တင်းကြပ်တဲ့ ပါတီဥပဒေသစ် စစ်ကောင်စီပြဌာန်း

စစ်ကောင်စီ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များတွေ့ဆုံ (ယခင်မှတ်တမ်းရုပ်ပုံ)

အာဏာသိမ်းထားတာ ၂ နှစ်ပြည်ခါနီးချိန်မှာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ကို ပြဌာန်းလိုက်ပါတယ်။ ဥပဒေသစ်အရ ၂ လ အတွင်း နိုင်ငံရေးပါတီအားလုံး ပြန်လည်မှတ်ပုံတင်ကြရမှာဖြစ်ပါတယ်။ ပါတီအဖွဲ့ဝင်အင်အားနဲ့ ရန်ပုံတွေသတ်မှတ်ချက်တွေ ပြည့်မှီနိုင်ဖို့ ပါတီတွေအတွက် အခက်အခဲရှိနိုင်တဲ့ ဥပဒေသစ်အပေါ် နိုင်ငံရေးပါတီတွေ ဘယ်လို သဘောထားရှိနေကြပါသလဲ၊ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုသိန်းထိုက်ဦး တင်ပြပါမယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့ မနေ့က နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ကို စစ်ကောင်စီဘက်က ထုတ်ပြန်လိုက်တာပါ။ ၂ လ အတွင်း နိုင်ငံရေးပါတီအားလုံး ပြန်လည်မှတ်ပုံတင်ကြရမယ့် ဥပဒေသစ်အရ တနိုင်ငံလုံးမှာ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေအနေနဲ့ ပါတီရန်ပုံငွေကို ကျပ်သိန်း ၁ ထောင် တင်ပြနိုင်မှသာ မှတ်ပုံတင်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ အရင်က NLD အစိုးရလက်ထက်က ပါတီရန်ပုံငွေ ကျပ် ၅ သိန်း သတ်မှတ်ထားတာကို ကျပ်သိန်း ၁ ထောင်အထိ တိုးလိုက်တာဖြစ်ပါတယ်။ ပြည်နယ်/တိုင်းမှာသာ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေဆိုရင်လည်း ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ပြနိုင်မှသာ ပါတီမှတ်ပုံတင်နိုင်တော့မှာပါ။ အရင်က ကျန် ၃ သိန်းသာ သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ တနိုင်ငံလုံးမှာ စည်းရုံးမယ့်ပါတီဆိုရင် ပါတီဝင်အင်အားကိုလည်း ပါတီမှတ်ပုံတင်ပြီး ရက် ၉၀ အတွင်း ပါတီဝင် ၁ သိန်း စည်းရုံးနိုင်ဖို့လိုသလို ပြည်နဲ့ တိုင်းမှာပဲ စည်းရုံးမယ့်ပါတီဆိုရင် ပါတီဝင် ၁ ထောင် စည်းရုံးနိုင်ရမယ်လို့ သတ်မှတ်ထားပါတယ်။ ဥပဒေသစ်က လူနည်းစုတိုင်းရင်းသားပါတီတွေ ရပ်တည်နိုင်ရေး အခက်အခဲတွေ့နိုင်မယ့် ဥပဒေတခုဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ဗွီအိုအေကိုပြောပါတယ်။

"အလွယ်ဆုံးပြောရရင်တော့တိုင်းရင်းသားပါတီတွေကို သက်ဆိုင်ရာပြည်နယ်တွေကို တွန်း ပို့ပြီး ပြည်ထောင်စုအဆင့်မှာ ဝင်ရောက်ပြီး နေရာမယူဖို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုအောင်လို့ တွန်းပို့ တဲ့သဘောလို့ယူဆလို့ရပါတယ်။ ပြည်ထောင်စုအဆင့်မှာဘယ်လိုမှဝင်ပါလို့မရတဲ့ အနေအထားမျိုး ရောက်သွားတာပါ။ တိုင်းရင်းသားတွေက သူ့ပြည်နယ်ကိုယ့်ပြည်နယ်ဘဲနေကြတာမဟုတ်ဘူးလေ။ တနိုင်ငံလုံးနေကြတယ်။ အနည်းဆုံးတိုင်းနဲ့ပြည်နယ် ၂ခုမှာနေကြတယ်။ ကိုယ့်ပါတီက ပြည်ထောင်စု တခုလုံးကိုလွှမ်းခြုံနိုင်တာမရှိဘူး။ သူတို့သတ်မှတ်တဲ့ငွေကြေးနဲ့လူအရေအတွက် မစည်းရုံးနိုင်ရင် ကိုယ်နဲ့ဆက်စပ်တဲ့တိုင်းပြည်နယ်ကိုဆင်း ပြီးတောင်မှ ရွေးကောက်ပွဲဝင်နိုင်တဲ့အနေအထားမရှိအောင် လုပ်ထားတယ်ဆိုတော့မှ တဖက်မှာ ပီအာနဲ့တိုင်းရင်းသားအခွင့်အရေးတွေပေးမယ်ဆိုတာမျိုးအရောင်ပြပြီး အခြားတဖက်မှာတော့ ပြည်ထောင်စုအဆင့်မှာပါ ပါဝင်ခွင့်မရအောင်တမင်ပြန်ကန့်သတ်တာက ရှေ့နောက်မညီတဲ့ ဥပဒေဖြစ်တယ်လို့ယူဆလို့ရတယ်။"

