ကယားဝန်ကြီးချုပ် ဖွဲ့စည်းပုံကိုနားလည်မှုလွဲနေဟု တပ်မတော်ဝေဖန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးထုတ်ပြန်ကြေညာချက် (Facebook)

နိုင်ငံတော်အရေးပေါ်အခြေအနေပြဌာန်းချက်နဲ့ပတ်သက်လို့ ကယားပြည်နယ်ဝန်ကြီးချုပ်ဟာ ၂၀၀၈ အခြေခံဥပဒေကို နားလည်မှုလွဲမှားပြီး သူ့ထင်မြင်ချက်တွေကိုသာ ပြောဆိုခဲ့တယ်ဆိုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ကြေညာပါတယ်။

ကယားပြည်နယ် ဗိုလ်ချုပ်ကြေးရုပ်ဆောက်လုပ်ရေး ကန့်ကွက်မှုတွေအပေါ် ဆန္ဒပြသူတွေကို ကယားဝန်ကြီးချုပ်က သတိပေးပြောကြားခဲ့တာနဲ့ပတ်သက်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အခုလို တုန့်ပြန်လိုက်တာပါ။ ဗိုလ်ချုပ်ကြေးရုပ်ဆောက်လုပ်မှု ကန့်ကွက်တာကနေ ဆူပူ မငြိမ်သက်တာတွေ ဖြစ်လာရင် တပ်မတော်ကို တာဝန်ပေးမယ်၊

အဲဒီအတွက် ဖွဲ့စည်းပုံအရ သူ့မှာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး ကယားပြည်နယ် ဝန်ကြီးချုပ်က ကယားပြည်နယ်အတွင်းက အဖွဲ့အစည်းတွေကို ခေါ်ယူသတိပေးခဲ့တာပါ၊ အဲလို ပြောဆိုချက်ဟာ ခြိမ်းခြောက်တာဖြစ်တယ်ဆိုပြီး ဒေသခံဆန္ဒပြတွေရော မြန်မာနိုင်ငံအတွင်းက တတ်ကြွလှုပ်ရှားသူတွေကပါ ကယားဝန်ကြီးချုပ်ကို အတော်လေး ဒေါသဖြစ် ဝေဖန်ခဲ့ကြပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံ ပြဌာန်းချက်အရ အရေးပေါ်အခြေအနေအတွက် အဓိက လုပ်ပိုင်ခွင့်အာဏာဟာ ကာ/လုံ လို့ အတိုကောက်ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာပဲ ရှိပြီး၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေမှာ ဒီလို လုပ်ပိုင်ခွင့်မရှိဘူးလို့ ထောက်ပြထားပါတယ်။ ဒါကြောင့်လည်း ကယားဝန်ကြီးချုပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို နားလည်မှုလွဲမှားစွာ ပြောဆိုတာဖြစ်ပြီး၊ တပ်မတော်အနေနဲ့ကတော့ ဖွဲ့စည်းပုံပြဌာန်းချက်နဲ့အညီပဲ ဆောင်ရွက်မှာဖြစ်တယ်လို့ ဖော်ပြပါတယ်။

Your browser doesn’t support HTML5

ကယားဝန်ကြီးချုပ် ဖွဲ့စည်းပုံကိုနားလည်မှုလွဲနေဟု တပ်မတော်ဝေဖန်