စားနပ်ရိက္ခာမလုံလောက်မှု မြန်မာ့ပြဿနာ

နေပြည်တော်မြို့ပေါ်က ဈေးတခုမှာ ဈေးဝယ်နေကြသူများကိုတွေ့ရစဉ် (မတ် ၂၄၊ ၂၀၂၀)

စားနပ်ရိက္ခာ မလုံလောက်မှုအထူးစိုးရိမ်ရတဲ့ နိုင်ငံစာရင်းဝင် မြန်မာနိုင်ငံမှာ နိုင်ငံရေးပဋိပက္ခ၊ သဘာဝဘေးအန္တရာယ်တို့အပြင် စစ်ရေးအသုံးစရိတ်ကိုပဲ တိုးမြှင့်သုံးစွဲတာကြောင့် စီးပွားရေးပိုပြီး ထိခိုက်ရပါတယ်။ ကမ္ဘာ့၊ မြန်မာ့မီဒီယာမြင်ကွင်းကို ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။ 

မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာ ပြတ်လပ်နိုင်တဲ့ အန္တရာယ်ကြုံတွေ့နေပြီလား။ ဘာကြောင့်ဖြစ်ပေါ်ရပါသလဲ။ ဘယ်လိုဖြေရှင်းကြမလဲ။

မြန်မာနိုင်ငံဟာ ပြည်တွင်းစစ် တာရှည်ဖြစ်ပွါးနေတဲ့ နိုင်ငံ။ မြန်မာနိုင်ငံဟာ Genocide လူမျိုးတုံးသတ်ဖြတ်မှုတွေဖြစ်ပွါးရာနိုင်ငံ။ ဘာသာရေးလွတ်လပ်ခွင့် မရှိတဲ့နိုင်ငံ၊ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အဆိုးဆုံး ၁၀ နိုင်ငံထဲမှာပါဝင်တဲ့နိုင်ငံ။ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ။မြန်မာနိုင်ငံဟာ Failed State လို့ခေါ်တဲ့ ကျရှူံးနိုင်ငံဖြစ်နေပြီလို့ ပြောဆို သုံးနှုန်းကြတာတွေရှိပါတယ်။ အထူးသဖြင့်တော့ ၂၀၂၁၊ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းပြီးတဲ့နောက်မှာ Failed State ဆိုတဲ့ အသံ ပိုပြီး ကျယ်လောင်လာတာတွေ့ရပါတယ်။ နိုင်ငံနဲ့အဝှမ်း ပဋိပက္ခနဲ့ မငြိမ်သက်မှုတွေ ဖြစ်ပေါ်ခဲ့သလို ပညာရေး၊ ကျန်းမာရေး၊ စီးပွါးရေးအခြေအနေတွေဟာလည်း သိသိသာသာဆိုးရွားလာတာတွေ့ရပါတယ်။ အထူးသဖြင့် စစ်ပွဲတွေ၊ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွါရတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ သန်းနဲ့ချီတဲ့အထိ များပြားလာခဲ့ပါတယ်။ ဒီလိုအချိန်မှာ မြွေပူရာ ကင်းမှောက်ဆိုသလို သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ အင်အားပြင်း မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ်ကိုလည်း လောလောဆယ်မှာ ရခိုင်ပြယ်နယ်၊ ချင်းပြည်နယ်၊မကွေးနဲ့ စစ်ကိုင်းတိုင်းတွေမှာ အဓိကခံစားနေကြရပါတယ်။

ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာ ပြတ်လပ်နိုင်တဲ့အန္တရာယ်ကို ကုလသမဂ္ဂက သတိပေးချက် ထုတ်ပြန်ခဲ့တာဖြစ်မှာပါ။ ဒီအကြောင်းကို VOA ရဲ့ မေ ၂၉ ရက်သတင်းမှာအခုလိုဖော်ပြထားပါတယ်။ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့ အခြေအနေ ပိုပြီးဆိုးရွားလာနိုင်တဲ့အကြောင်း ကုလသမဂ္ဂ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာ အဖွဲ့ FAO က သတိပေးထားပါတယ်။ ဆူဒန်၊ ဟေတီ၊ ဘူကီနာဖာဆို နဲ့ မာလီ၊ အာဖဂန်နစ္စတန်၊ နိုင်ဂျီးရီးယား စတဲ့ အရေးပေါ်အကူအညီလိုအပ်တဲ့ အဆိုးရွားဆုံး နိုင်ငံ ၉ နိုင်ငံနဲ့အတူ စားနပ်ရိက္ခာ မလုံလောက်မှုအတွက် အထူး စိုးရိမ်ရတဲ့ နိုင်ငံ ၂၂ နိုင်ငံထဲမှာ မြန်မာနိုင်ငံကို ထည့်သွင်းထားတာပါ။ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ပြည်တွင်း အိုးမဲ့ အိမ်မဲ့ အတိဒုက္ခရောက်နေတဲ့သူတွေအပါအဝင် လူ ၁၅ သန်း ၂ သိန်း စားနပ်ရိက္ခာနဲ့ အသက်ရှင်နေထိုင်ရေးအတွက် အထောက်အပံ့တွေ လိုအပ်မယ့်အကြောင်း FAO အရာရှိတွေက ပြောဆိုထားပါတယ်။ ၂၀၂၃ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံက ကလေးငယ် နဲ့ အမျိုးသမီး ၂ သန်း ၂ သိန်းအတွက် အာဟာရ ဖြည့်ဆည်းပေးနိုင်ရေး စားနပ်ရိက္ခာ အကူအညီ လိုအပ်မယ်လို့လည်း FOA ရဲ့ အစီရင်ခံစာက ခန့်မှန်းထားပါတယ်။

နေပြည်တော်မြို့ဝန်းကျင်က စပါးစိုက်ခင်းမှာ စပါးစိုက်ပျိုးနေတဲ့ တောင်သူများကိုတွေ့ရစဉ် (မေ ၁၊၂၀၁၈)

မေ ၂၈ ရက် Myanmar Now မှာလည်း "တောင်ယာငှားရမ်းလုပ်ကိုင်ရသည့် ပင်လောင်းစစ်ရှောင်များ” ဆိုတဲ့ သတင်းတစ်ပုဒ်ကို ဖတ်ရပါတယ်။အဲဒီသတင်းမှာ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းဒေသခံ စစ်ဘေးရှောင်တွေဟာ ၎င်းတို့ ခိုလှုံနေကြတဲ့ ကျေးရွာတွေရဲ့ မြေလွတ်များကို ငှားရမ်းကာ တောင်ယာစပါးစိုက်ပျိုးပြီး ဝမ်းရေးအတွက် ဖြေရှင်းနေကြရတဲ့အကြောင်းရေးသားထားပါတယ်။

ပဋိပက္ခဒေသတွေမှာ စစ်တပ်ကကျင့်သုံးနေတဲ့ ဖြတ်လေးဖြတ်ဗျူဟာနဲ့ မြေလှန်စနစ်ဟာလည်း စားနပ်ရိက္ခာ မလုံလောက်မှုအကျပ်အတည်းကိုဖြစ်ပေါ်စေတဲ့အကြောင်းရင်းတစ်ခုပါ။ လယ်စိုက်ချင်ရင် ခံဝန်ထိုးရမယ်လို့ မော်တိတ်ဒေသခံများကို စစ်တပ်ခြိမ်းခြောက်ဆိုတဲ့ သတင်းကို မေ ၂၅ ရက် ဧရာဝတီ သတင်းမှာတွေ့ရပါတယ်။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်တိတ်ဒေသရှိ တောင်သူတွေဟာ လယ်ယာလုပ်ငန်းများလုပ်ကိုင်လိုပါက စစ်ကောင်စီတပ်တွေဆီမှာ ခံဝန်ထိုးနေရတယ်။အင်းတော်မြို့နယ်ဟာ စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ထားတဲ့နယ်မြေဖြစ်တာကြောင့် စစ်အုပ်ချုပ်ရေးအမိန့်ကို နာခံပါမယ်၊ PDF တွေနဲ့ မပတ်သက်ပါဘူးဆိုတာကို ဝန်ခံလက်မှတ်ထိုးရတယ်လို့ ဒေသခံတွေကပြောတဲ့အကြောင်း သတင်းမှာဖော်ပြထားပါတယ်။

Human Rights Watch ရဲ့ ၂၀၂၃ ကမ္ဘာ့အစီရင်ခံစာမှာလည်း "စားသုံးကုန်ပစ္စည်းများ ပို့ဆောင်ရေး ကွင်းဆက်များ ပြတ်တောက်ခြင်း၊ ကုန်ဈေးနှုန်းများ တိုးမြင့်လာခြင်း၊ ကုန်စည်ရှားပါးလာခြင်းနှင့် စိုက်ပျိုးရေး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးရခြင်းတို့ကြောင့် နိုင်ငံတစ်ဝန်း စားနပ်ရိက္ခာ ပြတ်လပ်မှု ပိုမိုတိုးပွားလာသည်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေဈေး အဆမတန် ကျဆင်းလာသောကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာရသူများနှင့် ပဋိပက္ခဒဏ်ခံရသော လူထုသာမက မြို့ပြနှင့် မြို့ပြဝန်းကျင်ဒေသလူထုပါ စားနပိရိက္ခာအကျပ်အတည်းများနှင့် ရင်ဆိုင်နေကြရသည်”လို့ ဖော်ပြထားတာတွေ့ရပါတယ်။

