သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျိုက်မရောအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး


မွန်ပြည်နယ် ကျိုက်မရောမြို့ (Photo: Facebook)
မွန်ပြည်နယ် ကျိုက်မရောမြို့ (Photo: Facebook)

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရောအကျဉ်းထောင်မှာ ထောင်ဒဏ်တသက်ချမှတ်ခံထားရတဲ့ အစ္စလာမ်ဘာသာဝင် အကျဉ်းသားတဦး အချိန်မီဆေးကုသခွင့်မရတာမို့ သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။ သေဆုံးသူဟာ စစ်ကြောရေးမှာ ရိုက်နှက် နှိပ်စက်ခံရတဲ့ဒဏ်တွေနဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ကစပြီး ကျန်းမာရေး ဆိုးရွားလာခဲ့ပေမယ့် ဆေးကုသခွင့်မရခဲ့ဘူးလို့ ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်း နန်းလောဝ်က တင်ပြပေးထားပါတယ်။

သေဆုံးခဲ့သူဟာ အသက် ၄၃ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုရာရှင် (ခ) ဟာရှင်ဆိုသူဖြစ်ပြီး ဇန်နဝါရီ ၁၂ ရက်နေ့က ကွယ်လွန်သွားတာလို့သိရပါတယ်။ အစ္စလာမ်ဘာသာဝင်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလကုန်ပိုင်းမှာ သူ့ကို ပုဒ်မ ၅၄/၅၂(က) စွဲချက်တွေနဲ့ ထောင်ဒဏ်တသက်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ သေဆုံးသူဟာစစ်ကြောရေးမှာ ရိုက်နှက်နှိပ်စက်ခံရတဲ့ ဒဏ်တွေနဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစပြီး ကျန်းမာရေး ဆိုးရွားလာခဲ့ပေမယ့် ဆေးကုသခွင့်မရခဲ့ဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးက ဗွီအိုအေကို ခုလိုပြောပြပါတယ်။

"သူကဗိုက်ရယ် ရင်ဘတ်ရယ် အရမ်းအောင့်တယ်။ သူတို့က ဆောင်းရာသီ (ကြောင့်)လည်း ဖြစ်မယ်ဆိုပြီး အဲတုန်းကသုံးသပ်ခဲ့ကြတယ်။ ဒဏ်ပြန်ပေါ်တယ် ပြောတယ်။ အဲမှာ မကြာမကြာ ထောင်ဆေးရုံမှာ ဆေးဝါးကုသခွင့်ပေးဖို့ တင်ပြတယ်။ ထောင်ဆေးရုံနေလိုက် နည်းနည်းသက်သာလိုက်အဆောင်နေလိုက်ပေါ့။ ကျနော်တို့စုံစမ်းသိရတာတော့ ဝမ်းတွင်း အူယောင်တာ ပုပ်လုနီးနီးဖြစ်တယ်လို့ စုံစမ်းသိရတယ်။ အဓိက-က ရောဂါအခံမရှိဘူး။စစ်ကြောရေးမှာ ရင်ဘတ်၊ နံရိုးကြား ရိုက်နှက်ခံရတာတွေ၊ ဗိုက်ပေါ် တက်နင်းခံရတာတွေ၊ ရိုက်နှက်ခံရတာတွေကို နီးစပ်ရာမိတ်ဆွေတွေကို ရင်ဖွင့်ခဲ့တာရှိတယ်။ မသက်သာ မသက်သာနဲ့ အတွင်းထဲမှာပဲ ဖြစ်နေခဲ့တာပေါ့။ ဆရာဝန်သွားပြလဲ ဆရာဝန်က 'ဘာမှမဖြစ်ပါဘူး၊ ဒီဆေးသောက်' ဆိုပြီး ပါရာစီတမောနဲ့စီဗစ်နဲ့ပဲ လည်ပတ်နေတာ။ အရမ်းမသက်သာရင် ဆေးရုံမှာထားလိုက်၊ ဒီလိုနဲ့ပဲ နေခဲ့ရတယ်။ အရင်ရောဂါအခံ မရှိခဲ့ပါဘူးဗျ။"

အကျဉ်းထောင်တွေဆီ ထောင်ဝင်စာ ပါဆယ်ပေးပို့ရာမှာ နိုင်ငံခြားဆေးဝါးတွေ ပို့ခွင့် ကန့်သတ်ထားသလို အကျဉ်းထောင်ထဲမှာလည်း လုံလောက်တဲ့ ဆေးဝါး ကုသမှုမရရှိတဲ့အတွက်ကော အရေးပေါ်လူနာတွေကို အချိန်နဲ့တပြေးညီ ပြင်ပဆေးရုံဆီ ပို့ဆောင်ကုသခွင့်မရခဲ့တာတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေ မသေသင့်ဘဲ သေဆုံးနေရတယ်လို့ ဦးသိုက်ထွန်းဦးက ပြောပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ဆေးဝါးစောင့်ရှောက်မှု မလုံလောက်လို့ သေဆုံးခဲ့ရသူစုစု ပေါင်း အယောက် ၂၀ နီးပါးရှိခဲ့တယ်လို့ သူကပြောပါတယ်။ လက်ရှိမှာ အကျဉ်းထောင်တွေမှာ အဆိုးဝါးဆုံးလူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့နေရာတခုဖြစ်နေတယ်လို့ပြောပါတယ်။

