သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ဝင်ခွင့်ပိတ်ပင်မှု Trump အမိန့်သစ် နဲ့ မြန်မာဒုက္ခသည်များအခြေချနိုင်မှု အခြေအနေ


အမေရိကန်နိုင်ငံထဲကို အကြမ်းဖက်သမားတွေဝင်မလာနိုင်အောင် ရည်ရွယ်တဲ့ ပြည်ဝင်ခွင့်ကန့်သတ်မိန့်သစ်ကို သမ္မတ Donald Trump က တနင်္လာနေ့က လက်မှတ်ထိုးထုတ်ပြန်ခဲ့ပါတယ်။ မတ်လ ၁၆ ရက်နေ့မှာ စတင်အကြုံးဝင်မယ့် သမ္မတရဲ့ ပြည်ဝင်ခွင့်ကန့်သတ်မိန့် အသစ်က ပထမတခေါက် ဥပဒေကြောင်းကနေ စိန်ခေါ်ခံခဲ့ရတဲ့ ပထမအမိန့်နဲ့ ဘယ်လိုကွာခြားမှုရှိသလဲ။ အမေရိကန်ကိုလာရောက်အခြေချမယ့် ဒုက္ခသည်တွေအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲဆိုတာကို မစုမြတ်မွန်က ဆက်ပြီးရှင်းပြပါလိမ့်မယ်။

သမ္မတရဲ့ အငြင်းပွားစရာ မူလပြည်ဝင်ခွင့်ကန့်သတ်မိန့်ကို ပြင်ဆင်ပြီး နောက်ထပ် ကန့်သတ်မိန့်အသစ်ကို မတ်လ ၆ ရက် တနင်္လာနေ့က ထပ်ပြီးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ မူလကန့်သတ်မိန့်ထဲမှာ ပါဝင်တဲ့ နိုင်ငံ ၇ နိုင်ငံအစား အီရတ်နိုင်ငံကို ဖယ်ရှားလိုက်ပြီး ၆ နိုင်ငံက နိုင်ငံသားတွေ အမေရိကန်ဝင်ခွင့်ကို ရက်ပေါင်း ၉၀ ပိတ်ပင်လိုက်ပါတယ်။ IS စစ်သွေးကြွတွေကို တိုက်ခိုက်တဲ့နေရာမှာ အီရတ်ဟာ အရေးကြီးတဲ့မဟာမိတ်နိုင်ငံဖြစ်တဲ့အတွက် အီရတ်ကို မူလပိတ်ပင်ထားတဲ့စာရင်းကနေ ဖယ်ရှားခဲ့တာလို့ သတင်းစာရှင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကပြောကြားခဲ့ပါတယ်။ အကြမ်းဖက်လုပ်ရပ်လုပ်ဖို့ ရည်ရွယ်ချက်ရှိသူတွေ အမေရိကန်ဆီရောက်မလာအောင် အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ အီရတ်အစိုးရတို့က တင်းကြပ်တဲ့ စိစစ်မှုတွေလုပ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ပထမ ပိတ်ပင်ကန့်သတ်မိန့်တုန်းကလိုပဲ မွတ်ဆလင်အများစု နေထိုင်တဲ့ ဆူဒန်၊ ဆီးရီးယား၊ အီရန်၊ လစ်ဗျား၊ Somalia နဲ့ Yemen နိုင်ငံတို့က နိုင်ငံသားတွေအနေနဲ့ အခုကန့်သတ်မိန့် အသစ်အရလည်း အမေရိကန်ကို ၃ လအတွင်း ဝင်ရောက်နိုင်ကြမှာ မဟုတ်ပါဘူး။ သမ္မတရဲ့ ကန့်သတ်မိန့်သစ်နဲ့ပါတ်သက်တဲ့ သတင်းစာရှင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကခုလို ပြောကြားခဲ့ပါတယ်။

"ဘယ်စနစ်ကိုမှ လုံးဝအပြစ်ကင်းအောင်လုပ်လို့မရချိန်မှာ၊ အမေရိကန်နိုင်ငံထဲကို အကြမ်းဖက်သမားတွေ ဝင်မလာနိုင်ဖို့ စိစစ်တဲ့လုပ်ငန်းစဉ်တွေ ပိုပြီးကောင်းအောင်လုပ်နေတယ်ဆိုတာကို အမေရိကန်ပြန်သူတွေဖက်က ပိုပြီးစိတ်ချထားနိုင်ကြပါတယ်။ IS စစ်သွေးကြွတွေဖက်က အမေရိကန်ကို ဖျက်လိုဖျက်ဆီးလုပ်ဖို့ အခွင့်အရေးယူလာနိုင်တဲ့ အားနည်းချက်တွေကို တားဆီးဖယ်ရှားလိုက်တဲ့အမိန့်ဖြစ်တယ်ဆိုတာကို ကမ္ဘာတဝန်းမှာရှိကြတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေ၊ မဟာမိတ်တွေအနေနဲ့လည်း နားလည်ပေးကြစေလိုပါတယ်။ "

သမ္မတရဲ့ ပထမ ခရီးသွားကန့်သတ်မိန့်ဟာ မွတ်ဆလင်တွေအပေါ်ပြစ်မှတ်ထားတဲ့ ကန့်သတ်မိန့်ဖြစ်တယ်လို့ ဝေဖန်ခံခဲ့ရပြီး ဥပဒေကြောင်းကနေလည်း စိန်ခေါ်ခံခဲ့ရပါတယ်။ လောလောဆယ် အဲဒီအမိန့်ကို နိုင်ငံအနောက်ခြမ်း အယူခံတရားရုံးက တားမြစ်ထားချိန်မှာ နောက်ထပ် အမိန့်သစ်ကို ထုတ်ပြန်တာဖြစ်ပါတယ်။ ပထမတခေါက်အမိန့်ထုတ်လိုက်ပြီးနောက် လက်တေ့ွအကောင်အထည်ဖော်တဲ့နေရာမှာ ရှင်းလင်းတဲ့ညွှန်ကြားချက်တွေ မရှိခဲ့တဲ့အတွက် အခြေအနေတွေဟာ အတော်ကို ဖရိုဖယဲဖြစ်ခဲ့တာပါ။ အခုတခေါက်မှာတော့ ပိုပြီးရှင်းလင်းတဲ့ ညွှန်ကြားချက်တွေပါသလို မတ်လ ၁၆ ရက်နေ့မှာ စတင်အကြုံးဝင်မှာဖြစ်တဲ့အတွက် သက်ဆိုင်ရာဌာနတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ အချိန်ရပါတယ်။ အခုခရီးသွား ကန့်သတ်ချက်သစ်က နိုင်ငံ ၆ နိုင်ငံက နိုင်ငံသားတွေကို ပြည်ဝင်ခွင့် ယာယီကန့်သတ်ပိတ်ပင်လိုက်ပေမဲ့ အမေရိကန်မှာ အမြဲတမ်းနေထိုင်ခွင့် Green Card ရထားသူတွေ၊ တရားဝင် ပြည်ဝင်ခွင့် Visa ရရှိထားသူတွေနဲ့တော့ သက်ဆိုင်ခြင်းမရှိဘူးလို့ အမိမြေလုံခြုံရေးဝန်ကြီး John Kelly ကပြောပါတယ်။ တနင်္လာနေ့က သမ္မတအမိန့်အသစ်မှာ ဆီးရီးယားကအပါအဝင် ဘယ်နိုင်ငံကမဆို ဒုက္ခသည်အဖြစ် အမေရိကန်မှာ လာရောက်အခြေချမယ့်သူတွေကို ရက်ပေါင်း ၁၂၀ အတွင်း လာခွင့်ပိတ်ပင်ထားပါတယ်။ ဒီတခေါက်အမိန့်က အရင်အမိန့်နဲ့ကွာတာကတော့ အမေရိကန်ကိုလာခွင့် Visa ရထားပြီးသား ဒုက္ခသည်တွေဆိုရင်တော့ ဘယ်နိုင်ငံကပဲဖြစ်ပါစေ။ ပိတ်ပင်မှုမှာ အကြုံးမဝင်ဘဲ လာရောက်ခွင့်ရကြမှာဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်အတွက် သမ္မတ Trump က လက်ခံမယ်လို့ပြောထားတဲ့ ဒုက္ခသည်အရေအတွက် ၅ သောင်းက အခုမတ်လဆန်းမှာ ပြည့်သွားပြီလို့ မြန်မာနိုင်ငံကလာရောက်တဲ့ ဒုက္ခသည်တွေအရေးကို ကူညီပေးနေတဲ့ အမေရိကန် မြန်မာလူမှုရေးအသင်း BACI ဘုတ်အဖွဲ့ရဲ့ ညွန်ကြားရေးမှူး ဒေါက်တာ Ro Dinga ကပြောပါတယ်။

"USRAP ပေါ့နော် (United States Refugee Admissions Program) ကနေ ဒုက္ခသည်တွေကို အမေရိကန်နိုင်ငံကို ဝင်ခွင့်ပေးဖို့ သမ္မတ အိုဘားမားလက်ထက်က ပြီးခဲ့တဲ့နှစ် စက်တင်ဘာတုန်းက လက်မှတ်ထိုးထားတာ ဒီ ၁ နှစ်အတွင်းကို ၁ သိန်းနဲ့ ၁ သောင်းလက်ခံ ဖို့ဖြစ်တယ်။ ဒါပေမယ့် သမ္မတ Trump ရဲ့ အရင်အမိန့်မှာ ၅ သောင်းပဲ လက်ခံဖို့ ထုတ်ပြန်ခဲ့တာဖြစ်တယ် အခုဒီနေ့ထုတ်တဲ့ အမိန့်မှာ ၅ သောင်းပဲပြန်ပြီးတော့ခွင်ပြုမယ်ဆိုတာ ပြန်ပါတယ်။

ဆိုတော့ ကျနော်တို့ သိသလောက် မလေးရှား UNHCR ကနေ ထုတ်ပြန်တဲ့ ကြေညာချက်တွေမှာ ၅ သောင်းပဲသမ္မတ Trump ခွင့်ပြုတဲ့ အရေအတွက်က ဒီမတ်လ ၃ ရက်နေ့ က ပြည့်သွားပြီဖြစ်တယ်။ ဆိုတော့ ဒီ နှစ်အတွင်းမှာတော့ တခြား ဒုက္ခသည်အသစ် အမေရိကန်ကို ဝင်နိုင်ဖို့ ပိတ်သွားပြီ ဖြစ်တယ် ၊ဒုက္ခသည်အသစ်ဝင်ဖို့ မရှိတော့ဘူးလို့ မလေးရှား UNHCR ကနေ လည်းကြေညာထားတာ ဖြစ်ပါတယ်။ ဆိုတော့ ဒီအတိုင်းပဲ ဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ဝင်ရောက်စရာအကြောင်း မရှိတော့ဘူးပေါ့နော်။"

သမ္မတအိုဘားမား လက်ထက်က လွှတ်တော်ကိုတင်ပြခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွက် အမေရိကန်က လက်ခံမယ့် ဒုက္ခသည်စာရင်းမှာ ထိုင်း မြန်မာနယ်စပ်မှာနေထိုင်နေကြတဲ့ ဒုက္ခသည် ၃ ထောင့် ၅ ရာလောက်နဲ့ မလေးရှားမှာရှိနေကြတဲ့ မြန်မာဒုက္ခသည် ၅ ထောင့် ၅ ရာလောက်အထိ ခေါ်ယူမယ်လို့ အဆိုပြုထားပါတယ်။ ဒါပေမဲ့ သမ္မတ Trump လက်ထက်မှာ လက်ခံမယ့် ဒုက္ခသည်စုစုပေါင်းအရေအတွက်ကို ၅ သောင့်အထိ လျှော့ချလိုက်ပြီးနောက်မှာ မြန်မာနိုင်ငံက ဘယ်နှယောက်ပါတယ်ဆိုတဲ့ စာရင်း အတိအကျ မသိရသေးပါဘူး။ သမ္မတ Trump တနင်္လာနေ့က အသစ်ထုတ်ပြန်လိုက်တဲ့ ပြည်ဝင်ခွင့် ကန့်သတ်မိန့်ဟာ မတ်လ ၁၆ ရက်နေ့မှာ စတင်အသက်ဝင်မှာဖြစ်ပါတယ်။ ဒီအမိန့်သစ်ကို ထုတ်ပြန်နိုင်ဖို့ အိမ်ဖြူတော်အနေနဲ့ အမိမြေလုံခြုံရေးဌာန၊ တရားရေးဌာန၊ နိုင်ငံခြားရေးဌာနတို့နဲ့ အနီးကပ်တိုင်ပင်ဆွေးနွေးခဲ့တယ်လို့ အမိမြေလုံခြုံရေးဝန်ကြီးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG