သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ခရီးသွားပိတ်ပင်မှု"ဆိုင်းငံ့မိန့် ကန်အယူခံတရားရုံး အတည်ပြု


San Francisco ကန်အယူခံတရားရုံး
San Francisco ကန်အယူခံတရားရုံး

မွတ်စလင်အများစုနေထိုင်တဲ့ နိုင်ငံ ၇ နိုင်ငံကနေ အမေရိကန်ပြည်ထောင်စုထဲ ဝင်ရောက်ခွင့်ကို တားမြစ်တဲ့ သမ္မတ Donald Trump ရဲ့ အငြင်းပွားဖွယ် အမိန့်အတွက် ဝါရှင်တန်ပြည်နယ်တရားရုံးက ယာယီရပ်ဆိုင်းထားတာနဲ့ ပတ်သက်ပြီး San Francisco အခြေစိုက် အမှတ်၉ စီရင်စု အယူခံ တရားရုံးက ဆက်လက် ဆိုင်းငံ့ထားဖို့ အတည်ပြုလိုက်ပါတယ်။

တရားသူကြီး သုံးဦးပါ San Francisco အယူခံရုံးတော်က ဒီသီတင်းပတ် အစောပိုင်းမှာ ကြားနာမှုတွေ လုပ်ပြီး ကြာသပတေးနေ့ နှောင်းပိုင်းမှာ စီရင်ချက် ချလိုက်တာ ဖြစ်ပါတယ်။ ဒီအမှုအတွက် နိုင်ငံတော် တရားရုံးချုပ်က နောက်ဆုံး အဆုံးအဖြတ်ပေးရဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ခရိုင်တရားရုံး တရားသူကြီး James Robart က သမ္မတ Trump ရဲ့ အမိန့်ကို ယာယီ ဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။ အခုလို လုပ်ဆောင်မှုအတွက် သမ္မတက တွစ်တာကနေ ဒေါသတကြီးနဲ့ တုံ့ပြန်ရေးသားခဲ့တာ ဖြစ်ပြီး James Robart ကို တရားသူကြီးလို့ ခေါ်တဲ့ သူတဦးလို့ သုံးနှုန်းခေါ်ဝေါ်ခဲ့သလို သူ့ရဲ့ အသုံးမကျတဲ့ ဆုံးဖြတ်ချက်ကြောင့် ဆိုးဝါးပြီး အန္တရာယ် ရှိတဲ့ လူအများအပြားကို နိုင်ငံတွင်း ဝင်ခွင့်ပေး တာမျိုး ဖြစ်နေတယ်လို့ ပြောကြားခဲ့တာပါ။

သမ္မတ Trump ရဲ့ တားမြစ်မိန့်ကို ပြန်လည်ချထားပေးဖို့ တရားစွဲဆိုချက်နဲ့ ပတ်သက်ပြီး အင်္ဂါနေ့ San Francisco အယူခံရုံး ကြားနာပွဲမှာ ဝါရှင်တန်ပြည်နယ်နဲ့ Minnesota ပြည်နယ်ကိုယ်စားပြု အစိုးရရှေ့နေတွေနဲ့ တရားရေးဌာန ရှေ့နေရဲ့ လျှောက်လဲချက်တွေကို ကြားနာခဲ့တဲ့ အယူခံရုံး တရားသူကြီး ၃ ဦးစလုံးက တညီတညွတ်ထဲ ဆိုင်းငံ့ဖို့ အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

သမ္မတ Trump ရဲ့ တားမြစ်မိန့်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ လွှတ်တော်ကနေ ချထားပေးတဲ့ အာဏာစက် အတွင်းမှာပဲ ရှိနေတယ်လို့ အစိုးရ ရှေ့နေ August Flentje က လျှောက်လဲ ခဲ့တာပါ။ ဒါပေမယ့် ဝါရှင်တန် ပြည်နယ်အစိုးရရှေ့နေ Noah Purcell ကတော့ တရားရေးဆိုင်ရာ ပြည့်စုံလုံလောက်တဲ့ သုံးသပ်မှုမရှိပဲ သမ္မတရဲ့ တားမြစ်မိန့်အတွက် ပြန်ပြီးအတည်ပြုလိုက်မယ် ဆိုရင် နိုင်ငံကို ကစဉ့်ကလျား ဖြစ်စေမယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒီတားမြစ်ချက်ဟာ မိသားစုတွေကို ကွဲကွာစေသလို နိုင်ငံခြားက ပညာသင်ကျောင်းသားတွေကို သောင်တင်စေပြီး၊ ခရီးသွား နေတဲ့ အမေရိကန်နိုင်ငံတွင်း ပြန်ဝင်မယ့် သူတွေအတွက် ပြန်ဝင်လို့ ရမရ၊ ဝေခွဲမရ ဖြစ်စေတယ်လို့ ပြောပါတယ်။

သမ္မတ Trump ကတော့ နိုင်ငံတော် တရားရုံးမှာ ပြန်ပြီး ဆုံကြမယ်လို့ သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ ရေးသား တုန့်ပြန်ခဲ့ပါတယ်။

"ခရီးသွားပိတ်ပင်မှု"ဆိုင်းငံ့မိန့် ကန်အယူခံတရားရုံး အတည်ပြု
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG