ရီပတ်ဘလီကန်ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်ဖို့ သေချာနေတဲ့ Donald Trump က သူသာ သမ္မတဖြစ်လာမယ်ဆိုရင် IS အကြမ်းဖက်အဖွဲ့ကို တရားဝင် စစ်ကြေညာဖို့ ကွန်ဂရက်လွှတ်တော်ကို တင်ပြမယ် လို့ ပြော လိုက်ပါတယ်။ ပြင်သစ်နိုင်ငံ၊ Nice မြို့ မှာ တိုက်ခိုက်ခံရတဲ့ဖြစ်ရပ်ကို ရည်ညွန်းပြီး Trump က ပြောတာပါ။
အကြမ်းဖက်ဝါဒီတွေကို စစ်ကြေညာဖို့ သူပြင်ဆင်ထားမယ်လို့ ဆိုပေမဲ့ ဘယ်သူတွေ ဆိုတာတော့ တိတိကျကျ ထည့်ပြောမသွားပါ ဘူး။ ဒါ့အပြင် ကမ္ဘာစစ်ကြီး တခုအတွက် မြောက်အတ္တလန္တိတ်စာချုပ် NATO တပ်ဖွဲ့တွေကို သုံးဖို့လည်း ပြင်ဆင် ထားမယ်လို့ Fox သတင်းဌာနက သတင်းသမား Bill O’Reilly နဲ့ တယ်လီဖုန်းကတဆင့် မေးမြန်းခန်းတခုအတွင်း Trump က ပြောသွားပါ တယ်။
ဒါဟာ နေရာပေါင်းစုံကလာနေတဲ့ စစ်ပွဲဖြစ်ကြောင်း၊ ဝတ်စုံဝတ်မထားတဲ့ လူတွေနဲ့ရင်ဆိုင်နေရတဲ့ စစ်ပွဲဖြစ်ကြောင်း၊ အရင် တုန်းက ဝတ်စုံဝတ်ထားသူတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ကိုယ်နဲ့တိုက်နေတာ ဘယ်သူတွေဆိုတာ သိရတယ်လို့ Trump က ပြောပါတယ်။ Trump ရဲ့ အဲဒီပြောဆိုချက်နဲ့ပတ်သက်ပြီး နောက်ပိုင်းမှာ CNN သတင်းဌာနက Anderson Cooper က ဟီလာရီ ကလင်တန်ကို မေးပါတယ်။
အကြမ်းဖက်ဝါဒီတွေနဲ့ စစ်ဖြစ်နေတယ်ဆိုတာကို မစ္စစ်ကလင်တန်က သူ သဘောတူတယ် လို့ မစ္စစ်ကလင်တန်က ပြောပေမဲ့ IS အစွန်းရောက် အဖွဲ့နဲ့ မြေပြင်စစ်ပွဲ ဆင်နွှဲမယ့်အပေါ်တော့ သတိပေးစကားပြောပါတယ်။
ဒီအကြမ်းဖက်ဝါဒီ အုပ်စုတွေနဲ့ စစ်ဖြစ်နေတယ်ဆိုတာက ရှင်းတယ်လို့ သူထင်ကြောင်း၊ ဒါဟာ မတူကွဲပြားတဲ့ စစ်ပွဲဖြစ်တာကြောင့် ဘယ်လို တိုက်ပြီး အောင်ပွဲယူမယ်ဆိုတဲ့အပေါ် ပါးနပ်ဖို့လိုကြောင်း၊ ဒါကြောင့် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို ကြည့်ဖို့လိုမယ်လို့ သူထင်တဲ့အကြောင်း မစ္စစ်ကလင်တန်က ပြောပါတယ်။
Your browser doesn’t support HTML5