သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ရဲ့ ခရီးသွားကန့်သတ်မိန့် နောက်ထပ်ပြည်ထောင်စုတရားရုံး ဆိုင်းငံ့မိန့်ချ


မွတ်ဆလင်အများစုနေထိုင်တဲ့နိုင်ငံ ၆ ခုအပေါ် အမေရိကန်သမ္မတ Donald Trump ရဲ့ခရီးသွားကန့်သတ်မိန့်ကို ပြည်ထောင်စုတရားရုံး နောက်တခုကလည်း ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မေလ ၂ ရက်နေ့ကသမ္မတအမိန့်ဟာ သမ္မတလုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီးထုတ်ပြန်တာလို့ San Francisco အခြေစိုက် ပြည်ထောင်စု အယူခံတရားရုံးက တနင်္လာနေ့ကဆုံးဖြတ်ခဲ့ပါတယ်။ ၁၉၅၂ ခုနှစ် လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားဥပဒေမှာ နိုင်ငံထဲကို ဝင်လာသူတွေကို ထိန်းချုပ်ဖို့နဲ့ နိုင်ငံရဲ့လုံခြုံရေးကိုကာကွယ်ဖို့ သမ္မတကို လုပ်ပိုင်ခွင့်ကျယ်ကျယ်ပြန့်ပြန့် ပေးထားပေမဲ့ သမ္မတယောက်ထဲက လုပ်ချင်တာလုပ်လို့ မရဘူးလို့ အမေရိကန်အနောက်ဖက်ခြမ်း ခရိုင် ၁၅ ခုကိုကိုယ်စားပြုတဲ့ အမှတ် ၉ အယူခံတရားရုံးရဲ့ တရားသူကြီး ၃ ယောက်လုံးက ပြောပြီး တညီတညွတ်ထဲ ဆုံးဖြတ်ခဲ့ကြတာပါ။

သမ္မတရဲ့အမိန့်ကို Maryland ပြည်နယ်တရားသူကြီးက ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် Virginia ပြည်နယ်အခြေစိုက် အမှတ် ၄ အယူခံတရားရုံးကလည်း ဆိုင်းငံ့မှုအတည်ဖြစ်တယ်လို့ မေလ ၂၅ ရက်နေ့ကပဲ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။ သမ္မတ ပထမထုတ်ပြန်ခဲ့တဲ့ ခရီးသွားပိတ်ပင်ကန့်သတ်ချက်ကို ပြန်လည်ပြင်ဆင်ထုတ်ပြန်ခဲ့တဲ့ အမိန့်မှာ Iran, Libya, Syria, Somalia, Sudan နဲ့ Yemen နိုင်ငံတွေကသူတွေကို ရက် ၉၀ အမေရိကန်လာခွင့် ပိတ်ပင်ခဲ့ပါတယ်။ အမေရိကန်မှာ လာရောက်အခြေချမယ့် ဒုက္ခသည်အားလုံးကိုလည်း ရက်ပေါင်း ၁၂၀ လာခွင့်ပိတ်ပင်ခဲ့ပါတယ်။ ပထမပိတ်ပင်မှုမှာ ဘာသာရေးလူနည်းစု ဒုက္ခသည်တွေလို့ဖော်ပြခဲ့ပေမဲ့ ပြင်ဆင်ထုတ်ပြန်မိန့်မှာတော့ အဲဒီအချက်ကို ဖယ်ရှားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG