မြန်မာအပေါ် ယူကရိန်းအရေး ဂယက် မြန်မာတချို့အမြင်

FILES-UKRAINE-RUSSIA-CONFLICT

[[ ZAWGYI / UNICODE ]]

မြန်မာအပေါ် ယူကရိန်းအရေး ဂယက် မြန်မာတချို့အမြင်

ရုရှားနဲ့ ယူကရိန်းစစ်ပွဲကြောင့် မြန်မာ့အရေးကိစ္စအပေါ် ကမ္ဘာက အာရုံစိုက်မှုတွေ ပိုပြီးလျော့ကျ လာနိုင်ဖွယ်ရှိတယ်လို့ မြန်မာပြည်သူတချို့က ရှုမြင် သုံးသပ်နေကြပါတယ်။ အခုလို ရုရှားက ယူကရိန်းကို စစ်ရေးအရ ဝင်ရောက် တိုက်ခိုက်လိုက်တဲ့အတွက် မြန်မာ အပါအဝင် ကမ္ဘာတဝန်းမှာ ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်မလဲ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး မြန်မာပြည်သူ တချို့ရဲ့ သဘောထား အမြင်တွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။

ရုရှားဘက်က ယူကရိန်းကို တပ်တွေနဲ့ ဝင်ရောက် တိုက်ခိုက်လိုက်တာကြောင့် ဒီစစ်ပွဲက အခုလောလောဆယ် ကမ္ဘာ့အရေးမှာ ထိပ်ဆုံးက ရှိလာနေပြီး တကမ္ဘာလုံးကလည်း စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြသလို ဒီထဲမှာ မြန်မာပြည်သူတွေလည်းပါဝင်ကြပါတယ်။ ဒါပေမဲ့ တဘက်မှာလည်း ဒီစစ်ပွဲကြောင့် မြန်မာ့နိုင်ငံလက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေတွေ နဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေ လျော့ကျလာနိုင်တယ်လို့ ရန်ကုန်မြို့ခံတဦးက ဗီအိုအေကို အခုလို ပြောပါတယ်။

" နဂိုကတည်းကိုက ကျနော်တို့ မြန်မာ့အရေးကို ကမ္ဘာက သေသေချာချာ စိတ်မဝင်စားဘူး။ အခု ဒီ ရုရှားနဲ့ ယူကရိန်းကိစ္စကျတော့ သူက တော်တော်ကြီး ကြီးကြီးမားမား ဖြစ်သွားနိုင်တဲ့ ကိစ္စဖြစ်တော့ ကမ္ဘာက အဲဒီဖက်ကို ပိုပြီးအာရုံရောက်မယ်ပေါ့ဗျာ၊ အဲဒီတော့ ကျနော်တို့ မြန်မာ့အရေး ကြိုးစားပမ်းစား လုပ်နေတဲ့သူတွေအတွက်ကတော့ အင်အားနဲနဲ ပိုလျော့သွားတာပေါ့။"

ရန်ကုန်မြို့ စမ်းချောင်မြို့နယ်မှာနေထိုင်သူ တဦးကတော့ သူ့ရဲ့ အမြင်ကို အခုလို ပြောပါတယ်။

" မြန်မာ့အရေးက ကမ္ဘာ့ဇာတ်ခုံပေါ်မှာ သိပ်ပြီး အရေးမပါတဲ့ အခြေအနေ ရောက်နေတာပေါ့။ တနှစ်လည်း ကျော်သွားပြီကိုး။ ဒီ ယူကရိန်းအရေးကျတော့ ရုရှားနဲ့ အနောက်အုပ်စု စစ်ဖြစ်နိုင်တဲ့ အခြေအနေမျိုး ကမ္ဘာပေါ်မှာ အရေးအကြီးဆုံး အဖြစ်အပျက်တခုပေါ့။ ဆိုတော့ ဒီအဖြစ်အပျက်ကတော့ ရှေ့ကိုရောက်လာမှာပေါ့။ မြန်မာပြည်ပေါ် ရိုက်ခတ်မှုကတောာ့ အကောင်းဖက်တော့ ဖြစ်မလာနိုင်ဘူးပေါ့နော်။ ယူကရိန်းအရေး ဖြစ်လာချိန်မှာ အမေရိကန်ကလည်း မြန်မာပြည်အကြောင်းကို ခေါင်းထဲ ရှိတော့မှာ မဟုတ်ဘူးဗျ ။ ဒီ ယူကရိန်းကိစ္စကြောင့် မြန်မာပြည် ဒီမိုကရေစီအရေးက အဆိုးဖက်ကိုပဲ ပိုသွားမယ်လို့ပဲ ထင်ပါတယ်။"

ရုရှားနဲ့ ယူကရိန်း ပြဿနာကို စစ်ရေးအရ မဖြေရှင်းဖို့ ကုလသမဂ္ဂ အပါအဝင် အမေရိကန် နဲ့ အနောက်နိုင်ငံတွေဘက်က ရုရှားကို အကြိမ်ကြိမ် သတိပေး တားမြစ်ခဲ့ပေမယ့် ရုရှားက ယူကရိန်းကို စစ်အင်အားအသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အရေးကိစ္စတွေမှာ ဦးဆောင်ဖြေရှင်းနေတဲ့ ကုလသမဂ္ဂရှိနေတဲ့ကြားက ဒီကိစ္စကို မဖြေရှင်းနိုင်တာကလည်း ကုလသမဂ္ဂရဲ့ တည်ရှိမှုအပေါ်မှာ မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် စစ်တွေမြို့ခံတဦးကပြောပါတယ်။

" ကမ္ဘာ့ နိုင်ငံရေး အခင်းအကျင်းကို ကြည့်လိုက်ရင် ၊ အခု ရုရှားလုပ်တဲ့ပုံစံမျိုးကကျတော့ လက်နက်ရှိရင် ငါတို့ ဘာမဆို လုပ်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးကို တကမ္ဘာလုံးကို ပြလိုက်တာလို့ ထင်ပါတယ်ပေါ့လေ။ ဆိုတော့ အဲဒီအကျိုးဆက်က မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးရယ်၊ တိုင်းပြည် တည်ငြိမ်ရေးရယ် အများကြီး သက်ရောက်နိုင်တယ်။ မြန်မာက ရုရှားရဲ့ မဟာမိတ်ဖြစ်နေတော့ ပြည်တွင်းမှာ ရိုက်ခတ်မှု ပိုရှိလာမယ် ထင်တာပေါ့။ တခုတော့ ရှိတာပေ့ါ နိုင်ငံတကာ အခင်းအကျင်းမှာတော့ သံတမန်ရေးအရ စကားပြောနိုင်မယ့် UN လို အဖွဲ့အစည်းတခု ရှိတာတောင် ဒီဟာကို မဖြေရှင်းပေး နိုင်ဘူးဆိုတော့ UN ရဲ့ တည်ရှိမှု အပေါ်မှာလည်း တော်တော်လေး သံသယရှိတယ်။ အဲလိုဆိုတော့ မြန်မာနိုင်ငံမှာလည်း ဒီစစ်အုပ်စုက UN ရဲ့အခန်းကဏ္ဍကို အများကြီး ပျက်ရယ်ပြုနိုင်တဲ့ အနေအထား ရှိတယ်လို့ ကျနော်တို့ သုံးသပ်တယ်။"

ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတဝန်းမှာ စီးပွားရေးကျဆင်းတာ၊ ကုန်ဈေးနှုန်းကြီးးမြင့်တာ၊ ငွေကြေးဖောင်းပွတာစတဲ့ ပြဿနာတွေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဆိုတော့ ရုရှား-ယူကရိန်းစစ်ရေး အခြေအနေကြောင့် မြန်မာနိုင်ငံမှာရော နောက်ထပ် ဘယ်လိုအကျိုးဆက်တွေ ရှိလာနိုင်ပါသလဲ။ ဒီအပေါ်မှာ စမ်းချောင်းမြို့ခံကတော့

" မြန်မာပြည်မှာကတော့ ရောဂါဘယဘေးရော ၊ အာဏာသိမ်းတဲ့ အကျပ်တည်းပြဿနာတွေကြောင့် မြန်မာပြည်က နဂိုကတည်းက စီးပွားရေး ချွတ်ခြုံကျနေတာပေါ့ဗျာ။ ခု ယူကရိန်းအရေးကလည်း ကမ္ဘာတခုလုံးကို ရိုက်ခတ်လာနိုင်တာပေါ့နော်။ အခန့်မသင့်ရင် ကမ္ဘာစစ်ကြီးတောင် ဖြစ်သွားနိုင်တာမျိုး ဆိုတော့ ကမ္ဘာကြီးတခုလုံး ဒုက္ခရောက်သွားနိုင်တာပေါ့။ ပိုပြီး ဒုက္ခ ရောက်ကြမယ့်အထဲမှာ နဂိုထဲက ဒုက္ခရောက်နေတဲ့ မြန်မာပြည်ကတော့ ပိုပြီးဆိုးလာမယ်ဆိုတာကတော့ ယုံမှား သံသယဖြစ်စရာ မလိုဘူးပေါ့။ "

ရုရှား-ယူကရိန်းစစ်ရေး ပဋိပက္ခကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းကတည်းက မြန်မာနိုင်ငံမှာလည်း လောင်စာဆီဈေးနှုန်းတွေ ပိုပြီးတော့ မြင့်တက်လာခဲ့တယ်လို့ ရန်ကုန်မြို့ခံက ပြောပါတယ်။

" ကျနော်တို့ ဒီ ဗမာပြည်မှာဆိုရင်လည်း ငွေကြေး ဖေါင်းပွမှုက ပက်ပက်စက်စက် များနေတယ်။ နောက်ပြီး လောင်စာပြဿနာပေါ့။ ရုရှားက ယူကရိန်းကို မဝင်ခင် ၂ ရက်လောက် ကတည်းကိုက စက်သုံးဆီဈေးကလည်း ဟိုဖက်မှာ တက်တယ်ဆိုပြီး ဒီမှာလည်း တက်နေပြီပေါ့ဗျာ။ အဲဒီတော့ စဉ်းစားကြည့်ရင် ကြောက်စရာကြီးပေါ့၊ စစ်ဖြစ်လို့ ကြောက်ရမယ့်ကိစ္စတွေအပြင်ကို စီးပွားရေးတွေ ပျက်ပြီးတော့ အကုန်လုံး ဒုက္ခရောက်မယ့်ဟာကတော့ ပိုများမယ်လို့ ထင်တယ်။"

ရုရှား-ယူကရိန်းစစ်ပွဲအပေါ်မှာ ကမ္ဘာတဝန်းက စိုးရိမ်မှုတွေ တိုးလာနေပေမယ့်လည်း၊ အခုလို ရုရှားက ယူကရိန်းကို တိုက်ခိုက်တဲ့အပေါ် မြန်မာစစ်ကောင်စီဘက်ကတော့ ထောက်ခံကြောင်း ပြောထားပါတယ်ခင်ဗျာ။

Your browser doesn’t support HTML5

မြန်မာအပေါ် ယူကရိန်းအရေး ဂယက် မြန်မာတချို့အမြင်

= = = = = = = =

{{ UNICODE }}












