်ပါတယ်။ ဘာဖြစ်ရင် ဘာလုပ်မယ်။ ခင်များတို့ သိပါတယ်။ ကျနော်တို့ train လုပ်ထားတာ။ ဒီထဲမှာ ကျနော် မမျှော်လင့်တာတွေ အများကြီး အများကြီး ဖြစ်သွားပါတယ်။ အဲဒီတော့ ကျနော်တို့ဘက်ကတော့ ဘာလုပ်မလဲဆိုတော့ ကော်မရှင်လုပ်ငန်းက ရွေးကောက်ပွဲ လုပ်နိုင်ဖို့ပဲ။ ရွေးကောက်ပွဲပြီးရင်တော့ ပြီးပြီပေါ့။ ဒီပေါ်မှာ သုံးသပ်ပြီးတော့ နောင်ရွေးကောက်ပွဲတွေ ဘယ်လိုကောင်းအောင် လုပ်မလဲဆိုတာ စဉ်းစားဖို့ရှိတယ်။ Observers’ reports တွေ ဖတ်ဖို့လိုတယ်။ Observers တွေ ခေါ်တာက နံပတ် (၁) လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ကြောင်း သက်သေပြချင်လို့။ (၂) … နားထောင်ချင်တယ်။ ပြီးရင် နိုင်ငံအတွက် အကျိုးရှိမယ်ဆိုပြီး အသုံးချမယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဒီအလုပ်တွေပဲ လုပ်စရာ ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ နိုင်ငံတကာ အကဲခတ်အဖွဲ့တွေက ဘယ်လိုများ တုံ့ပြန်ပါလဲ ဥက္ကဋ္ဌကြီးနဲ့ တွေ့တဲ့အခါ။

ဦးတင်အေး ။ ။ သူတို့ကတော့ ချီးကျူးကြပါတယ်။ ချီးကျူးတဲ့အခါ ကျနော်ကို မချီးကျူးပါနဲ့ ကျနော့် ကော်မရှင်အဖွဲ့ဝင်တွေရယ်၊ စေတနာကော်မရှင်အဖွဲ့ဝင်တွေရယ်၊ မဲရုံဝန်ထမ်းတွေပဲ ချီးကျူးပါလို့ ပြောပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

XS
SM
MD
LG