SNLD ပါတီအနေနဲ့ ပြန်လည် မှတ်ပုံတင် မတင်ဆိုတာ လောလောဆယ် မဆုံးဖြတ်နိုင်သေးဘူးလို့ ပြောပါတယ်။ ရခိုင်ပြည်နယ်အခြေစိုက် မွတ်ဆလင်ဘာသာဝင် အများစုနဲ့ ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ အတွင်းရေးမှူး ဦးကျော်စိုးအောင်ကလည်း ဥပဒေသစ်က လူနည်းစုတိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပါတီတွေ ရပ်တည်ဖို့ အခက်အခဲတခုဖြစ်လာနိုင်တယ်လို့ ခုလိုသုံးသပ်ပါတယ်။

"ကျနော်တို့နိုင်ငံရေးပါတီတည်ထောင်တယ်ဆိုတာက လူနည်းစုအသံ ပြည်သူတွေအသံကို ပြည်ထောင်စုအစိုးရနဲ့ ပေါင်းကူးပေးပြီးပြည်သူ့အသံနားထောင်ပေးရအောင် ရည်ရွယ်ချက်နဲ့ လုပ်ထားတဲ့ နိုင်ငံရေးပါတီတွေဖြစ်တယ်။ မနေ့ကထုတ်ပြန်တဲ့ဥပဒေအရဆိုရင် တနိုင်ငံလုံးလူဦးရေ ၁ သိန်း ဘဏ္ဍာငွေဆို သိန်း ၁၀၀၀ ဆိုတာက ကျနော်တို့လူနည်းစုတွေအနေနဲ့ ရှာလို့မရနိုင်ဘူး ဖြစ်နေတယ်။ လူနည်းစုတွေရှာဖွေလို့မရရင်လူနည်းစုတွေအသံက လွှတ်တော်ကို ဘယ်လိုလုပ်ရောက်မလဲ နိုင်ငံတော်အစိုးရဆီဘယ်လိုရောက်မလဲဆိုတဲ့သောကတော့ရှိတယ်။ အဲတော့ လူနည်းစုအနေအထားသိပြီးမှ နိုင်ငံရေးပါတီတွေကိုဒီလိုလုပ်မယ်ဆိုရင် လူနည်းစုဆိုပြီးခွဲခြားဆက်ဆံတဲ့ ပုံစံဖြစ်သွားတယ်လို့ ကျနော်တို့ခံစားရတယ်။"

