လွှတ်တော်မှာ Brexit မဲခွဲဆုံးဖြတ်မှု ဝန်ကြီးချုပ် May ရက်ရွှေ့

ဗြိတိန်နိုင်ငံ အီးယူထဲက နုတ်ထွက်မယ့် Brexit အစီအစဉ်ဟာ မူလကတည်းက ဖရိုဖရဲ ဖြစ်နေခဲ့ရာက Brexit ကိစ္စ အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မယ့် အစီအစဉ်ကို ဝန်ကြီးချုပ် Theresa May က ရက်ရွှေ့ဆိုင်းလိုက်တဲ့အတွက် အခြေအနေတွေ ပိုပြီး ရှုပ်ထွေး သွားစေခဲ့ပါတယ်။ အီးယူထဲက ဗြိတိန်နုတ်ထွက်ရေးအတွက် ဝန်ကြီးချုပ် May ဟာ အီးယူခေါင်းဆောင်တွေနဲ့ လပေါင်းများစွာ ညှိနှိုင်း ဆောင်ရွက်ခဲ့ရတာလည်း ဖြစ်ပါတယ်။

အောက်လွှတ်တော်မှာ ၄ ရက်ကြာ အကြိတ်အနယ် ဆွေးနွေးကြပြီးတဲ့နောက် Brexit အပေါ် လူထုရဲ့ထောက်ခံမှုတွေ လျော့နည်း လာနေတဲ့အပေါ် ဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း အထိတ်တလန့် ဖြစ်နေတဲ့အချိန်မှာ ဝန်ကြီးချုပ် ရရှိထားတဲ့ Brexit သဘော တူညီချက်ကို လွှတ်တော်အမတ်တွေက ငြင်းပယ်ကြဖို့ ပြင်ဆင်နေတာပါ။ လွှတ်တော်မှာ ရှုံးနိမ့်ခဲ့ရင်တော့ ဝန်ကြီးချုပ် May အနေနဲ့ ရာထူးက နုတ်ထွက်ပေးရကိန်းရှိသလို ဝန်ကြီးချုပ်ရဲ့ Conservative အစိုးရလည်း အာဏာ လက်လွတ်ရမယ့်သဘော ရှိနေပါတယ်။

အများမြင်ကွင်းမှာ Brexit ကိစ္စကို မဲခွဲဆုံးဖြတ်လိုကြောင်း ဝန်ကြီးချုပ်က ပြောနေပေမယ့် သူ့အစိုးရအဖွဲ့ ဝန်ကြီးတွေက လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တာကို မလုပ်ဖို့ သူ့ကို တိုက်တွန်းနေကြတယ်လို့ ဝန်ကြီးချုပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ Brexit ကို ထောက်ခံမှု မရခဲ့ရင် သူ့ရဲ့ ဂုဏ်သိက္ခာလည်း ထိခိုက်စေနိုင်ပါတယ်။

အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခြင်း မပြုခင် ဗြိတိန်အတွက် အကျိုးပိုရှိစေမယ့် သဘောတူညီချက်မျိုး ရနိုင်အောင် အီးယူနဲ့ ပြန်လည် ညှိနှိုင်း ဆွေးနွေးဖို့ ဝန်ကြီးချုပ်ရဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေက လိုလားနေကြတာပါ။

Your browser doesn’t support HTML5

လွှတ်တော်မှာ Brexit မဲခွဲဆုံးဖြတ်မှု ဝန်ကြီးချုပ် May ရက်ရွှေ့