ဂျာမနီနိုင်ငံလုပ် တင့်ကားတွေကို ယူကရိန်းနိုင်ငံကို ပေးပို့နိုင်ဖို့အတွက် နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့တစ်ဖွဲ့ကို ပိုလန်နိုင်ငံက ဖွဲ့စည်းနေတယ်လို့ ပိုလန် ဝန်ကြီးချုပ်က တနင်္လာနေ့က ပြောပါတယ်။
အဲဒီ ဂျာမန်လုပ် Leopard 2 တင့်ကားတွေကို ဂျာမနီနိုင်ငံရဲ့ တရားဝင် ခွင့်ပြုချက်မရရင်လည်း ပိုလန်နိုင်ငံက ယူကရိန်းကို လွှဲပြောင်း ပေးပို့ သွားမယ်လို့ ဆိုပါတယ်။ ပိုလန် ဝန်ကြီးချုပ် မာတေးရုဇ် မောဝီရက်စကီ (Mateusz Morawiecki)က ပိုလန်အနေနဲ့ ဂျာမနီနိုင်ငံရဲ့ ခွင့်ပြုချက်ကို တောင်းခံသွားမှာ ဖြစ်ကြောင်း၊ ဒါပေမယ့် ဂျာမနီရဲ့ တရားဝင် ခွင့်ပြုချက်ပေးမှုဟာ အရေးပါမှာ မဟုတ်ကြောင်း ပြောပါတယ်။ တနင်္ဂနွေနေ့ကတော့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး အာနာလီနာ ဘဲဘော့ (Annalena Baerbock) က Leopard 2 တင့်ကားတွေကို ယူကရိန်းကို လွှဲပြောင်း ပေးပို့ ဖို့ ပိုလန်တို့ တောင်းဆိုလာရင် ဂျာမနီနိုင်ငံ အနေနဲ့ တားဆီးမှာ မဟုတ်ဘူးလို့ ပြင်သစ် တီဗီသတင်းဌာန LCI ကို ပြောပါတယ်။
အခုလို ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Baerbock မပြောခင် အချိန်အထိတော့ ဂျာမနီ အစိုးရက Leopard 2 တင့်ကား တွေ ယူကရိန်းကို ပို့ဖို့ကို ငြင်းဆန်နေသလို အဲဒီ တင့်ကားတွေကို ဝယ်ယူပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေ အဲဒီ တင့်ကားတွေကို ယူကရိန်းကို လွှဲပြောင်းပေးနိုင်ဖို့ကိုလည်း ခွင့်ပြုချက် မပေးဘဲ နေခဲ့ပါတယ်။ ယူကရိန်းတို့က ရုရှားတို့ သုံးနေတဲ့ ခေတ်မီ တင့်ကားတွေကို ရင်ဆိုင်တိုက်ခိုက်နိုင်ဖို့ အနောက်နိုင်ငံတွေဆီကနေ အကြီးစား တင့်ကားတွေ ရရှိဖို့ အချိန်အတော်ကြာ တောင်းဆိုနေတာပါ။
ပြီးခဲ့တဲ့ အပတ်ကတော့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး အိုလက်စကီ ရက်ဇ်နီကော့ဗ် (Oleksii Reznikov) က Leopard 2 တင့်ကားတွေ အသုံးပြုနိုင်ဖို့ ယူကရိန်းတပ်ဖွဲ့တွေ ပိုလန်နိုင်ငံမှာ လေ့ကျင့်နေပြီလို့ ဗွီအိုအေယူကရိန်းဌာနကို ပြောပါတယ်။
Your browser doesn’t support HTML5
[Unicode]