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်အရ တနိုင်ငံလုံး ရွေးကောက်ပွဲဝင်မယ့် ပါတီတွေဆိုရင် ၆ လအတွင်းမှာ နိုင်ငံတဝန်း မြို့နယ်ပေါင်းထက်ဝက်ဖြစ်တဲ့ မြို့နယ် ၁၅၀ မှာ ရုံးခန်းတွေဖွင့်ရမှာဖြစ်သလို၊ တိုင်းနဲ့ပြည်နယ်အဆင့်မှာသာ ရွေးကောက်ပွဲဝင်မယ်ဆိုရင် အနည်းဆုံး ၅ မြို့နယ်မှာ ပါတီရုံးခန်းတွေ ဖွင့်လှစ်ဖို့လည်း သတ်မှတ်ထားပါတယ်။ သူတို့သတ် မှတ်ချက် တွေကို မလိုက်နာနိုင်တဲ့ပါတီတွေကို ဖျက်သိမ်းသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ဥပဒေပြဌာန်းလိုက်တဲ့ နေ့ကစလို့ ၂ လ အတွင်း လက်ရှိရှိနေတဲ့ နိုင်ငံရေးပါတီတွေအားလုံး ပြန်လည် မှတ်ပုံတင် ကြရမှာဖြစ်ပါတယ်။ အဲဒီလို မှတ်ပုံမတင်ရင် ပါတီ အလိုအလျောက် ဖျက်သိမ်းပြီးသား ဖြစ်မယ်လို့လည်း ဆိုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြန်ပြီး ပါတီမှတ်ပုံတင် မတင် ဆိုတာသိရအောင် ပါတီတာဝန်ရှိသူတွေကို ဆက်သွယ်ပေမဲ့ အဆက်အသွယ် မရခဲ့ပါဘူး။ တကယ်လို့သာ မှတ်ပုံ ပြန်မတင်ရင်တော့ အခုဥပဒေအရ ပါတီဆက်လက် ရပ်တည်ခွင့်မရှိတော့ဘဲ အလိုအလျောက် ပျက်ပြယ်သွားမယ့်အခြေအနေ ရှိနေပါတယ်။ ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးကတော့ အခုလို နိုင်ငံရေးပါတီတွေလိုက်နာဖို့ ဥပဒေထုတ်ပေမယ့် မတည်မငြိမ်ဖြစ်နေတဲ့ အခုအခြေအနေမှာ နိုင်ငံရေး ပါတီတွေအနေနဲ့ ရပ်တည်နိုင်ဖို့တောင်ခက်ခဲနေတာမို့ ဥပဒေအတိုင်း လိုက်နာလုပ်ဆောင်ဖို့ ခက်ခဲတယ်လို့ ပြောဆိုလိုက်ပါတယ်။ ပြည်သူ့ပါတီအနေနဲ့လည်း ပြန်လည် မှတ်ပုံတင် မတင်ဆိုတာ မပြောနိုင်သေးဘူးလို့ ဦးကိုကိုကြီးက ဗွီအိုအေကိုတုံ့ပြန်ခဲ့ပါတယ်။

" နိုင်ငံရေးပါတီတရပ်ဆိုတာက ပြည်သူနဲ့ကင်းကွာလို့မရဘူး။ ပြည်သူ့ရဲ့စိတ်ခံစားချက် ပြည်သူရဲ့ အမြင် သဘောထားတွေနဲ့ ပါတီတခုကရပ်တည်နေတာ ဆက်ဆံနေတာ ဒီရွေးကောက်ပွဲဘဲလုပ်လုပ် ဘာဘဲလုပ်လုပ် ဒီအကြပ်အတည်းကိုကျော်လွှားဖို့အတွက် အသွင်ကူးပြောင်းရေးကာလသဘောတူညီ ချက်တရပ် ရဖို့လိုတယ်လို့ ကျနော်တောက်လျှောက်ပြောခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေးပတ်ဝန်းကျင် အခြေအနေကောင်းရင် ပါတီတွေလဲစည်းရုံးလှုပ်ရှားရတာအဆင်ပြေမယ် အခုအတိုင်းက လက်ရှိအစိုး ရအဖွဲ့ တာဝန်ရှိသူတွေရဲ့ လုံခြုံရေးတောင်မှ တာဝန်မယူနိုင်တဲ့ အချိန်မှာ နိုင်ငံရေးပါတီတွေအနေနဲ့ ပြည် သူကြားထဲစည်းရုံးလှုပ်ရှားဖို့တော်တော်ခက်ခဲပါတယ်။ ဆိုလိုချင်တာမြေကြီးမရှိဘဲအပင်စိုက်မရဘူး။ နိုင်ငံရေးပတ်ဝန်းကျင်ကောင်းကောင်းရှိမှဘဲ နိုင်ငံရေးပါတီတွေရပ်တည်ရေးဆိုတာက ဆောင်ရွက်နိုင်မယ်လို့ကျနော်တော့မြင်ပါတယ် "

အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေမှာ မတရားအသင်းကြေညာခံထားရတဲ့သူတွေ၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားလုပ်နေတဲ့ အဖွဲ့အစည်းတွေ ပါတီတည်ထောင်ခွင့် မရှိဘူးလို့လည်း ဖော်ပြထားပါတယ်။ ၂၀၂၃ သြဂုတ်လမှာ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကောင်စီအကြီးအကဲက အရင်ပြောထားဖူးသလို အခုလို နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေသစ်တွေကို ပြဌာန်းလိုက်ပေမဲ့ ရွေးကောက်ပွဲလုပ်မယ် မလုပ်ဘူးဆိုတာကိုတော့ စစ်ကောင်စီက အတိအကျ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ဒီနှစ်ထဲမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ဆိုတာက အခြေအနေတွေပေါ် မူတည်ပြီး ကျင်းပနိုင်မယ်လို့ တပ်အပ်မပြောနိုင်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဗွီအိုအေမြန်မာပိုင်းကို ပြောကြားထားပါတယ်။

Your browser doesn’t support HTML5

တင်းကြပ်တဲ့ ပါတီဥပဒေသစ် စစ်ကောင်စီပြဌာန်း

[Unicode]








