ကျိုက်မရောထောင်မှာ နောက်ထပ် နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး

ကျိုက်မရော အကျဉ်းထောင်

မွန်ပြည်နယ်၊ကျိုက်မရောထောင်မှာနောက်ထပ်နိုင်ငံရေးအကျဉ်းသားတယောက် အချိန်မှီဆေးကုသခွင့်မရဘဲ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဘက်ကထုတ်ပြန်ပါတယ်။ တပါတ်အတွင်း ဒါဟာဒုတိယမြောက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။ အကျဉ်းထောင်တွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု အင်မတန်လိုအပ်နေပြီး စိုးရိမ်စရာအခြေအနေဖြစ်နေတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) ဘက်ကထောက်ပြပါတယ်။ နိုင်ငံတကာအနေနဲ့ အခုလို အဖြစ်မျိုးတွေ ထပ်မကြုံအောင် ဆောင်ရွက်ပေးဖို့ လည်း နိုင်ငံရေးအကျဉ်းသားတွေကိုကူညီဆောင်ရွက်ပေးသူတွေဘက်က တောင်းဆိုလိုက်ပါတယ်။ ဒီသတင်းရန်ကုန်က တင်ပြလာ တာကို မအင်ကြင်းနိုင်က ပြောပြပေးမှာပါ။

ဦးပြည့်ဖြိုးအောင်ဟာ မွန်ပြည်နယ်၊ကျိုက်မရောထောင်မှာ ဒီနေ့မနက်ပိုင်းက သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒါဟာ တပါတ်အတွင်းမှာတင် နောက်ထပ်နိုင်ငံရေးအကျဉ်းသားတယောက် အချိန်မှီဆေးကုသခွင့်မရဘဲ သေဆုံးခဲ့တယ်လို့ မြန်မာ နိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ယက်(PPNM) ဘက်ကထုတ်ပြန်ပါတယ်။ ကျိုက်မရောထောင်မှာ ဇန်နဝါရီ ၁၂ ရက်နေ့ကလည်း အစ္စလမ်ဘာသာဝင် အသက် ၄၃ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုရာရှင် (ခ) ဟာရှင်ဆိုသူလည်း သေဆုံးခဲ့တာပါ။ အခု သေဆုံးသူဟာ အသက် (၃၁)နှစ်အရွယ် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အကြမ်းမဖက်တဲ့ လှုပ်ရှားမှု CDM မှာပါဝင်ခဲ့တဲ့ မီးသတ် ဝန်ထမ်း ဦးပြည့်ဖြိုးအောင် ဖြစ်ပါတယ်။ သူ့ကို စစ်ကောင်စီ ဘက်က အကြမ်းဖက် ဥပဒေပုဒ်မ ၅၂-ကနဲ့ စွပ်စွဲကာ ထောင် ၇နှစ် ချမှတ်ခဲ့တာပါ။ သေဆုံးရတာနဲ့ပတ်သတ်လို့ မြန်မာ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဦးဆောင်ကော် မတီဝင် ဦးသိုက်ထွန်းဦးက အခုလိုပြောပြလာတာဖြစ်ပါတယ်။

"သူက အပြင်အဖမ်းမခံခင်ကာလမှာထဲကဗိုက်အောင့်တတ်တဲ့ အကျင့်တော့ရှိတယ်။ မနေ့က တနေကုန်ကအေးဆေးဘဲ။ ကျန်းကျန်းမာမာဘဲ ညနေပိုင်းလောက်မှာ ဗိုက်အောင့်လာတယ်။ တန်းပိတ်သွားတယ်။ ၉နာရီမှာ မသက်သာတဲ့အဆုံးဝန်ထမ်းတွေကိုခေါ်တယ် ခေါ်ပြီးတော့ ထောင်ဆေးရုံခေါ်သွားတယ်။ ဆေးရုံမှာတာဝန်ကျဆရာဝန်ဆေးရုံအုပ်ကမရှိဘူး။ တာဝန်ကျဂျူတီက သွားဆရာဝန်ဘဲရှိတယ်။ အဲမှာသူကမေး မြန်းပြီးသက်သာအောင်ဆေးတလုံးထိုးပေးလိုက်တယ်။ ခဏပြန်သက်သာတယ်သိရတယ် သက်သာလို့အေးဆေးထိုင်နေတုန်းမှာ ၁နာရီ လောက်ကြာတော့ ပါးစပ်က အမြုပ်ထွက်လာပြီးအောက်လဲကျသွားတယ်။ အဲကျမှာမနိုင်တော့မှ ထောင်ဆရာဝန်ဆေးရုံအုပ်ရောက်လာတယ်။ အသက်ကယ်ဆေး ၂လုံးထိုးတယ်။ မသက်သာလို့ အောက်ဆီဂျင်တပ်ပြီးပြင်ပမှာရှိတဲ့ အစိုးရဆေးရုံကို ခေါ်သွားတယ်။ အဲမှာသူသေဆုံးတာ သိလိုက်ရတယ်။"

ဒီမနက် ၂ နာရီလောက်မှာ သေဆုံးကြောင်း ထောင်ဘက်က အကြောင်းကြားခဲ့သလို အစာအိမ်အချဉ်ပေါက်တယ်လို့ ပြောဆိုခဲ့ ကြောင်းမိသားစုနဲ့ နီးစပ်သူကဗွီအိုအေကိုအတည်ပြုပေးပါတယ်။ သူဟာ ရန်ကုန် အင်းစိန် ကဖြစ်ပြီး ၂၀၂၂ ၁ လပိုင်းမှာ ကရင်ပြည်နယ်၊ဘားအံမြို့နယ် သံလွင်တံတားထိပ်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ပုဒ်မ၅၂-က နဲ့ ၂၀၂၂ ၂လပိုင်းမှာ ထောင်ဒဏ်၇နှစ်ချမှတ်ခဲ့တာပါ။ ဘားအံထောင်(တောင်ကလေးထောင်)မှာ အဲဒီနှစ် ၅လပိုင်း အထိ နေထိုင်ခဲ့ပြီးနောက် အခုသေဆုံးခဲ့ချိန်ထိ ကျိုက်မရောထောင်မှာ အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား တဦးဖြစ်ပါတယ်။

အကျဉ်းထောင်တွေဆီ ထောင်ဝင်စာ ပါဆယ်ပေးပို့ရာမှာ နိုင်ငံခြားဆေးဝါးတွေ ပို့ခွင့် ကန့်သတ်ထားသလို အကျဉ်းထောင်ထဲမှာလည်း လုံလောက်တဲ့ ဆေးဝါး ကုသခွင့်လည်းမရတဲ့အပြင် အရေးပေါ်လူနာတွေကို အချိန်နဲ့တပြေးညီ ပြင်ပဆေးရုံဆီ ပို့ဆောင်ကုသခွင့်မရခဲ့တာတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေ မသေသင့်ဘဲ သေဆုံးနေရတယ်လို့ အကျဉ်းသားတွေကိုကူညီပေးနေတဲ့ သူတွေဘက်က ထောက်ပြနေပါတယ်။

"အဓိကကတော့ထောင်ထဲမှာကျန်းမာရေးစောင့်ရှောက်မှုအင်မတန်ညံ့ဖျင်းတဲ့ ပြဿနာပေါ့။ နိုင်ငံရေးအကျဉ်းသားတွေကိုဆေးကုဖို့ သေသေချာချာစီစဉ်ပေးထားတာမရှိဘူး။ ထောင်ဆရာဝန်ကလည်း ကိစ္စတခုခုရှိမှလာတဲ့ပုံစံမျိုးလို့ကျနော်တို့သိထားရတယ်။ တကယ်တမ်းမဆုံးသင့်ဘဲဆုံးရတယ်။ တကယ်ကုသပေးရမယ့်အချိန်မှာဆေးဝါးမလုံလောက်တာကော ဆရာဝန်တွေရဲ့ စနစ်တကျကုသပေး တာမရှိတာတွေကော နောက်အဆင့်ဆင့်အမိန့်နာခံနေရတာကောဒါတွေကြောင့်နိုင်ငံရေးအကျဉ်းသားတွေမဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတာတွေ ကြားနေရတယ်။"