"ကျန်းမာရေးဆေးဝါးစောင့်ရှောက်မှုမရလို့ သေဆုံးတဲ့လူဦးရေပြုစုထားတာကိုမှ နိုင်ငံတဝန်းမှာ ကျနော်တို့ပြုစုထားတဲ့ထောင်တွေမှာဆိုရင် အကျဉ်းသားအကျဉ်းသူ စုစုပေါင်း ၁၈ ဦးရှိခဲ့တယ်။ ဒီ တဦးပါ-ပါမယ်ဆိုရင် လောလောဆယ် ၁၉ ဦး ရှိခဲ့ပြီပေါ့နော်။ ဒီဇင်ဘာလတလထဲတင် ၄ ယောက်သေခဲ့တယ်။ သေဆုံးတာကလည်း အသက်ငယ်တဲ့ အသက် ၂၀ ကျော်ကနေ ၄၀ ကြားမှာ ရှိတယ်။ လူငယ်နဲ့လူလတ်ပိုင်းတွေ သေကြတာများတယ်။ ရောဂါကို ပြန်ကြည့်တာမှာတော့ တယောက်က ကင်ဆာမို့လက်ခံလို့ရပေမယ့် ရိုးရိုးဝမ်းပျက်ဝမ်းလျောကနေဆုံးတာရယ်၊ ကိုယ်အပူချိန် အရမ်းလွန်ကဲပြီး ဆုံးတာမျိုးတွေ ဖြစ်နေတယ်။ ၂၀၂၄ အစပိုင်းမှာလည်း ထောင်တွေမှာမြင်သာပြီး အရင်နှစ်နဲ့မတူတာက အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်တာ၊ မုဒိန်းကျင့်တယ် ပြောရမလား။ အမျိုးသမီးတွေဆန္ဒမပါဘဲ သူတို့ လိင်အင်္ဂါတွေကို လက်နဲ့နှိုက်စစ်တာ။ ဓမ္မတာလာချိန်မှာ မရှောင်ပေါ့။ သူတို့တွေ စစ်ဆေးတာတွေ ၂၀၂၄ မှာပိုမြင်လာရတယ်။ ပိုကြုံလာရတယ်။ ဒါတွေဟာ မြေပြင်မှာဖြစ်နေတာတွေပါ။"

ပုသိမ်၊ ဒိုက်ဦး၊ မြင်းခြံ၊ မုံရွာ၊ မကွေး၊ သာယာဝတီ၊ အင်းစိန်နဲ့ ကလေးအကျဉ်းထောင်တွေထဲက သေဆုံးတဲ့ဖြစ်ရပ်တွေအရ ဒီစာရင်းကို အတည်ပြုထား တာလို့လည်း သူက ပြောပါတယ်။

ကိုလိုနီခေတ်ကတည်းက ပြဌာန်းထားခဲ့တဲ့ အကျဉ်းထောင်လက်စွဲဥပဒေ အခန်း (၈) ပုဒ်မ - ၃၇ မှာ အကျဉ်းသားတွေရဲ့ ဆေးကုသခွင့်ကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ကုသပေးဖို့ ပြဌာန်းထားပေမယ့်လက်တွေ့မှာမရရှိဘူးလို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေကထောက်ပြပါတယ်။

သေဆုံးသူ ကိုရာရှင်ရဲ့ရုပ်အလောင်းကို မိသားစုဆီပြန်ပို့မပို့ကိုတော့ အသေးစိတ်မသိရသေးပါဘူး။ ဒါနဲ့ပတ်သက်လို့ ကျိုက်မရောအကျဉ်းထောင်နဲ့ နေပြည်တော်က အကျဉ်းဦးစီးဌာနဘက်ကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်လက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသား နှစ်သောင်းခြောက်ထောင် (၂၆,၀၀၀) နီးပါး ရှိခဲ့ပြီး အခုလက်ရှိအချိန်အထိဆိုရင် နိုင်ငံရေးအကျဉ်းသား နှစ်သောင်းနီးပါး ဖမ်းဆီးခံထားရတုန်းပဲလို့ AAPP ကထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရလို့ သေဆုံးခဲ့ရသူစုစုပေါင်း အယောက် ၂၀ နီးပါးရှိခဲ့တယ်လို့ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG