အမေရိကန်အစိုးရသစ်လက်ထက် - အာရှဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ကြီးထွားနေချိန်မှာပဲ - အမေရိကန် နှစ်ပါတီ လွှတ်တော် အမတ် တွေကနေ - အာဆီယံဆိုင်ရာ အမေရိကန်လွှတ်တော်အမတ်များအဖွဲ့ Congressional Caucus on ASEAN ကို ဖွဲ့စည်းခဲ့ကြပါတယ်။ အမေရိကန် ပြည်ထောင်စု နဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အကြား ဆက်ဆံရေးကို တိုးချဲ့နိုင်ဖို့ ရည်ရွယ်ပြီး - ဒီအဖွဲ့ကို ဖွဲ့စည်းခဲ့တာလည်း ဖြစ်ပါတယ်။ သမ္မတ Trump အစိုးရရဲ့ အာဆီယံဆိုင်ရာ မူဝါဒနဲ့ပတ်သက်ပြီး အတိအကျ တစုံတရာ ပြောကြားတာမျိုး မရှိသေးပါဘူး။ အသေးစိတ်ကို တော့ မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။
အာဆီယံဆိုင်ရာ အမေရိကန်လွှတ်တော်အမတ်များအဖွဲ့ Congressional Caucus on ASEAN ကို ဖွဲ့စည်းခဲ့ကြောင်း အောက်လွှတ်တော်အမတ်တွေ ဖြစ်ကြတဲ့ Joaquin Castro နဲ့ Ann Wagner တို့က ဇန်နဝါရီလ ၂၆ ရက် ကြာသပတေးနေ့ မှာ ကြေညာချက် ထုတ်ပြန် ပြောဆို ခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ၁၀ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ အာဆီယံအသင်းဟာ ကမ္ဘာ့စီးပွားရေးနဲ့ ကမ္ဘာ့လုံခြုံရေး ကိစ္စရပ်တွေမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပြီး၊ အဲဒီဒေသမှာ ဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေကို သိနိုင်ဖို့နဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဆက်ဆံရေး အရေးပါမှုကို ထိန်းထားနိုင်ဖို့ လိုအပ်တယ်လို့ အာဆီယံဆိုင်ရာ အမေရိကန်လွှတ်တော်အမတ်များအဖွဲ့ကို ပူးတွဲ တည်ထောင်သူ - အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီဝင် လွှတ်တော်အမတ် Joaquin Castro က ကြေညာချက်မှာ ပြောဆိုထားပါတယ်။
အမေရိကန်သမ္မတဟောင်း ဘရက်ခ် အိုဘားမား လက်ထက်မှာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အထူး အာရုံစိုက် ဆက်ဆံခဲ့တဲ့ အရှိန်အဟုန်တွေ အပေါ် အခုအဖွဲ့အနေနဲ့ ဆက်လက် တည်ဆောက်သွားနိုင်ဖို့ မျှော်လင့်ကြောင်းလည်း သူက ပြောဆိုခဲ့ပါတယ်။ သမ္မတဟောင်း အိုဘားမားကတော့ အာရှဒေသနဲ့ ချိန်ခွင်လျှာညှိမယ့် မူဝါဒတစိတ်တပိုင်းအဖြစ် ဆယ်စုနှစ်နဲ့ချီပြီး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံကို ၂ ကြိမ်တိုင် သွားရောက်ခဲ့သလို သံတမန်ရေး၊ စီးပွားရေးအရ ပြန်လည် ဆက်ဆံခဲ့တာပါ။
အာဆီယံဆိုင်ရာ အမေရိကန်လွှတ်တော်အမတ်များ အဖွဲ့ရဲ့ ကြေညာချက်မှာတော့ စီးပွားရေးဦးဆောင်မှုနဲ့ နိုင်ငံရေးအရ ပွင့်လင်းမြင်သာမှုကအစ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေအထိ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အမေရိကန်တို့ရဲ့ စီးပွားရေးနဲ့ လုံခြုံရေး အကျိုးစီးပွားတွေလို လေးနက်တဲ့ ကိစ္စရပ်တွေကို အာရုံစိုက်သွားမှာ ဖြစ်တယ်လို့လည်း - အဖွဲ့ကို ပူးတွဲ တည်ထောင်သူ နောက်တဦးဖြစ်တဲ့ အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီအဖွဲ့ဝင် လွှတ်တော်အမတ် Ann Wagner က ပြောဆိုထားပါတယ်။
ကမ္ဘာမှာ စီးပွားရေးအင်အား အဆင့် ၇ နေရာမှာရှိပြီး၊ လုပ်သားအင်အား တတိယအများဆုံးဖြစ်တဲ့ အာဆီယံအသင်းဝင် နိုင်ငံတွေနဲ့ ဆွေးနွေးမှုတွေ တိုးမြှင့်သွားဖို့ လိုအပ်တယ်ဆိုတာကိုလည်း လွှတ်တော်က အသိအမှတ် ပြုရမှာ ဖြစ်တယ်လို့ Mrs. Wagner က ပြောဆိုထား ပါတယ်။
အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ တွဲဘက် မန်နေဂျာ ဦးလှဘုန်းမြင့်ကတော့ - ဒေသတွင်း အင်အားကြီး တရုတ်နဲ့ အိန္ဒိယကို ယှဉ်ပြိုင်ဖို့ အတွက် အာဆီယံနဲ့ ဆက်ဆံရေး လိုအပ်ပြီး - ရှိနေပြီးသား အာဆီယံနဲ့ ဆက်ဆံရေးနဲ့ကို ဆက်ထိန်းထားနိုင်ဖို့အတွက် အာဆီယံဆိုင်ရာ အမေရိကန် လွှတ်တော်အမတ်များအဖွဲ့ လိုအပ်တယ်လို့ ယူဆပါတယ်။
“ပေါ်လစီအသိုင်းအဝိုင်းမှာရော စီးပွားရေးအသိုင်းအဝိုင်းမှာရောပေါ့နော် သမ္မတ အိုဘားမား လက်ထက်တုန်းက အာရှ-ပစိဖိတ်ဆိုတဲ့ အစီအစဉ်ကနေ တဆင့် အရှေ့တောင်အာရှပေါ်ကို အမေရိကန်ဘက်က ဂရုတစိုက် များစွာ ပတ်သက်မှုရှိခဲ့တယ်။ စီးပွားရေးဘက်ကပဲကြည့်ကြည့်၊ နိုင်ငံရေးဘက်ကပဲ ကြည့်ကြည့်၊ စစ်ရေးအရပဲ ကြည့်ကြည့်၊ P to P လို့ခေါ်တဲ့ people to people diplomacy ရေးရာပဲကြည့်ကြည့် ရှိခဲ့တယ်။ ဒီဥစ္စာက သမ္မတ Trump ရဲ့ လက်ထက်မှာ ယုတ်လျော့သွားမယ်ဆိုတဲ့ သဘောထားပေါ့နော် ဝါရှင်တန်စီးပွားရေးအသိုင်းအဝိုင်းနဲ့ ပေါ်လစီ အသိုင်းအဝိုင်းကြားမှာ ထွက်နေတယ်။ အဲ့လို ထွက်တဲ့အခါမှာ အိမ်ဖြူတော်ဘက်က အရှေ့တောင်အာရှအပေါ်ကို ထားရှိတဲ့ အင်အားက နည်းသွားတဲ့အခါမှာ လွှတ်တော်ဘက်ကနေ လိုက်ဖို့ လိုအပ်တယ်ဆိုတဲ့ ဝါဒက နံပါတ် ၁။ နံပါတ် ၂ ကတော့ အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့အစည်းဆိုတာကို လုပ်ဖို့ကို တိုက်တွန်းနေခဲ့တာ ကြာပါပြီ။ ၁ နှစ်ကျော်ပြီဗျ။ လွှတ်တော်မှာ ကျနော်တို့ တွန်းနေတာ။ အခုမှ တရားဝင် အတည်ပြုတဲ့ သဘောထား ဖြစ်သွားတယ်ဆိုတော့ ကျနော်တို့အတွက် အောင်ပွဲတခုလို့ သတ်မှတ်လို့ရတယ်ပေါ့။”
မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ မလေးရှား၊ လာအို၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ ဘရုနိုင်း ၁၀ နိုင်ငံတို့နဲ့ ဖွဲ့စည်းထားတဲ့ အာဆီယံအသင်း ကြီးဟာ နှစ်စဉ် - အခြေခံပြည်တွင်းထုတ်ကုန်တန်ဖိုး ခန့်မှန်းချေ အမေရိကန်ဒေါ်လာ ၂.၄ ထွီလီယံလောက် ရှိတာလည်း ဖြစ်ပါတယ်။ အမေရိကန် သမ္မတ Donald Trump ကတော့ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးရေးကာလမှာ အရှေ့တောင်အာရှနဲ့ ပတ်သက်လို့ အလေးထား ပြောဆိုတာမျိုး မရှိခဲ့သလို၊ အမေရိကန် အကျိုးစီးပွားကိုသာ ဦးစားပေးပြီး ကုန်သွယ်ရေး သဘောတူညီချက်တွေကနေ ထွက်ဖို့ ရည်မှန်းထားတဲ့ အတွက် ဒေသတွင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးအပေါ် အများက အာရုံစိုက်နေကြတာလည်း ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး - ဦးလှဘုန်းမြင့် ကတော့ -
“အခု သမ္မတ Trump ရဲ့ ရုံးတက်စဉ် ၅ ရက်ပဲ ရှိသေးတဲ့အချိန်မှာ TPP (ပစိဖိတ်ရပ်ဝန်းနိုင်ငံများ ကုန်သွယ်ရေး သဘောတူညီချက်) ကနေ ထွက်တဲ့ကိစ္စဟာ အာဆီယံအတွက် စီးပွားရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အများကြီး နစ်နာမှုရှိပါတယ်။ ဒါပေမဲ့ အဲဒါကလွဲရင်တော့ သူ့ရဲ့ အပြောအဆို မိန့်ခွန်းတွေကိုပဲ ကြည့်ပြီးတော့ အာဆီယံပဲဖြစ်ဖြစ်၊ အာရှ-ပစိဖိတ်တလျှောက်လုံးပဲဖြစ်ဖြစ် သူတို့အပေါ်ကို Trump ရဲ့ သဘောထားက အိုဘားမားနဲ့ ၁၈၀ ဒီဂရီ လုံး၀ လွဲသွားမယ်လို့တော့ ကျနော်တို့ တသမတ်တည်း သုံးသပ်လို့ မရပါဘူးခင်ဗျ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ဆုံးဖြတ်ချက် တေ်ာတော်များများက သူ ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီးပဲ ဖြစ်ဖြစ်၊ စီးပွားရေးအကြံပေးကောင်စီလို့ခေါ်တဲ့ အကြံပေး အဖွဲ့အစည်းပဲဖြစ်ဖြစ် ပေါ့နော် အဲဒါတွေရဲ့ ဆုံးဖြတ်ချက်၊ အဲဒါတွေရဲ့ အကြံပေးမှု အများကြီး ပါဝင် ပတ်သက်လာမှာ ဖြစ်ပါတယ်။”
ဒါပေမဲ့လည်း အကဲခတ်တချို့ကတော့ အရှေ့တောင်အာရှဒေသဟာ ပထဝီ နိုင်ငံရေးအရ အရေးပါသလို၊ အထူးသဖြင့် ကမ္ဘာမှာ အမေရိကန်ပြီးရင် စီးပွားရေး အင်အားအကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ သြဇာအရှိန်အဝါကို ထိန်းနိုင်ဖို့ အဓိကကျတယ်လို့လည်း ထောက်ပြနေကြတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5