ဇန်နဝါရီ ၈ ရက် တနင်္လာနေ့ ညနေက အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ နေအိမ်မှာ ကွယ်လွန်သွားခဲ့တဲ့ ဂန္ထဝင်အဆိုတော်ကြီး မာမာအေးရဲ့ ဈာပန အခမ်းအနားကို အဲဒီမြို့က Klaehn, Fahl & Melton Funeral Home Service မှာ စနေနေ့ နေ့လည်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း ဖို့ဝိန်းမြို့ခံ ဦးခင်မောင်လေးက VOA ကို ပြောပါတယ်။
ဒီဈာပန အခမ်းအနားမှာ ဂီတပညာနဲ့ ပတ်သက်တဲ့ ဒေါ်မာမာအေးရဲ့ တပည့်တပန်းတွေအပြင် သူ့တေးဂီတ အပေါ် ချစ်မြတ်နိုးသူ ပရိသတ် ရာနဲ့ချီ တက်ရောက်ခဲ့ပါတယ်။ ရပ်နီး ရပ်ဝေးက လွမ်းသူ့ပန်းခွေ ပန်းခြင်းတွေ ပို့တာလည်း တွေ့ရပါတယ်။ ၁၉၉၈ ခုနှစ်မှာ အင်္ဂလန်ကတဆင့် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိလာပြီး ကွယ်လွန်ချိန်အထိ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့မှာ နေထိုင်ရင်း ဘာသာရေး၊ မြန်မာအသိုင်းအဝိုင်းအရေးတွေမှာ ပါဝင် ကူညီဆောင်ရွက်ခဲ့ပါတယ်။
အသက် ၈၁ နှစ် အရွယ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတဲ့ ဒေါ်မာမာအေးကို ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှာ ဖခင် နှဲဆရာကြီး ဦးအေးနဲ့ မိခင် အဆိုတော် မြောင်းမြသန်း (ခေါ်) ဒေါ်သန်းနှစ် တို့က မွေးဖွားခဲ့တာပါ။ မွေးချင်း ၃ ယောက် ရှိပြီး မိဘနှစ်ပါးနဲ့အတူ ဇာတ်ခုံတွေမှာ ငယ်စဥ်ကတည်းက ဂီတနဲ့ အကျွမ်းတဝင် ရှိခဲ့သူ ဖြစ်ပါတယ်။
သက်တံပေါ်မှာ ကစားမယ် ၊ မေ့ကွက်ကိုရှာ၊ သျှောင်နောက် ဆံထုံးပါ၊ တရေးချစ်ခွင့် မြင်ရနိုး အပြင် တခြားထင်ရှားကျော်ကြားတဲ့ ဂန္ထဝင်သီချင်းပေါင်းများစွာနဲ့ အခြားသီချင်းပေါင်း ထောင်နဲ့ချီလည်း သီဆိုခဲ့ပါတယ်။
Your browser doesn’t support HTML5
အမေရိကန် ဖို့ဝိန်းမြို့မှာ ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေး ဈာပနကျင်းပ