ရခိုင်ပြည်နယ်၊ မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ဟာ RSO အဖွဲ့နဲ့ ဆက်နွယ်ပြီး မောင်တောဒေသမှာ လှုပ်ရှားနေတဲ့ အကာလ် မူလ် မူဂျာဟစ်ဒင်-အဖွဲ့ရဲ့ လုပ်ဆောင်ချက်ဖြစ်တယ်ဆိုတာ စစ်ဆေးဖော်ထုတ်ရရှိကြောင်း သမ္မတရုံးက ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
အဲဒီအဖွဲ့ကို ဦးဆောင်သူဟာ ပါကစ္စတန်နိုင်ငံက တာလီဘန်တွေဆီမှာ သင်တန်း တက်ဖူးတဲ့ ကျောက်ပြင်ဆိပ် ရွာသား ဟာဗစ်တူဟာရ် ဖြစ်တဲ့ အကြောင်းနဲ့ ဆော်ဒီ အာရေးဘီးယား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့ အဲဒီ စွပ်စွဲခံရသူနဲ့ကြား အဆက်အစပ်တွေကိုလည်း ထုတ်ပြန်ကြေညာချက်မှာ အသေးစိတ်ရေး ထားပါတယ်။
ဒါဟာ မောင်တောမြို့က ရဲစခန်းတွေကို ဝင်တိုက်ခံရတဲ့ လုပ်ရပ်ဟာ RSO အဖွဲ့နဲ့ ဆက်စပ်နေတယ်ဆိုတာကို အစိုးရက ပထမဆုံး တရားဝင် ထုတ်ပြော တာလဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း ဟာဗစ်-တူဟာရ်ဦးဆောင်တဲ့ အဖွဲ့ဟာ အစွန်းရောက် အကြမ်းဖက်သမား ၄၀၀ နီးပါးနဲ့ မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်နိုင်ဖို့ ကြိုးပမ်းနေဆဲပဲလို့ ကြေညာချက်က ဆိုပါတယ်။
တချိန်ထဲမှာပဲ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ (ကာ/လုံ) အထူး အစည်းအဝေးကို ဒီကနေ့ညနေပိုင်းက သမ္မတအိမ်တော် ဧည့်ခန်းမ ဆောင်မှာ ကျင်းပခဲ့တယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။ အစိုးရသစ် တက်လာပြီးနောက်ပိုင်း ကာလုံနဲ့ဆိုင်တဲ့ အစည်းအဝေးကို ပထမဆုံးကျင်းပတာ ဖြစ်ပါတယ်။
ဒီအစည်းအဝေးမှာ ရခိုင် ပြည်နယ်အခြေအနေ၊ ကချင်နဲ့ရှမ်းဘက်က တိုက်ပွဲတွေ အခြေအနေ၊ NCA လက်မှတ်ရေးထိုးထားတဲ့ SSA အဖွဲ့ ရဲ့ဆောင်ရွက်ချက်တွေ၊ ၀ အထူးဒေသ ၁ နဲ့ အထူးဒေသ ၄ မိုင်းလားမှာ ဖြစ်ခဲ့တဲ့ အခြေအနေတွေ၊ ရဲတပ်ဖွဲ့ စွမ်းရည် မြှင့်တင်ရေး အစီအစဉ်တွေကို ၂ နာရီခွဲ နီးပါးကြာ ဆွေးနွေးခဲ့ပါတယ်။
ရခိုင်ပြည်နယ် မောင်တော-ရသေ့တောင် အကြမ်းဖက် တိုက်ခိုက်ခံရမှု နဲ့ပတ်သက်လို့ ပြင်းထန်စွာကန့်ကွက်ကြောင်း ရခိုင်ပြည်နယ် အကြံပေး ကော်မရှင် က ဒီကနေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပြီး၊ သေဆုံး ရဲတပ်ဖွဲ့ဝင်တွေအတွက် မိသားစုနဲ့အတူ ဝမ်းနည်းစာနာကြောင်း ပြောဆို လိုက်တာပါ။ ကြေညာချက် ထုတ်ပြန်ရတဲ့အကြောင်းနဲ့ပတ်သက်လို့ ရခိုင်အကြံပေးကော်မရှင် အဖွဲ့ဝင်လဲဖြစ် ငြိမ်းချမ်းမေတ္တာအဖွဲ့ဦးဆောင် သူလဲဖြစ်တဲ့ ဦးအေးလွင်က ဗွီအိုအေ မြန်မာပိုင်းကို ခုလိုပြောပါတယ်။
"ကျနော်တို့ ရခိုင်ပြည်နယ်မှာဖြစ်သွားတဲ့ ကိစ္စရပ်နဲ့ ပါတ်သက်ပြီးတော့ကာ ကျနော်တို့ အလွန်အမင်းစိတ်မကောင်းဖြစ်တဲ့အကြောင်း စိုးရိမ်တဲ့ အကြောင်း ပြီးတော့ အဲဒီမှာ ကျဆုံး သွားတဲ့ ရဲဘော်တွေအပေါ်မှာ ကျနော်တို့ စာနာတဲ့အကြောင်း သူတို့မိသားစုနဲ့အတူ ထပ်တူထပ်မျှ ကျနော်တို့ ခံစားရပါကြောင်း အဲဒါကို ဖော်ပြတာပါ။ အကြမ်းဖက်မှုမှန်သမျှကို ကျနော်တို့ကန့်ကွက်တယ် ဆိုတဲ့ သဘောပါခင်ဗျာ။ နောက် ဒုတိယအချက်အနေနဲ့ကတော့ ဒီအကြံပေးအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်ကြီး တိုးတက်ဖွံ့ဖြိုး တိုးတက် ငြိမ်းချမ်းသာယာပြီးတော့ အားလုံး တရားမျှမျှတတ နဲ့ အေးချမ်းတည်ငြိမ်ရေးအတွက် အကြံပေးဖို့အတွက် လုပ်ပိုင်ခွင့်ပေး ထားတဲ့ မူဘောင်အတွင်းကနေပြီးတော့ ဆက်ပြီးတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်သွားမယ်ဆိုတဲ့ အချက်ပါပဲခင်ဗျ။"
ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်လို့ မစ္စတာကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်က ဘာတွေဆက်လုပ်သွားဖို့ရှိတယ် ဆိုတဲ့ အကြောင်းကိုလဲ ဦးအေးလွင်က ရှင်းပြပါတယ်။
"အဲဒီ့တော့ ဒီလို အကြမ်းဖက်မှုများဟာ မကောင်းတဲ့ လက္ခဏာတွေပဲဖြစ်တယ်လေ။ အဲဒီတော့ ဒါကို လှုံ့ဆွမှုနဲ့ ဒါကို ဘယ်သူကဖန်တီးလဲ အဲဒီလိုလှုံ့ဆွဖန်တီးမှုတွေ မအောင်မြင်ရအောင် ကျနော်တို့က ဘယ်လိုအကြံတွေပေးရမလဲ ဒါတွေကို ကျနော်တို့ ဆန်းစစ်ပြီးတော့ ရှာဖွေပြီးတော့ အကြံကောင်းဉာဏ်ကောင်းတွေ ကျနော်တို့ပေးမှာပါ။ သူ့ဟာသူ အလိုအလျှောက်ပေါ်ပေါက်လာတဲ့ ကိစ္စတခုတော့ မဟုတ်ဘူးလေ။ လုပ်ကြံဖန်တီးမှုတခုရှိပါတယ်။ ဒါတွေကို ကျနော်တို့ ဘယ်လိုပြေပျောက်အောင် ထိန်းချုပ်လို့ရမလဲဆိုတဲ့ အကြံဉာဏ်တွေပေးဖို့ ကျနော်တို့ အချက်အလက်တွေရှာဖွေရပါလိမ့်မယ်"
တချိန်ထဲမှာပဲ အောက်တိုဘာ ၉ ရက်နေ့ ရခိုင်ပြည်နယ် တိုက်ခိုက်မှုပေါ် စိုးရိမ်မကင်း ဖြစ်မိကြောင်း ဆော်ဒီအာရေးဗီးယားနိုင်ငံ Jeddah မြို့အခြေစိုက် အစ္စလမ် ပူးပေါင်းဆောင်ရွက်ရေး OIC အဖွဲ့ကလည်း အောက်တိုဘာလ ၁၃ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
Your browser doesn’t support HTML5