ဒီတပါတ်အတွင်း သေဆုံးသူ ကိုရာရှင်၊ ဦးပြည့်ဖြိုးအောင်တို့ရဲ့ရုပ်အလောင်းကို မိသားစုဆီပြန်ပို့ မပို့ကိုတော့ မသိရပါဘူး။ ဒါပေမဲ့လည်း မနက်ဖြန်မှာ မိသားစုတွေအနေနဲ့ ကွယ်လွန်သူကို အကျဉ်းထောင်မှာ သွားရောက်ကြည့်ရှုဖို့တယ်လို့ မိသားစုနဲ့နီးစပ်သူဆီက သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျိုက်မရောအကျဉ်းထောင်နဲ့ နေပြည်တော်က အကျဉ်းဦးစီးဌာနဘက်ကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည် လက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

ထောင်နဲ့နီးစပ်သူတဦးကတော့ ကျိုက်မရောထောင်မှာ အကျဉ်းသားတွေလိုအပ်လို့နိုင်ငံခြားဆေးဝါးတွေသွင်းမယ်ဆိုရင် အခကြေးငွေပေးရတဲ့ ထောင်အခေါ်လိုင်းကြေးပေးနိုင်မှသာ တင်သွင်းခွင့်ရှိသလို လိုင်းကြေးအနည်းအများပေါ်မူတည်ပြီး ကြန့်ကြာတတ်တယ်လို့ ပြောပါတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည် ကတော့ အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသား တွေအခုလိုသေဆုံးမှုတွေအပြင် သူတို့ရဲ့ ရပိုင်ခွင့်တွေ ရအောင် စစ်ကောင်စီဘက်က ခွင့်ပြုလာအောင် ဖိအားပေးကြဖို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC နဲ့ ကုလသမဂ္ဂလို လူ့အခွင့်အရေးကာကွယ် ပေးနေတဲ့ အဖွဲ့အစည်းတွေ ကို အခုလိုတောင်းဆိုပါတယ်။

"အသက်မဆုံးရှုံးသင့်ဘဲဆုံးရှုံးလာတာတွေ့ရတယ်။ မီဒီယာကနေတဆင့်ကော ကုလသမဂ္ဂလက်အောက်ခံတွေကနေတဆင့်ကော ဒါတွေကို ထုတ်ဖော်ပြောပေးနေပေမယ့်လည်း အခုချိန်ထိကတော့ တရားဝင်လိုင်စင်ထုတ်ပေးထားသလိုပဲဗျ။ အရေးယူအပြစ်ပေးတာတွေမရှိတော့ သူတို့က ခပ်တည်တည်ဘဲ။ ပြောလာရင်ပိုတိုးပြီးတော့ အတွင်းမှာဆောင်ရွက်လာတာတွေတွေ့ရတယ်။ အခုလိုမျိုးအသက်မဆုံးသင့်ဘဲဆုံးနေရ တဲ့အတွက်ကို NUG (အမျိုးသားညီညွှတ်ရေးအစိုးရ)မှာလည်းတာဝန်ရှိပါတယ်။ လက်တွေ့ကျကျ မြေပြင်မှာနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မှ ရမှာဖြစ်ပါတယ်။"

အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၅ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသား နှစ်သောင်းခြောက်ထောင် (၂၆,၀၀၀) နီးပါး ရှိခဲ့ပြီး အခုလက်ရှိအချိန်အထိဆိုရင် နိုင်ငံရေးအကျဉ်းသား နှစ်သောင်းနီးပါး ဖမ်းဆီးခံထားရတုန်းပဲလို့ AAPP ကထုတ်ပြန်ထားပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရလို့ သေဆုံးခဲ့ရသူစုစုပေါင်း အယောက် ၂၀ နီးပါးရှိခဲ့တယ်လို့နိုင်ငံရေး အကျဉ်းသားတွေကိုကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Your browser doesn’t support HTML5

ကျိုက်မရောထောင်မှာ နောက်ထပ် နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး