ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ကယားအစိုးရ သတင်းစာရှင်းလင်း

ဗိုလ်ချုပ်ကြေးရုပ် (ပြည်မြို့နယ်)

ဒေသခံတွေရဲ့ ကန့်ကွက်မှုကြောင့် ပြဿနာဖြစ်နေတဲ့ ကယားပြည်နယ်က ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်ရေးလုပ်ငန်းကို ပြည်နယ်အစိုးရက တာဝန်မယူတော့ပဲ အရပ်ဖက်အဖွဲ့တွေကို လွဲှပြောင်းပြီး ဆက်လက်ဆောင်ရွက်မယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်ဆောက်လုပ်ရေး ကန့်ကွက်မှုတွေကြောင့်၊ ဆူပူမှုတွေဖြစ်လာရင် တပ်မတော်ကို အမိန့်ပေးကိုင်တွယ်ခိုင်းမယ်လို့ ကယားဝန်ကြီးချုပ် ပြောဆိုချက်အပေါ်မှာတော့ ဒါဟာ ဥပဒေစိုးမိုးရေးအတွက် လိုအပ်လာရင် လုပ်ဆောင်ဖို့သာဖြစ်တယ်လို့ NLD တာဝန်ရှိသူတွေက ကာကွယ်ပြောဆိုခဲ့ပါတယ်။ ကယားဝန်ကြီးချုပ်ရဲ့ ဒီပြောဆိုချက်ဟာ ဝေဖန်ကန့်ကွက်မှုတွေနဲ့ အတော်လေး ဂယက်ထခဲ့တာပါ။ ကယားပြည်နယ်က ဗိုလ်ချုပ်ကြေးရုပ်ဆောက်လုပ်ရေး နောက်ဆုံးဖြစ်ထွန်းမှုတွေကိုတော့ ဗွီအိုအေ သတင်းထောက် ကိုနိုင်ကွမ်းက စုံစမ်းမေးမြန်းထားပါတယ် ။

ကယားပြည်နယ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိမှုကိစ္စနဲ့ပက်သက်သက်ပြီး ကယားပြည်နယ်အစိုးရ ကနေ ဒီကနေ့သတင်းစာရှင်းလင်းပွဲကျင်းပခဲ့တာပါ။

ဒီရှင်းလင်းပွဲမှာ ကယားပြည်နယ်ဝန်ကြီးချုပ်ကနေ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိမှုကိစ္စမှာ အစိုးရအဖွဲ့က တာဝန်မယူတော့ဘဲ အရပ်ဖက်အဖွဲ့တွေကိုတာဝန်ပေးထားတယ်လို့ ပြောဆိုခဲ့ကြောင်း သတင်းရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ ကယန်းမျိုးဆက်သစ်လူငယ် KNGY ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံခွန်းတူးတူးလေး က ပြောပါတယ်။

"အစိုးရပေါ့နော်။ အရင်တုန်းကတော့သူတို့ဗိုလ်ချုပ်ကြေးရုပ်ထားရှိဖို့ ဦးဆောင်ကော်မီတီအနေနဲ့လုပ်ပြီးတော့ မှ ပါတယ်။ ဒီနောက်ပိုင်းကျတော့ ဒီအရပ်ဖက်တွေကို ပြန်လွှဲပြီးတော့မှ ဆက်လက်ပြန်လည်အကောင်အထည် ဖေါ်ဖို့ ပြောသွားတာမျိုးတော့ရှိပါတယ်။ သူတို့လက်ဝေခံပြောရမှာပေါ့နော်။ ပြန်ပြီးတာဝန်လွှဲတဲ့ အရပ်ဖက် အဖွဲ့အစည်း ဆိုတာလဲ အရပ်ဖက်အဖွဲ့အစည်းအဆင့်မဟုတ်ဘဲနဲ့ ပရဟိတအဖွဲ့တွေအဆင့်လောက်ဘဲ ရှိပါတယ်။ သူတို့ခေါ်ပြီး တော့မှ တာဝန်လွှဲပေးတဲ့သဘောမျိုးဖြစ်ပါတယ်။"

ပြီးခဲ့တဲ့ဇူလိုင်လ(၁၆)ရက်နေ့တုန်းက လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ ကရင်နီလူငယ်အဖွဲ့အစည်း တွေနဲ့ ကယားပြည်နယ်အစိုးရအဖွဲ့တို့ တွေ့ဆုံမှုမှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိမှုကိစ္စနဲ့ပက်သက် ပြီးကန့်ကွက်မှုနဲ့ ဆူဆူ ပူပူဖြစ်လာရင် တပ်မတော်ကိုအမိန့်ပေး ကိုင်တွယ်ခိုင်းမယ်လို့ ဝန်ကြီးချုပ်က ပြောဆိုခဲ့တာ ကြောင့် ဒေသခံ ဆန္ဒပြသူတွေရော အခြား တတ်ကြွလှုပ်ရှားသူတွေပါ အတော်လေး ဒေါသထွက်ခဲ့ကြပါတယ်။

ဒီပြောဆိုမှုနဲ့ပက်သက်ပြီးသတင်းမီဒီယာတွေရဲ့မေးမြန်းမှုကို ဝန်ကြီးချုပ်အပါအဝင် အစည်းအဝေး အတွင်းပါဝင်ခဲ့ တဲ့ နယ်လုံဝန်ကြီးနဲ့ တခြားဝန်ကြီးတွေကလဲ ဝန်ခံဖြေဆိုခြင်းမရှိသလို မဟုတ်မှန်ကြောင်း ငြင်းဆို ခြင်းလဲမရှိခဲ့ ပါဘူး။

လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ကယန်းပြည်သစ်ပါတီ (KNLP) ဗဟိုဆက်ဆံရေးရုံးတာဝန်ခံကတော့ ၁၆ရက်နေ့ က တွေ့ဆုံမှုအတွင်း ကယားပြည်နယ်ဝန်ကြီးချုပ်ရဲ့ပြောဆိုချက်ကို အခုလိုပြောပါတယ်။

"တကယ်လို့ဆန္ဒပြတဲ့နေရာမှာလဲ ဒီပြည်နယ်ကို ငြိမ်းချမ်းရေးကိုထိခိုက်နိုင်တဲ့အနေအထား မျိုးဖြစ်လာခဲ့သည် ရှိသော် ဝန်ကြီးချုပ်အနေနဲ့ စစ်တပ်တပ်ကိုပြန်လည်ပြီးတော့ အမိန့်ပေးဖို့ဝန်မလေးဘူးဆိုတဲ့ပုံစံ သူပြော သွားတာပေါ့ဗျာ။"

ဝန်ကြီးချုပ်ကနေ ရုပ်ထုတည်ဆောက်ရေးကန့်ကွက်မှုကို တပ်အင်အားနဲ့ကိုင်တွယ်ဖို့အမိန့်ပေးမယ်ဆိုတဲ့ ခြိမ်း ခြောက်မှုတွေကို ကန့်ကွက်သလို ပြည်သူတွေကိုဝန်ချတောင်းပန်ဖို့နဲ့ရာထူးကနေနှုတ်ထွက်ဖို့ ကယားပြည်နယ် ကျောင်းသားများသမဂ္ဂ ဇူလိုင်(၂၁)ရက်နေ့မှာကြေညာချက်ထုတ်ပြန်ထားပါတယ်။

ကယားပြည်နယ် ကျောင်းသားများသမဂ္ဂထုတ်ပြန်ချက်အပေါ် ပြည်နယ်ဝန်ကြီးချုပ်အယ်ဖေါင်ရှိုက ငြင်းဆန် ခဲ့သလို ဥပဒေနဲ့အညီလုပ်ဆောင်တာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။

"ဘယ်လိုမှခြိမ်းခြောက်ခဲ့တာမရှိပါဘူး။ ကျွန်တော်တို့အရပ်သားအစိုးရဖြစ်တယ် ပြည်သူတွေကို အဖွဲ့အစည်း တွေကို ခြိမ်းခြောက်တယ်လို့ပြောဆိုရေးသားတာ ကျွန်တော်တို့အနေနဲ့လုပ်ဆောင်မှာမဟုတ်ဘူး။ ဒီလက်ရှိ လုပ်ငန်း တာဝန်ဝတ္တရားတွေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီဘဲ ကျွန်တော်အနေနဲ့ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ "

ကယားပြည်နယ်ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDပြောရေးဆိုခွင့်ရှိသူ ဒေါက် တာမျိုးညွန့်က အခုလိုအမြင်သုံးသပ်ချက်ပေးပါတယ်။

"အခုဗိုလ်ချုပ်ကြေးရုပ်ထားရှိရေးကို ကန့်ကွက်ဆန္ဒပြတဲ့သူတွေဟာ ဆန္ဒပြတာထက်ပိုပြီးတော့ ဆူပူဖျက်စီး တဲ့အဆင့်ရောက်လာမယ်ဆိုရင် သူက ဒီတပ်ကိုအမိန့်ပေးသွားမယ်လို့သူပြောသွားတယ်လေ။ ကျွန်တော်သဘော ပေါက်ပါတယ်။ အဲဒီမှာအကြောင်းပြချက်ကတော့ တရားဥပဒေစိုးမိုးရေးအတွက်လိုအပ်လာရင် ဆိုတ့အကြောင်းပြ ချက်ရှိပါတယ်ခင်ဗျ။ တရားဥပဒေစိုးမိုးရေးအတွက်ထိခိုက်လာအောင်ဖြစ်လာရင်တော့ ဒါဥပဒေအရဆောင်ရွက်ရ တတ်ပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ကဖြစ်နိုင်ရင် အဲဒီအဆင့်အထိမရောက်အောင် ညှိနှိုင်းဆွေးနွေးစေချင်ပါတယ်။"

ဗိုလ်ချုပ်ကြေးရုပ်ထားရှိရေးကန့်ကွက်ဆန္ဒပြသူတွေအပေါ် တရားဥပဒေအတိုင်းအရေးယူမှုသွားမယ် လို့ ကယား ပြည်နယ် ဝန်ကြီးချုပ်က ပြောဆိုခဲ့ကြောင်း ကယန်းမျိုးဆက်သစ်လူငယ်KNGY ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန် ခံ ခွန်းတူးတူးလေးက ပြောပါတယ်။

တရားစွဲဆို ထိန်းသိမ်းထားတဲ့အပေါ်မှာ ဖြေလျော့တာတွေတော့ လုပ်ဖို့မရှိတဲ့သဘောထားမျိုးသူပြောသွားတယ်။ ဟိုစည်းမျဉ်းစည်းကမ်းအတိုင်းပေါ့နော် ဥပဒေပတိုင်းဘဲဆက်လက်ဆောင်ရွက်သွားမယ်လို့ ဒီနေ့ဝန်ကြီးချုပ်က တော့အဲဒီအတိုင်းပြောသွားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုစိုက်ထူသွားမဲ့အပေါ် ကရင်နီအဖွဲ့အစည်းတွေကနေ ဇူလိုင်လ(၃)ရက်နေ့က ကန့်ကွက်ဆန္ဒဖေါ်ထုတ်မှုဖြစ်ပွါးခဲ့သလို ကြေးရုပ်စိုက်တာကို ကန့်ကွက်နေတဲ့ လူငယ်အဖွဲ့ တွေထဲက ခေါင်း ဆောင်(၄)ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲဆိုချုပ်နှောင်ခံ ထားရပြီး (၁၀)ဦးကျော် တရားစွဲဆိုခံထားရပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်ဆောက်လုပ်ရေးကို ဒေသခံတွေက ကန့်ကွက်ခဲ့ကြပေမယ့် လို့၊ ပြည်နယ်အစိုးရကတော့ ဒါကို လက်လျော့လိုက်တဲ့သဘော မမြင်ရပါဘူး။ ပြည်နယ်အစိုးရက တာဝန်ယူ ဆောက်လုပ်မှုအစား၊ သူတို့ကို ထောက်ခံလိုလားတဲ့ အရပ်ဖက်အဖွဲ့တွေနဲ့ ဆက်ပြီးလုပ်ဆောင်သွားမယ့် အခြေအ နေဖြစ်တယ်လို့ ဒေသခံကန့်ကွက်သူတွေဖက်က ယူဆနေပါတယ်။

၂၀၁၅ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ အနိုင်ရအစိုးရဖွဲ့လာနိုင်ပြီးနောက်ပိုင်းမှာ တိုင်းနဲ့ ပြည်နယ်အလိုက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုထားရှိမှုတွေဟာ ပိုမိုများပြားလာသလို တိုင်းရင်းသား ပြည်နယ် တွေမှာ ဗိုလ်ချုပ်ရုပ်ထုထားရှိမှုကြောင့် NLDပါတီနဲ့ ဒေသခံတိုင်းရင်းသားတွေအကြား အမြင်ကွဲလွှဲမှုတွေ ဆန့် ကျင့် ကန့်ကွက်မှုတွေဖြစ်လာခဲ့ပါတယ်။ အခုေနောက်ဆုံးဖြစ်ရပ်တခုဆိုရင် မြစ်ကြီးနားမြို့မှာ ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ်ဆောက်လုပ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို သင်္ဘောဆေးတွေနဲ့ ပက်ဖြန်းသွားခဲ့တာပါ။ ဗိုလ်ချုပ်ရုပ်ထု စွန်းပေသွားအောင် အခုလို ဆေးရောင်ပတ်ဖြန်းသွားတဲ့သူကိုတော့ အာဏာပိုင်တွေက စုံစမ်း နေဆဲရှိပြီး၊ ပြုလုပ်သူဟာ ဘယ်လို ရည်ရွယ်ချက်နဲ့ ဆောင်ရွက်သလဲဆိုတာတော့ မသိရပါဘူး။

Your browser doesn’t support HTML5

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ကယားအစိုးရ သတင်းစာရှင်းလင်း