တရုတ်မှာ လူသိများတဲ့ အမျိုးသမီးသတင်းထောက်တဦးနဲ့ အလုပ်သမားအရေးလှုပ်ရှားသူတဦးကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်ဒဏ်တွေချခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုသတင်းတွေကို ဖော်ထုတ်တင်ပြခဲ့သလို၊ MeToo အမျိုးသမီး လှုပ်ရှားမှုသတင်းတွေနဲ့ ထင်ရှားလာတဲ့ သတင်းထောက် ဟွမ်ရွှယ်ချင်း (Huang Xueqin) ကို ထောင်ဒဏ် ၅ နှစ်နဲ့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ ဝမ်ကျန်းပင် (Wang Jianbing) ကို ထောင်ဒဏ် ၃ နှစ်ခွဲအဖြစ်၊ နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့တရားရုံးက ချလိုက်တာပါ။
ထောင်ဒဏ်အတွက် အယူခံတင်မယ်လို့ သတင်းထောက်ဟွမ်ရွှယ်ချင်းအနေနဲ့ အယူခံတင်မှာဖြစ်တယ်လို့ သူတို့လွတ်မြောက်ရေး အွန်လိုင်းလှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်ထားပါတယ်။ အသက် ၃၆ နှစ်အရွယ် သတင်းထောက်ဟွမ်နဲ့ အသက် ၄၀ အရွယ် အလုပ်သမားရေးလှုပ်ရှားသူ ဝမ်တို့ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလထဲက ကွမ်ကျိုးမြို့မှာ ဖမ်းဆီးခံခဲ့ရတာပါ။ ဒီအမှုနဲ့ပတ်သက်တဲ့သတင်းတွေ သတင်းမထွက်အောင် တရုတ်အာဏာပိုင်တွေက တင်းတင်းကျပ်ကျပ် တားမြစ်ထားတာကြောင့် သူတို့အပေါ်ထောက်ခံသူတွေ အွန်လိုင်းပေါ်မှာ တင်တဲ့သတင်းတွေကို လူ့အခွင့်အရေးအဖွဲ့တွေက စောင့်ကြည့် သိရှိအောင် လုပ်ကြရပါတယ်။
Amnesty International နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ တရုတ်ဆိုင်ရာ ညွှန်ကြားရေးမှုး Sarah Brooks ကလည်း တရုတ်အစိုးရအနေနဲ့ အကြမ်းမဖက် ဆန္ဒထုတ်ဖော်မှုကို နိုင်ငံတော်အာဏာပုန်ကန်ဆန့်ကျင်မှုအဖြစ် သတ်မှတ်ထားတာကို ဒီအမှုနဲ့ ပြလိုက်တာဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။ အွန်လိုင်း လှုပ်ရှားမှုအဖွဲ့ ထုတ်ပြန်ခဲ့တဲ့ တရားရုံးဆုံးဖြတ်ချက်အရ သတင်းထောက် ဟွမ်အနေနဲ့ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့အထိ ထောင်ချခံရမှာဖြစ်ပြီး၊ အလုပ်သမားအရေးလှုပ်ရှားသူ ဝမ်ကတော့ ၂၀၂၅ မတ်လ ၁၈ ရက်နေ့အထိ ချခံရမှာဖြစ်ပါတယ်။
Your browser doesn’t support HTML5
တရုတ် MeToo သတင်းတွေတင်ပြသူ သတင်းထောက် ထောင်ချခံရ