မြန်မာဘက်က အစိုးရချင်းသဘောတူညီမှုနဲ့ တရားဝင်စေလွှတ်လိုက်တဲ့ မြန်မာ MoU လုပ်သားတွေဟာ ထိုင်းရောက်တဲ့အခါမှာ အလုပ်မရဘဲ ရက်သတ္တပတ်များစွာ စောင့်ဆိုင်းနေရကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားရေး ဖြေရှင်းနေသူတွေက ပြောပါတယ်။ ဒီအရေအတွက်ဟာ အခုရက်ပိုင်းအတွင်း ၁,၀၀၀ အထက်မှာရှိနိုင်ကြောင်း ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဝင်းခန့်မောင်က ပြောပြမှာပါ။
မသေချာ၊ မရေရာတဲ့ အလုပ်ခန့်စာချုပ်တွေကို ဟန်ပြချုပ်ဆိုပြီး ထိုင်းနိုင်ငံကို အလုပ်သမားပို့ဆောင်နေတဲ့ မြန်မာ အေဂျင်စီတွေကြောင့် အလုပ်မရဘဲ သောင်တင်နေတဲ့ မြန်မာ MoU လုပ်သားက တထောင်အထက်မှာ ရှိနိုင်ကြောင်း အလုပ်သမားရေး ဖြေရှင်းနေသူတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီအေဂျင်စီတွေက ဟန်ပြချုပ်ဆိုထားတဲ့ အလုပ်ခန့်စာတွေနဲ့ စေလွှတ်ပြီး ထိုင်းရောက်မှ နီးစပ်ရာအလုပ်တွေဆီ ချိတ်ဆက် ပို့ဆောင်နေကြောင်း အလုပ်မရသေးတဲ့ MoU လုပ်သားတဦးက ဗွီအိုအေကို ပြောပါတယ်။
" MoU ဆိုတာက သူဌေးနဲ့ အလုပ်သမားနဲ့ စာချုပ် ချုပ်ရတာကိုး၊ ဒါပေမဲ့ သူတို့က သူဌေးနဲ့ အလုပ်သမားနဲ့ စာချုပ်ချုပ်တာ မဟုတ်ဘူး။ မချုပ်ဘဲခေါ်လာပြီး ဒီရောက်မှအဆင်ပြေသလို ထည့်ပေးကြတာ။ ထည့်ပေးတော့ အဆင်မပြေနိုင်ဘူး။ အရာအားလုံး ဘယ်အဆင်ပြေနိုင်မလဲ။ အပွင့်လင်းဆုံး ပြောရမယ်ဆိုရင် ဒီလိုမျိုးထည့်ပေးတဲ့ အလုပ်သည် 100% အဆင်မပြေနိုင်ဘူးပေါ့။ တော်တော်များများ ဒုက္ခရောက်တာ အဲလိုလူမျိုးတွေက ဒုက္ခရောက်တာ။"
နှစ်နိုင်ငံ တရားဝင် အလုပ်သမားစေလွှတ်တဲ့ MoU ကိစ္စမှာ အဘက်ဘက်က စိစစ်မှုတွေ အားနည်းတာကြောင့် တရားမဝင် MoU ပုံစံဖြစ်လာကြောင်း အလုပ်သမားရေး အဖွဲ့တွေက ဝေဖန်ကြပါတယ်။ အလုပ်သမားစာချုပ်ကို ဟန်ပြသာချုပ်ဆိုပြီး မြန်မာဘက်က အေဂျင်စီတွေက အလျင်စလို စေလွှတ်မှုတွေကြောင့် ထိုင်းဘက်မှာ သောင်တင်နေတဲ့ MoU လုပ်သားက ထောင်ချီရှိနေတာပါ။ လက်ရှိမှာ ထိုင်း-မြန်မာ နှစ်နိုင်ငံ MoU ဈေးကွက်က ပျက်နေကြောင်း ပြောပါတယ်။ ဟန်ပြစာချုပ်ချုပ်ပြီး ထိုင်းဘက်ရောက်မှ အလုပ်သမားတွေက အဆင်ပြေတဲ့အလုပ်ကို ဝင်ရောက်လုပ်ကိုင်နေရတာပါ။
ဆက်စပ်ဖတ်ရှုစရာ ကယ်ဆယ်လိုက်နိုင်တဲ့ ထိုင်းရောက်ညှဉ်းဆဲခံ မြန်မာလုပ်သားတချို့တဖက်မှာ အလုပ်မသေချာဘဲ အလုပ်သမားတွေကို ရသလောက် စေလွှတ်နေတာကြောင့် တချို့ MoU လုပ်သားတွေဟာ ထိုင်းရောက်တဲ့အခါမှာ နီးစပ်ရာအဆောင်ခန်းတွေမှာ စုဝေးခံရထားကြောင်း ရခိုင်အလုပ်သမားများအဖွဲ့ရဲ့ ဒါရိုက်တာ ကိုအောင်အောင်က ဗွီအိုအေကို ပြောပါတယ်။ အဲဒီအခါမှာ အလုပ်သမားတွေက ထိုင်းရောက်မြန်မာအဖွဲ့တွေကို ချဉ်းကပ်ပြီး နည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းရကြောင်း သူကပြောပါတယ်။
" ဆိုတော့ နောက်ဆုံးမှာ အလုပ်သမားတွေ အများဆုံး နစ်နာတာကို တွေ့ရတယ်။ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကိုခေါ်လာတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ မရှာပေးဘူး၊ အဆင်ပြေတဲ့နေရာတွေမှာ လှောင်ထားတယ်။ အဲဒီအလုပ်သမားတွေက စာအုပ်ကို သူတို့စီစဉ်မှုအောက်မှာ မသွားဘဲ နောက်တနေရာကို သွားလိုက်ပြီဆိုတာနဲ့ MoU နဲ့လာတဲ့ စာချုပ်သက်တမ်းတွေက ပျက်စီးသွားပြီးတော့ သူက တရားမဝင်တဲ့ အလုပ်သမားတွေ ပြန်ဖြစ်ကုန်ကြတယ် အများကြီး။"
ဒီလိုပြဿနာကြုံတွေ့နေတဲ့ မြန်မာအလုပ်သမားတွေက ထောင်ချီရှိကြောင်း ကိုအောင်အောင်က ပြောပါတယ်။ ထိုင်းကို မြန်မြန်ပို့ပေးတဲ့ အေဂျင်စီကိုရွေးချယ်တဲ့ အလုပ်သမားတွေရော၊ စနစ်တကျမပို့ဘဲ အလျှင်စလိုပို့ဆောင်တဲ့ အေဂျင်စီတွေရော နှစ်ဘက်လုံးမှာ လိုအပ်ချက်ရှိကြောင်း သူကပြောပါတယ်။ ထိုင်း-မြန်မာ တရားဝင် လုပ်သားစေလွှတ်တာကို ပြန်ပြီးစတင်တဲ့ ၂၀၂၂ မေလ ၁၀ရက်ကစပြီး ထိုင်းကို MoUနဲ့သွားတဲ့ မြန်မာနိုင်ငံသားက တသိန်းလောက်ရှိပါတယ်။ တရားမဝင်သွားတဲ့ ဦးရေကလည်း များပြားနေတာကြောင့် လက်ရှိမှာ လုပ်သားလိုအပ်ချက် နည်းလာပြီး မြန်မာတွေအနေနဲ့ အလုပ်ရဖို့လည်း ခက်ခဲလာတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5