ယူကရိန်းကို ရုရှားကျူးကျော်မှု ၂ နှစ်ပြည့် အနောက်အုပ်စု ခေါင်းဆောင်တွေလာရောက်ချိန် ရုရှားပစ်ခတ်

မှတ်တမ်းပုံ_ ရုရှားက မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်အပြီး မြင်ရတဲ့ အိုဒဲ့ဆာမြို့အခြေအနေ

ယူကရိန်းတောင်ပိုင်း Odesa ဆိပ်ကမ်းမြို့က လူနေအဆောက်အဦး တခုကို ရုရှားဘက်က ပစ်ခတ်တဲ့ ဒရုန်းထိမှန်ခဲ့တဲ့အတွက် တယောက်ထက်မနည်း သေဆုံးရသလို အများအပြား ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းအရာရှိတွေက ပြောပါတယ်။

ရုရှားဘက်က ညဘက်မှာ လေကြောင်းကတိုက်ခိုက်ခဲ့ပြီး သူတို့ပစ်ခတ်တဲ့ ဒရုန်းအများအပြားကို ပစ်ချ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။ ယူကရိန်းကို ရုရှားကျူးကျော်တဲ့ ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကျင်းပမယ့် Kyiv ကို စနေနေ့ အနောက်နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက် စုဝေးဖို့ ပြင်နေကြချိန်မှာပဲ အခုလို ရုရှားဘက်က ပစ်ခတ်တာ ဖြစ်ပါတယ်။

SEE ALSO: ဂျာမနီ ပြင်သစ်တို့နဲ့ လုံခြုံရေးသဘောတူညီမှုတွေ ယူကရိန်း လက်မှတ်ရေးထိုး

တက်ရောက်မယ့် ခေါင်းဆောင်တွေထဲမှာ ဥရောပ ကော်မရှင်အကြီးအကဲ Ursula von der Leyen ၊ အီတလီဝန်ကြီးချုပ် Giorgia Meloni ၊ ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် Alexander De Croo နဲ့ ကနေဒါဝန်ကြီးချုပ် Justin Trudeau တို့ ပါဝင်ပြီး ဒီခေါင်းဆောင်တွေဟာ Kyiv ကို ညတွင်းချင်း ရထားနဲ့ လာရောက်မှာ ဖြစ်ပါတယ်။

ယူကရိန်းဟာ သူ့နိုင်ငံကို ကာကွယ်ဖို့ အနောက်နိုင်ငံတွေရဲ့ စစ်ရေးအကူအညီတွေအပေါ် အားထားနေရတာကြောင့် သူ့ကို ဒီ စစ်ရေးအကူအညီတွေ ဆက်လက်ပေးအပ်ဖို့ ယူကရိန်းက ပန်ကြားနေတာဖြစ်ပါတယ်။ အမေရိကန်ရဲ့ စစ်ရေးအကူညီဟာ ယူကရိန်းရဲ့ ခုခံကာကွယ်ရေးမှာ အဓိကဖြစ်နေကြောင်း သောကြာနေ့ ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen နဲ့ ပူးတွဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောပါတယ်။

ဒီမိုကရက် လွှတ်တော်အမတ်တွေနဲ့အတူ သောကြာနေ့ ယူကရိန်းမှာ ရောက်သွားတဲ့ အမေရိကန်အထက်လွှတ်တော် အမတ်အများစုခေါင်းဆောင် Chuck Schumer ကလည်း ယူကရိန်းအပါအဝင် စစ်ရေး အကူအညီအတွက် ရံပုံငွေ ချထားရေးကို အတည်ပြုပေးဖို့ အောက်လွှတ်တော်ကို ပန်ကြားခဲ့တာပါ။