ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာဘက်က တင်ရှိမယ့် ကြွေးမြီလျော့နဲအောင် စီမံကိန်းပမာဏကို လျှော့ချနိုင်ခဲ့သလို တရုတ်နဲ့ မြန်မာ ၂ နိုင်ငံရဲ့ ပါဝင်မှုအချိုးအဆ အသစ်နဲ့ ညှိနှိုင်းမှုတွေ လုပ်နိုင်ခဲ့တာမို့ ဒီနှစ်မကုန်ခင်မှာ သဘောတူ လက်မှတ်ရေးထိုးတော့မှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံတောင်မှ NAFTA လို စီးပွားရေး သဘောတူညီချက် တွေကို ကိုယ့်နိုင်ငံအတွက် အကျိုးမရှိတာကြောင့် ဖျက်သိမ်းပြီး အသစ်ပြန်ဆွေးနွေးတာမျိုး လုပ်နေချိန်မှာ မြန်မာနိုင်ငံဘက်ကလည်း တရုတ်နဲ့ လက်တွဲ လုပ်ဆောင်ရာမှာ ရေရှည်အကျိုးကို ကြည့်ဖို့လိုအပ်ကြောင်း ပြည်ပရောက် နိုင်ငံရေးနဲ့ စီးပွါးရေး ပညာရှင်တွေက သုံးသပ်ပါတယ်။
အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
တရုတ်အစိုးရလက်အောက်ခံ Citic အဖွဲ့နဲ့ NLD အစိုးရတို့ကြား ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတည်ဆောက်ရေးမှာ ညှိနှိုင်းမှု အသစ်တွေ လုပ်နိုင်ပြီမို့ ဒီနှစ်မကုန်ခင်မှာ သဘောတူ စာချုပ် ချုပ်ဆိုနိုင်တော့မှာ ဖြစ်ကြောင်း မြန်မာအထူး စီးပွးရေးဇုံ (SEZ) ဆိုင်ရာ ဗဟိုကော်မတီဥက္ကဌ ဖြစ်တဲ့ ကူးသန်းရေးဝန်ကြီး ဦးသန်းမြင့်ရဲ့ ပြောကြားချက်ကို မြန်မာတိုင်းမ်မှာ ဖေါ်ပြထားပါတယ်။
စီမံဘဏ္ဍာဒုတိယဝန်ကြီး ဦးဆက်အောင်ကို ကျောက်ဖြူအထူးစီးပွါးရေးဇုံ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌအဖြစ် ခန့်အပ်ခဲ့ပြီးတဲ့နောက်မှာ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ဖွံဖြိုးရေးအစီအစဉ်နဲ့ ပိုင်ဆိုင်မှုအချိုးအဆ ဆိုင်ရာ သဘောတူညီချက်မူကြမ်းကို သြဂုတ်လ ထဲမှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဆင့် ၄ဆင့်ခွဲလုပ်ဆောင်မယ့် စီမံကိန်းအတွက် ပထမအဆင့်မှာ သင်္ဘော ၁၀ စင်းအတွက် ဆောက်လုပ်မယ့် အစား ၃ စင်းလောက် အတွက်ပဲ ဆောက်လုပ်ဖို့ ပြင်ဆင်မှုအပါအဝင် အသစ်ညှိနှိုင်းမှုတွေ အရ မူလက အမေရိကန် ဒေါ်လာ ၇.၂ ဘီလျံကုန်ကျ မယ့်အစား ၁.၃ ဘီလျံလောက် လျှော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပိုင်ဆိုင်မှု အချိုးအဆမှာလည်း အရင်က ၈၅ အချိုး ၁၅ တာဝန်ယူ တည်ဆောက်ဖို့ သဘောတူထားရာကနေ အခု တရုတ်ကုမ္ပဏီက ၇၀ % နဲ့ မြန်မာဘက်က ၃၀% ယူဖို့ သဘောတူညီမှု ရခဲ့တာ ဖြစ်ပါတယ်။
အခုလို သဘောတူညီမှု အသစ်ရခဲ့ပေမယ့် စီမံကိန်းချ စီးပွါးရေး လုပ်ဆောင်ရာမှာ ကိုယ့်နိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံတဲ့အတွက် ကိုယ့်နိုင်ငံဘက်မှာ ၅၀% ထက်ပိုယူူသင့်တယ်လို့ အမေရိကန်နိုင်ငံမှာ ရောက်နေတဲ့ စီးပွါးရေးပညာရှင် ဦးကံထွန်းကမြင့်ပါတယ်။
“၈၅% ကနေ ၇၀% ကို သူတို့ လျှော့လိုက်တယ် ဆိုပေမယ့် ကြည့်လိုက်လို့ရှိရင် အရင် ၁၅% ကနေ ၃၀% ဆိုတော့ ရုတ်တရက် ကြည့်လိုက်ရင် ၂ ဆ တိုးရတဲ့ သဘောမျိုးပေါ့လေ။ Ratio တက်လာတယ် လို့ ယူဆရပေမယ့် ဒီလိုဟာမျိုးမှာ ကျွန်တော့် သဘောဆိုရင် ၅၁% လောက် ရသင့်တယ်။ ကျွန်တော်တို့ဘက်က အသာစီးယူသင့်တယ် ကျွန်တော်တို့ နိုင်ငံက။ ကိုယ့်နိုင်ငံမှာ လာလုပ်မှာကိုး။ တစ်အချက်က၊ ကမ္ဘာ့ဘဏ်မှာ ကျနော်လုပ်တုန်းကလည်း ကမ္ဘာ့ဘဏ်တို့၊ အာရှဘဏ်တို့ကနေ ချည်းငွေတွေ အမြဲယူပါတယ်။ ယူတိုင်း ဘာတွက်ရလဲ ဆိုတော့ Rate of return ဆိုတာ တွက်ရပါတယ်။ Internal rate of return ပေါ့လေ။ အကျိုးအမြတ်တွက်တဲ့ ဘဏ္ဍာရေးနည်းနဲ့ တွက်တယ်။ အဲဒါ တွက်တာကလည်း တဘက်က ကုန်ကျမယ့်စားရိတ်တွေ အကုန်လုံးကို စီချ၊ တဘက်က ရမယ့်အကျိုးတွေကို ငွေတန်ဖိုးနဲ့ လုပ်ပြီးတော့ Ratio တွက်လိုက်တာဘဲ။ အဲဒါ Positive ဖြစ်ရမယ်။ Interest rate ထက် တိုးရမယ်။ အဲဒါမှသာလျှင် ဘတ်ဂျက်တခုက အကျိုးအမြတ် ရှိမယ်ဆိုပြီး အဖြေရပါတယ်။”
မေး။ အဲဒီတော့ ဦးကံထွန်းအနေနဲ့ ဘယ်လို အကြံပေးချင်ပါသလဲ။ ဒီနှစ်ကုန်မှာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြမယ် ဆိုတော့လေ။
ဖြေ။ “ကျနော်ကတော့ အလျင်စလို မထိုးသင့်ဘူး။ တတ်ကျွမ်းတဲ့ဘဏ္ဍာရေး ပညာအရ စိစစ်ရေးတွေ လုပ်သင့်တယ်။ စိစစ်ရေး လုပ်တယ်ဆိုတာ ကိုယ့်နိုင်ငံအတွက် တကယ် အကျိုးရှိမှာလား။ အခုဒီမှာ မြန်မာပြည်အကျိုးရှိမယ့်အကြောင်းက သိပ်မပါဘူး။ တရုတ် အကျိုးရှိမယ့် အကြောင်းချည်းဘဲလေ။ ဒါ အရင်ကစခဲ့လို့ အချိန်အတိုင်းအတာအတွင်း ငါတို့ အဖြေပေးရမယ်ဆိုပြီးတော့ အလျင်စလို မလုပ်သင့်ပါဘူး။ ကိုယ့်နိုင်ငံအတွက် တကယ် အကျိုးရှိမှ လုပ်သင့်ပါတယ်။ မလုပ်လို့ရှိရင်တော့ ဒါကို ဖျက်သင့်ပါတယ်။”
မေး။ တရုတ်နဲ့ အခု ကုန်သွယ်ရေးက ဒီ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတင် မဟုတ်ပါဘူး။ အခု မြစ်ဆုံလည်း စကားတွေ ပြောနေကြပါတယ်။ ဆိုတော့ တရုတ်နဲ့ စီးပွားရေးလုပ်တဲ့အခါမှာ အထူး သတိထားသင့်တဲ့ အချက်ကလေးတွေရော ပြောပြပေးနိုင်မလား။
ဖြေ။ “အမေရိကန်လို ကမ္ဘာမှာ အချမ်းသာဆုံး နိုင်ငံတောင်မှ ကိုယ့်နိုင်ငံ အကျိုးမရှိတဲ့ကိစ္စတွေကို ပြန်လည်သုံးသပ်ပြီးတော့ တရုတ်နဲ့ပြောလို့ ပြန်ရတာတွေ ရှိတယ်။ မက္ကဆီကိုနဲ့ NAFTA Trade ပြန်ပြီး၊ မညီမျှလို့လုပ်တယ်၊ ကနေဒါနဲ့လည်း ပြန်ပြီးတော့ လုပ်တယ်လေ။ ဆိုတော့ အမေရိကန်လို အင်အားကြီးတဲ့နိုင်ငံတောင်မှ ကိုယ့်တိုင်းပြည်အတွက်ကို ဦးစားပေးပြီး ကြည့်နေ၊ လုပ်နေကြတဲ့ အတွက် ကျနော်တို့နိုင်ငံက ခေါင်းဆောင်တွေကလည်း အဲဒီမူအတိုင်းဘဲ လုပ်သင့်တယ်။ ကိုယ်သဘောတူမှ ရတာပါ။ နှစ်ဦး သဘောတူတယ်ဆိုတာ ကိုယ်မတူရင် သူဘာမှ လုပ်လို့မရဘူး။ ကိုယ်က မတူဘူး၊ မကြိုက်ဘူးပြောမှ သူက ပြန်စဉ်းစားမှာပါ။ နောက် တရုတ်အနေနဲ့ကတော့ ကျနော်ကတော့ သိပ်ပြီးတော့ စိတ်မချဘူး။ မယုံဘူးပေါ့လေ။ အနောက်မှာ ဝှက်ဖဲတွေဘာတွေ၊ Trap တွေ ဘာတွေ မမိအောင် ကျနော်ကတော့ ဘဏ္ဍာရေးနည်းအရ ပြန်စိစစ်ပါ၊ တိုင်းပြည် တကယ်ကောင်းမယ်ဆိုမှ လုပ်ပါလို့ဘဲ အကြံပေးချင်ပါတယ်။”
တရုတ်နဲ့လက်တွဲလုပ်ဆောင်မှုဟာ စီးပွါးရေးစီမံကိန်းဖြစ်ပေမယ့် နိုင်ငံရေးအတွက်ပါ ထည့်သွင်းတွက်ချက်သင့်တယ်လို့ မြန်မာ့နိုင်ငံရေး ဆန်းစစ်သူ ဒေါက်တာတင့်ဆွေက ပြောပါတယ်။
“မြန်မာနိုင်ငံမှာ စီးပွါးရေးရော ဖွံ့ဖြိုးမှုရောမှာ သူ့ရဲ့ မဟာဗျူဟာ စီမံကိန်းဖြစ်တဲ့ ပိုးလမ်းမကြီး ထဲက လုပ်တဲ့ကိစ္စတွေကို နိုင်ငံရေးဘက်က ကြည့်မှသာလျှင် ပြည့်စုံပါလိမ့်မယ်။ နိုင်ငံရေးအရ ကြည့်ရင် ပထမဆုံး ကြည့်ရမှာက ကျွန်တော်တို့ တိုင်းပြည်ရဲ့ အမျိုးသားအကျိုးစီးပွါး ကိစ္စဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရ အတော်များများ အဆက်ဆက်က မကြည့်ကြတာလည်း ပါတာပေါ့။ အမှားတွေရော လွန်တာတွေရော တော်တော်များများ လုပ်ခဲ့ကြပြီးဖြစ်ပါတယ်။ ဆိုတော့ လက်ရှိ NLD အစိုးရအနေနဲ့ တကယ့်ကို နိုင်ငံတကာကိစ္စတွေရော၊ ပြီးတော့ ပြည်တွင်းစီးပွါးရေး အခြေနေတွေရော မှာ ဖိအားတွေ တွန်းအားတွေ များနေတဲ့ အချိန်မှာ ဒီဟာကို ရေရှည်ကြည့်ချိန် ရပါ့မလား လို့တော့ ကျွန်တော်နဲနဲ စိုးရိမ်တယ်ခင်ဗျ။”
သီရိလင်္ကာနိုင်ငံမှာ Hambantota ဆိပ်ကမ်းစီမံကိန်းအတွက် တရုတ်ဆီကနေ အမေရိကန် ဒေါ်လာ ၁ ဘီလျံချေးပြီး တည်ဆောက်ရာကနေ ပြန်မဆပ်နိုင်တဲ့အတွက် အခု အဲဒီဆိပ်ကမ်းကို ၉၉ နှစ်သုံးခွင့် တရုတ်ကို ပေးခဲ့ရသလို အဖြစ်မျိုး မရောက်စေဖို့ စီးပွါးရေးပညာရှင်တွေက သတိပေးနေကြတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5