ဥတုရာသီအရေး နိုင်ငံတွေတာဝန်ရှိမှု ဥရောပလူ့အခွင့်အရေးတရားရုံးဆုံးဖြတ်

France EU

ဥတုရာသီ ဖောက်ပြန်တာရဲ့ အကျိုးဆက်တွေကနေ ကိုယ့်နိုင်ငံသားတွေကို ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေဟာ ပိုပြီးကောင်းကောင်း ကာကွယ်ရမယ်လို့ ဥရောပရဲ့ အမြင့်ဆုံး လူ့အခွင့်အရေး တရားရုံးက အင်္ဂါနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

ဆွစ်ဇာလန်အစိုးရကို နိုင်ငံသား အမျိုးသမီးတွေက တရားစွဲဆိုခဲ့ရာမှာ တရားရုံးက အမျိုးသမီးတွေကို အနိုင်ပေးလိုက်တာပါ။

ဆွစ်ဇာလန်နိုင်ငံဟာ ဥတုရာသီဖောက်ပြန်တာကို တိုက်ဖျက်ဖို့ ပျက်ကွက်ပြီး၊ ဓာတ်ငွေ့အထွက် လျှော့ချရေး လျာထား သတ်မှတ်ချက်ကို မဖြည့်ဆည်းနိုင်ခဲ့ဘူးလို့ တရားရုံးက ဆိုပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ဥရောပတိုက်တလွှား ဂယက်ရိုက်ခတ်သွားတော့မှာ ဖြစ်ပါတယ်။

အလားတူ အမှု ၂ မှုကိုတော့ လုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်တာကြောင့် တရားရုံးက ပယ်ချခဲ့ဖူးပါတယ်။ ဥရောပ ၄၆ နိုင်ငံမှာ နောင်ဖြစ်လာမယ့် အလားတူ တရားစွဲဆိုချက်တွေအတွက် ဒီအမှုဟာ ညွှန်းဆိုစဥ်းစားရမယ့် အမှု ဖြစ်လာတော့မှာပါ။ ဒီ ဆုံးဖြတ်ချက်က အလှည့်အပြောင်း ဖြစ်ပါတယ်လို့ ဇူရစ်တက္ကသိုလ်က ဥတုရာသီဆိုင်ရာ ကျွမ်းကျင်သူ Corina Heri က ဆိုပါတယ်။

ပြည်တွင်းတရားစွဲဆိုမှုတွေမှာ တက်ကြွလှုပ်ရှားသူတွေက အနိုင်ရရှိတာတွေ ရှိခဲ့ပေမဲ့၊ ဒီအမှုဟာ ဥတုရာသီ ဖောက်ပြန်မှုအပေါ် အစိုးရ ကိုင်တွယ်ပုံနဲ့ပတ်သက်လို့ နိုင်ငံတကာ တရားရုံးမှာ ပထမဆုံး အနိုင်ရရှိတဲ့ အမှုလည်း ဖြစ်ပါတယ်။