တိုင်းရင်းသားဒေသတွေက စစ်ပွဲတွေ ရပ်တန့်စေရေးနဲ့ ကချင်ပြည်နယ် စစ်ပွဲကြောင့် ပိတ်မိနေတဲ့ စစ်ရှောင်ဒုက္ခသည်တွေ ကယ်ထုတ်နိုင်ရေး အတွက်၊ ဒီကနေ့ ရန်ကုန်မြို့ တာမွေ ခုံးတံတားအောက် စုရပ်ထားပြီး ဆူးလေး-မြို့တော်ခန်းမရှေ့ထိ ချီတက်မယ့် ငြိမ်ချမ်းရေးလမ်းလျှောက် ဆန္ဒပြပွဲကို ရာချီတဲ့ ရဲအင်အားတွေနဲ့ ပိတ်ဆို့တားဆီးခဲ့ပြီး၊ နောက်ပိုင်း လူစုခွဲချိန်မှာ ရဲနဲ့ အရပ်ဝတ်လုံခြုံရေးတွေက ဝင်ရောက်ဖမ်းဆီးရာမှာ အနည်းဆုံး ဆန္ဒပြသူ(၉)ဦး အဖမ်းခံလိုက်ရပါတယ်။ ရန်ကင်းရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သတင်းတွေထွက်နေပေမယ့် အဖမ်းဆီးခံရ သူတွေနဲ့ အခုချိန်ထိ တွေ့ခွင့် မရသေးကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။ နောက်ဆုံး အခြေအနေကို စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။
ဟုတ်ကဲ့တယ်။ ငြိမ်ချမ်းရေး လူထုလှုပ်ရှားမှု လူထုချီတက်ဆန္ဒပြပွဲဆိုတဲ့ခေါင်းစဉ်နဲ့ မေလ(၁၂)ရက် ဒီကနေ့ညနေပိုင်း (၅)နာရီလောက်က ဆန္ဒပြသူတွေဟာ တာမွေခုံးတံတားအောက်မှာ စတင်စုဝေးခဲ့ကြတာပါ။ ဒီလို ချီတက်ဆန္ဒပြပွဲကို လူထုကရော သတင်းမီဒီယာတွေကပါ စိတ်ဝင်တစားနဲ့ လာရောက်စောင့်ကြည့် ကြသလို၊ ဆန္ဒပြသူတွေရဲ့ လေးဘက်လေးတန်မှာ ရာချီတဲ့ ရဲအင်အားတွေ ပိတ်ဆို့ထားခဲ့ပါတယ်။ အဲဒီနောက်မှာ ဆန္ဒပြမယ့်သူတွေ ရန်ကုန်မြို့ထဲ ချီတက်ခွင့်မရတော့ပဲ နေရာမှာတင်ထိုင်ပြီး ကြွေးကြော်သံတွေနဲ့ တောင်းဆိုခဲ့ကြပါတယ်။
ညနေ ၆ နာရီခွဲကျော်မှာ ဆန္ဒပြပွဲကို အဆုံးသတ်လိုက်ပြီးနောက် လူစုခွဲပြီး အိမ်ပြန်ချိန်မှာ ရဲနဲ့ အရပ်ဝတ်လုံခြုံရေးတွေက ဝင်ရောက်ဖမ်းဆီး ခဲ့တယ်လို့ ချီတက်ဆန္ဒပြပွဲ ဦးဆောင်သူတဦးဖြစ်တဲ့ မအိအိမိုးက VOA ကိုပြောပါတယ်။
" တာမွေ Ocean အရှေ့မှာ ထိုင်ပြီးတော့ ကျမတို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြတယ်၊ ကျမတို့လိုချင်တဲ့တောင်းဆိုချက်တွေကို ကျမတို့ ကြွေးကြော်တယ်၊ ထိုင်နေတယ်။ အစက ကျမတို့ကို ချီတက်လမ်းလျှောက်ဖို့ကို သူတို့က လူအင်အားသုံးပြီးတော့မှ ပိတ်ထားတယ်ပေါ့နော်။ သွားခွင့်မပြုဘူး။ အဲဒီနေရာမှာပဲ အေးအေးချမ်းချမ်းလူစုခွဲဖို့ ကျမတို့ကိုပြောတယ်။ ကျမတို့က အဲဒီနေရာမှာတင် ပွဲကို အဆုံးသတ်လိုက်တယ်။ ဒီနေရာမှာ ကျမတို့လူစုခွဲပါတယ်ဆိုတာပြောပြီးတော့ ကျမတို့ပွဲကို သိမ်းပြီးတော့မှ အိမ်ကိုပြန်တယ်။ အေးအေးချမ်းချမ်းလူစုခွဲတယ်။ လူတွေကို သူတို့က ဝင်ပြီးတော့ အကြမ်းဖက်တာရှင့်။ ကျမတို့ထဲပါလာတဲ့ လူငယ်တွေတချို့ကို အတင်းအဓမ္မ ဆွဲခေါ်ပြီးတော့မှ ဖမ်းဆီးသွားတယ်။ ယူနီဖောင်းဝတ်ထားတဲ့ ရဲတွေအပြင် အရပ်ဝတ်နဲ့ ဘယ်ကမှန်းမသိတဲ့လူတွေကပါ ဝင်ပြီးတော့မှ ဝင်ရောက်ပြီး အကြမ်းဖက် ဖမ်းဆီးတယ်ပေါ့။ လက်ရှိ ကျမတို့ သိရတဲ့ စာရင်းအရဆိုရင် စုစုပေါင်း ၉ ယောက်စာရင်းရတယ်။ ရန်ကင်းစခန်းကို ခေါ်သွားတယ်သိရလို့ ကျမတို့ ရန်ကင်းရဲစခန်းကိုသွားတယ်။ သွားတဲ့အခါကျတော့ မရှိဘူးလို့ ကျမတို့ကိုပြောတယ်။ လောလောဆယ် သူတို့နဲ့ အဆက်အသွယ်မရသေးဘူးရှင့်။ "
မေး။ ။ အခု အဖမ်းခံလိုက်ရတဲ့ လူတွေနဲ့ပတ်သက်ပြီးတော့ သူတို့ပြန်လည်လွတ်မြောက်ရေးအတွက် ဘာတွေ လုပ်ဆောင်မှာပါလဲ။
ဖြေ(မအိအိမိုး)။ ။ အခုဖမ်းခံရတဲ့ လူ ၉ ဦးတင်မဟုတ်ဘူးရှင့်။ ကျမတို့ မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးလှုပ်ရှားတဲ့ လူငယ်တွေ၊ တက်ကြွလှုပ်ရှားတဲ့ လူတွေကို ဖမ်းဆီးထားတာဆိုတော့၊ တခြား တိုင်းနဲ့ပြည်နယ်တွေမှာလည်း အဖမ်းခံရတာ၊ တရားစွဲခံရတာတွေရှိတယ်။ မန္တလေးမှာဆိုလည်း ရှိတယ်၊ ကချင်မှာဆိုရင်လည်း ရှိတယ်။ ပြောရရင်တော့ ကျမတို့တွေ ဒီငြိမ်းချမ်းရေးအတွက်ကို တမင်သက်သက် ကျမတို့ ဆန္ဒ ထုတ်ဖော်တာသာဖြစ်တယ်။ အဲဒီအပေါ်မှာ ကျမတို့ကို လူ့အခွင့်အရေးကို ချိုးဖောက်ထားတဲ့ ဥပဒေတွေနဲ့ ကျမတို့ကို အရေးယူတယ်၊ ဖမ်းဆီးပိတ်ဆို့တဲ့ အပေါ်မှာ အဲဒီလူတွေ အားလုံးအတွက် နိုင်ငံသား အခွင့်အရေး အားလုံးရဖို့အတွက် ပူးပေါင်းလုပ်ဆောင်ဖို့ အစီအစဉ်တွေရှိတယ်။ "
မေး။ ။ လာမယ့်ရှေ့ရက်တွေမှာရော ငြိမ်းချမ်းရေး ချီတက်ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ ဘယ်လိုအစီအစဉ်တွေ ရှိပါသလဲ။
(မအိအိမိုး)။ ။ ကျမတို့ ဆက်လက်လုပ်ဆောင်ဖို့တော့ ရှိတယ်။ ဒါပေမယ့် ကျမတို့တွေ ဘယ်လိုပုံစံနဲ့ လုပ်ဆောင်မလဲ ဆိုတာကို ကျမတို့ ဒီငြိမ်းချမ်းရေးလိုလားတဲ့ ဒီလူငယ်တွေကနေ ပြန်တိုင်ပင်ပြီးတော့ ကျမတို့ အစီအစဉ်ဆွဲပြီး လုပ်ဆောင်မှာဖြစ်ပါတယ်။
ဒီကနေ့ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ငြိမ်ချမ်းရေး ချီတက်လမ်းလျှောက် ဆန္ဒပြပွဲကို တာမွေမြို့နယ် ခုံးတံတားအောက်ကနေ ဆူးလေဘုရား၊ မြို့တော်ခန်းမရှေ့အထိ ချီတက်ကြဖို့ ရည်ရွယ်ထားပြီး၊ ငြိမ်းစုစည်ဥပဒေအရ ရဲစခန်းမှာ ခွင့်ပြုမိန့် တောင်းထားခဲ့တာပါ။ ဒါပေမဲ့ ခွင့်ပြုမိန့် တောင်းပြီး နောက်တနေ့မှာပဲ လမ်းကြောင်းပိတ်ဆို့မှု၊ လူထု အထိန့်တလန့် ဖြစ်နိုင်တာတွေကြောင့် ချီတက်ပွဲ မလုပ်ဖို့ တာဝန်ရှိရဲအရာရှိက တားမြစ်စာ ပြန်ပို့ခဲ့ပါတယ်။ အခုဖမ်းဆီးခံရသူ (၉)ဦးထဲမှာ ဆန္ဒပြသူတွေအပြင် သတင်းထောက်တချို့လည်းပါဝင်ပြီး ကိုဇေယျာလွင်၊ မခင်စန္ဒာ၊ ကိုတင်ထွဋ်ပိုင်၊ ကိုမြတ်ကျော်၊ ကိုအုပ်စိုးပိုင်၊ ကိုဖိုးစိုး၊ ကိုရဲထွန်းလွင်၊ မထာထားနွယ်နဲ့ ကိုပြည့်ဖြိုးနိုင်တို့ ဖြစ်ပါတယ်။