အားလုံးသိကြတဲ့အတိုင်း မြို့ပြဒေသတွေနဲ့ စက်မှုဇုန်တွေမှာလည်း လျှပ်စစ်မီး ပုံမှန်မရ၊ ပြတ်တောက်ချိန်များလို့ အိမ်တွင်းမှုလုပ်ငန်း၊ အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်းတွေဟာ အပြည့်အဝ လည်ပတ်နိုင်ခြင်း မရှိတော့ပါဘူး။ စက်မှုဇုန်တွေမှာလည်း အလုပ်သမားတွေလျှော့ချတာ၊ လုပ်ငန်းတွေရပ်ဆိုင်းတာ၊ နိုင်ငံခြားကုမ္ပဏီကြီးတွေ ပြန်လည်ထွက်ခွါတာတွေကြောင့် အလုပ်အကိုင်တွေဆုံးရှူံး၊ အလုပ်လက်မဲ့တွေတိုးပွါး၊ ဝင်ငွေတွေလျှော့နည်းကာ စီးပွါးရေး ပိုမိုကျပ်တည်းလာနေပါတယ်။


စစ်ကောင်စီဟာလည်း နိုင်ငံတဝှမ်းမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် စီးပွါးရေးဖွံ့ဖြိုးမှုကို အာရုံမစိုက်နိုင်ဘဲ နိုင်ငံဘဏ္ဍာကိုလည်း စစ်အသုံးစရိတ်အတွက်သာ တိုးမြှင့်သုံးစွဲနေတာ တွေ့ရပါတယ်။ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၃ ဧပြီလအထိ တိုက်ပွဲပေါင်း ၁၀,၇၅၄ ကြိမ်ဖြစ်ပွါးခဲ့ကာ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၀၅ မြို့နယ်မှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ISP-Myanmar ရဲ့အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ်(၄၅) မှာဖော်ပြထားပါတယ်။ ဒါ့အပြင် ISP-Myanmar ရဲ့ မြင်ကွင်းကျယ်မှတ်စုများမှာလည်း စစ်ကောင်စီရဲ့ စစ်အသုံးစရိတ်သုံးဆနီးပါး မြင့်မားလာကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ စစ်အသုံးစရိတ်ဟာ ဘတ်ဂျက်ရဲ့ ၂၈ ရာခိုင်နှုံး သတ်မှတ်ထားကြောင်း၊၂၀၂၃-၂၀၂၄ ဘတ်ဂျက် မှာပညာရေးနဲ့ကျန်းမာရေး နှစ်ခုပေါင်းဘတ်ဂျက်ဟာ ၁၅ ရာခိုင်နှုန်းသာရှိကြောင်း၊ အာဏာမသိမ်းခင် အရပ်သား အစိုးရလက်ထက် စစ်အသုံးစရိတ် ၁၀ ရာခိုင်းနှုန်းနဲ့နှိုင်းယှဉ်ရင် သုံးဆနီးပါးမြှင့်တက်လာခြင်းဖြစ်တယ်လို့ နှိုင်းယှဉ်ဖော်ပြထားတာတွေ့ရပါတယ်။

စစ်ကောင်စီဟာ အာဏာဆက်လက်တည်မြဲရေး၊ နယ်မြေစိုးမိုးထိန်းချုပ်နိုင်ရေးအတွက် စစ်အသုံးစရိတ်တွေကို တိုးမြှင့်သုံးစွဲနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအကဲခတ်တွေကတော့ စစ်ကောင်စီအနေနဲ့ တစ်နိုင်ငံလုံးကို ထိန်းချုပ်နိုင်ဖို့ဆိုတာ ဖြစ်နိုင်ခြေ မရှိတော့ဘူးလို့ သုံးသပ်ကြပါတယ်။ စစ်အသုံးစရိတ်တွေ တိုးမြှင့်သုံးစွဲနေတာဟာ ပြဿနာရဲ့အဖြေမဟုတ်ပါဘူး။ လက်ရှိကြုံတွေ့နေရတဲ့ ပဋိပက္ခ၊ စစ်ဘေးရှောင် ဒုက္ခသည်ပြဿနာအပါအဝင် ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာ မလုံလောက်မှု၊ မလုံခြုံမှုတွေရဲ့ အရင်းခံပြဿနာဟာ နိုင်ငံရေးပြဿနာဖြစ်ပါတယ်။ အရင်းခံဖြစ်တဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မှ လက်ရှိရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေက လွတ်မြောက်နိုင်မှာ ဖြစ်တယ်လို့ နိုင်ငံရေးစောင့်ကြည့်လေ့လာသူတွေက ထောက်ပြကြပါတယ်။ နိုင်ငံရေးပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကတော့ သက်ဆိုင်ရာ Stakeholders တွေ၊ နိုင်ငံရေးအင်အားစုတွေအပေါ် မူတည်နေတယ်လို့ ဆိုရမှာဖြစ်ကြောင်းပါ။

Your browser doesn’t support HTML5

စားနပ်ရိက္ခာမလုံလောက်မှု မြန်မာ့ပြဿနာ "ကမ္ဘာ့၊ မြန်မာ့ မီဒီယာမြင်ကွင်း"