လစ်ဗျားမှာ ခေတ္တ အပစ်ရပ်ဖို့ ကုလပန်ကြား

လစ်ဗျားရှိ Libyan National Army (LNA) အဖွဲ့ဝင်များ

လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီကို သိမ်းယူနိုင်ရေး အတွက် စစ်တပ် တပ်မှူး ဗိုလ်ချုပ်ကြီး Khalifa Haftar ရဲ့ သစ္စာခံ တပ်ဖွဲ့တွေ ဆက်ပြီး ထိုးစစ်ဆင်နေချိန်မှာပဲ အရပ်သားတွေနဲ့ ဒဏ်ရာရသူတွေကို ကယ်ထုတ်နိုင်ရေး မြို့တော် အစွန်ပိုင်းမှာ ၂ နာရီကြာ အပစ်အခတ်ရပ်စဲပေးဖို့ ကုလသမဂ္ဂဘက်က အရေးပေါ် ပန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂ ထောက်ခံထားတဲ့ လစ်ဗျား ဝန်ကြီးချုပ် Fayez Sarraj ကတော့ ဗိုလ်ချုပ်ကြီး Haftar ရဲ့ လုပ်ရပ်က စစ်အာဏာသိမ်းဖို့ ကြံစည်မှုလို့ ပြောဆိုထားပါတယ်။ ဗိုလ်ချုပ်ကြီး Haftar ရဲ့ တပ်ဖွဲ့တွေက မြို့တော် အစွန်ပိုင်းတွေမှာ အသာစီးရလာတဲ့ အနေအထားရှိနေပေမယ့်လည်း ဝန်ကြီးချုပ် Sarraj ကတော့ အစိုးရတပ်ဖွဲ့တွေက ဟန့်တားနိုင်ရေး ပြင်ဆင်ထားတယ်လို့ ပြောဆိုပါတယ်။ လစ်ဗျားနိုင်ငံတွင်းက ကုလသမဂ္ဂ မစ်ရှင် ( UNSMIL ) ကတော့ ဒေသတွင်းမှာ လူသားချင်းစာနာမှုအဖြစ် ၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို ဘက်ပေါင်းစုံက လေးစားလိုက်နာကြဖို့ ပန်ကြားထားပါတယ်။

ဗိုလ်ချုပ်ကြီး Haftar ရဲ့ တပ်ဖွဲ့တွေက မြို့တော် ထရီပိုလီထဲကို ဝင်ရောက်လာပြီး နိုင်ငံတကာ လေဆိပ်ကို ပိတ်လိုက်ပြီး အဆောက်အအုံတွေနဲ့ လေယာဉ်ပြေးလမ်းတွေမှာ နေရာယူထားတဲ့ ရုပ်သံကို Arab မီဒီယာက ထုတ်လွှင့်သွားပါတယ်။ အခက်အခဲ အတားအဆီး မရှိ ထိန်းချုပ်လိုက်နိုင်ပုံလည်း ရပါတယ်။ မြို့တော်ထဲက Khalat al-Fargan အရပ်ကို ဗိုလ်ချုပ်ကြီး Haftar ရဲ့ တပ်ဖွဲ့တွေ ဝင်ရောက်နေပြီလို့ ဆော်ဒီပိုင် al-Arabiya ရုပ်သံက ပြောဆိုပါတယ်။ ဗွီအိုအေ အနေနဲ့တော့ သီးခြား အတည်ပြုချက် မရသေးပါဘူး။

အခု တင်းမာမှုကြောင့် အမေရိကန် အာဖရိက ကွပ်ကဲရေးဌာန AFRICOM ကလည်း လစ်ဗျားနိုင်ငံတွင်းက သူ့တပ်တွေကို နေရာ ပြောင်းရွှေ့နေပါတယ်။ လစ်ဗျားနိုင်ငံတွင်းက သံတမန်ရေး မစ်ရှင်တွေ၊ နောက် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ဆောင်ရွက်မှုတွေကို စစ်ရေး အထောက်အပံ့ပေးနေတဲ့ အမေရိကန် အာဖရိက ကွပ်ကဲရေးဌာနဘက်ကတော့ လစ်ဗျားနိုင်ငံကို တည်ငြိမ်လုံခြုံတဲ့ နိုင်ငံတခုဖြစ်ရေး ပိုင်းဖြတ်ထားဆဲ ဖြစ်ကြောင်းပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

လစ်ဗျားမှာ ခေတ္တ အပစ်ရပ်ဖို့ ကုလပန်ကြား