အာရှတလွှား အပူလှိုင်းဒဏ်ခံနေရချိန်မှာ မြန်မာနိုင်ငံ ဒေသတချို့မှာ အပူချိန် စံချိန်သစ်တွေ တင်တဲ့အထိ ပူပြင်းနေပါတယ်။ အပူချိန်အမြင့်ဆုံးဒဏ် ခံနေရတဲ့ မကွေးတိုင်း၊ ချောက်မြို့မှာဆိုရင် သောက်သုံးရေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ မန္တလေးမြို့မှာလည်း အပူဒဏ်နဲ့ ဆက်စပ်တဲ့ လူနာတွေကို ပိုပြီး ကူညီပေးနေရတယ်လို့ ပရဟိတ ကူညီသူတွေက ပြောပြပါတယ်။ အခုလို စံချိန်တင်အောင် ပူပြင်းတဲ့ဒဏ် ခံနေရတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို အခြေခံပြီး မခင်ဖြူထွေးက ပြောပြပါမယ်။
အပူချိန်လွန်ကဲတဲ့ဒဏ် ခံနေရတဲ့ မြန်မာနိုင်ငံမှာ မကွေးတိုင်း၊ ချောက်မြို့ကတော့ ထူးကဲတဲ့ ပူပြင်းမှုကို ခံစားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ ကြာသပတေးနေ့ တိုင်းတာချက်အရ နေ့အပူချိန်ဟာ ၄၆.၆ ဒီဂရီဆဲလ်စီးယပ် အထိ အမြင့်ဆုံး ရှိခဲ့တယ်လို့ မိုးလေဝသဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အခုလို ပူပြင်းတဲ့ မိုးလေဝသအခြေအနေကြောင့် သောက်သုံးရေ လိုအပ်ချက်ကို ပိုပြီးဆောင်ရွက်ပေးနေရတယ်လို့ ချောက်မြို့နယ်က မနောဖြူ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပြပါတယ်။
"အခုကတော့ ပူတော့ပူတာပဲ။ ပူတာကို အပြင်မထွက်ဘဲ နေနေကြရတာပေါ့။ မိုးကမရွာဘူး။ ဒီနေ့ဆို ပိုပူတယ်လို့ ခံစားရတယ်။ Heat Stroke ကတော့ အပြင်မထွက်ဘဲ သတိနဲ့နေတဲ့ အနေအထားကြောင့် သိပ်တော့မဖြစ်ဘူးလို့ ပြောလို့ရတာပေါ့။ ရေကတော့ ရွာတွေထဲ လိုက်ဝေနေရတယ်။ အလှူရှင်လာရင် ကျနော်တို့ လိုက်ဝေပေးတာတွေတော့ လုပ်နေတယ်။ နာရေးကတော့ ဟိုအရင်ကဆို ဖြစ်တာက ၄ လောင်း၊ ၆ လောင်းလောက်ထိ ဖြစ်ဖူးတာပေါ့။ အခုကတော့ ဒီလထဲမှာတော့ အဲလောက်ကြီးထိ မဖြစ်ဘူး။ ရာသီပူရင်တော့ သေတဲ့ရာခိုင်နှုန်းက Heat Stroke မဟုတ်ပေမယ့် ရောဂါကြောင့် အသေအပျောက်ကတော့ နည်းနည်းလေး ပိုတော့ဖြစ်မှာပေါ့။"
နေ့အပူချိန် မြင့်မားတဲ့အထဲမှာ မန္တလေးမြို့လည်း ပါဝင်ပါတယ်။ မန္တလေးမှာ နေ့အပူချိန်ကျဆင်းအောင် မိုးခေါ်လွန်ဆွဲပွဲတွေကိုလည်း ဒေသခံတွေဟာ ဒီနှစ်ထဲမှာ ပိုပြီးလုပ်လာပါတယ်။ ဒါပေမဲ့လည်း အပူချိန်ကတော့ သိသိသာသာ ကျဆင်းသွားတာမျိုး မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
"မိုးခေါ်လွန်ဆွဲပွဲကတော့ ရပ်ကွက်တော်တော်များများမှာ လုပ်ကြတယ်ဗျ။ ကျနော်တို့ရုံးရဲ့ ပတ်ဝန်းကျင်မှာကို တော်တော်များများ လုပ်ကြတယ်။ ဒါပေမဲ့ မိုးကတော့ သိသိသာသာကြီးတော့ မရှိဘူးပေါ့။ ဒီအတိုင်းပဲ အပူချိန်ကတော့ ပူနေတုန်းပါပဲ။ လွန်ဆွဲပွဲတွေက နှစ်တိုင်းမှာတော့ ရိုးရာပုံစံမျိုး လုပ်တာမရှိဘူး။ ဒီလိုမျိုး တော်တော်ပူရင်တော့ လုပ်ကြတယ်။ ဒီနှစ်ကတော့ တော်တော်များများ လုပ်ကြတယ်။ ရပ်ကွက်တော်တော်များများမှာ လွန်ဆွဲပွဲရှိတယ်။ အရင်နှစ်တွေထက် စာရင်တော့ ပိုပြီးတော့လုပ်ကြတယ်။ ဟိုတခါကတော့ လွန်ဆွဲပွဲကြောင့်လား၊ ဘာလားတော့ မသိဘူး။ မိုးအနည်းငယ်ပဲ ရွာတာတော့ရှိတယ်။ ဒါပေမဲ့ အပူချိန်ကတော့ သိသိသာသာကြီးကျတာ မရှိဘူးဗျ။"
နေ့အပူချိန်ကြောင့် ဝေဒနာခံနေရသူတွေကို ကူညီပေးဖို့ အရေးပေါ်ဆက်သွယ် လာတာတွေကိုလည်း မန္တလေးတိုင်းထဲက လူမှုကယ်ဆယ်ရေး အသင်းတွေဟာ အလျင်မီ ဆောင်ရွက်ပေးနေကြရပါတယ်။ အပူရှပ်ပြီး သတိလစ်သွားတဲ့ အဖွားအိုတဦးကို ကြာသပတေးနေ့က အရေးပေါ် ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ရတယ်လို့ မဏိစလ လူမှုကူညီရေး အသင်းတာဝန်ရှိသူ တဦးက ပြောပါတယ်။
"ကျနော်တို့ကတော့ အများဆုံးကတော့ Heat Stroke လူနာဆို ဆေးရုံကြီးကိုပဲ တိုက်ရိုက်သွားတာဗျ။ မနေ့က ကျနော်တို့ရုံးမှာ ကူညီပေးခဲ့တဲ့ အဖွားရဲ့ရှေ့မှာ Heat Stroke လူနာတသုတ် သွားခဲ့သေးတယ်။ ဆေးရုံမှာလည်း တခြားအသင်းက လူနာတွေရှိတော့ သိပ်မနိုင်ဘူးပေါ့။ အဲလိုမျိုးကြောင့် Heat Stroke လူနာရဲ့ အခြေအနေကြောင့် ကျနော်တို့ရုံးက ဆေးခန်းမှာပဲ ဆရာဝန်တွေ၊ နာ့စ်မတွေနဲ့ ကူညီပြီးတော့ အဖွားအဆင်ပြေတဲ့အထိ လုပ်ပေးခဲ့တယ်။ ဆေးရုံကြီးကတော့ သူကအထွေထွေဆိုတော့ အရေးပေါ်ဖြစ်လို့ ရောက်တဲ့ လူနာတွေလည်းရှိတာပေါ့။ ဆရာဝန်တွေကလည်း သူတို့ဆေးရုံမှာ လူနာအမျိုးမျိုးရှိတော့ မနိုင်တာပေါ့။ ဒီရက်ပိုင်းထဲလာတဲ့ တော်တော်များများကလည်း Heat Stroke နဲ့များတယ်ဗျ။"
နေ့အပူချိန် ပြင်းထန်တဲ့ဒဏ်ကို မြန်မာအပါအဝင် အာရှတလွှားမှာ ပြီးခဲ့တဲ့ ဧပြီလထဲက စတင် ခံစားနေကြရတာပါ။ မြန်မာနိုင်ငံမှာတော့ အပူဒဏ်ကြောင့် သေဆုံးနာမကျန်းမှု အချက်အလက်တွေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေက တရားဝင် ထုတ်ပြန်တာမျိုးတော့ မတွေ့ရပါဘူး။ ဒါပေမဲ့လည်း အပူဒဏ်နဲ့ ဆက်နွယ်ပြီး နဂိုရောဂါအခံကြောင့် သေဆုံးတဲ့ရာခိုင်နှုန်းကတော့ ပိုလာတယ်လို့ အများက ခန့်မှန်းကြပါတယ်။
Your browser doesn’t support HTML5