အန်ဘာ ကန္တာရထဲက IS နှိမ်နင်းရေး ကန်−အီရတ် ပူးတွဲ ထိုးစစ်ဆင်

အီရတ်နယ်ခြား လုံခြုံရေး

အီရတ်နိုင်ငံ အနောက်ပိုင်းက အန်ဘာ သဲကန္တာရထဲမှာ ခိုအောင်းနေတဲ့ IS အစ္စလမ်မစ် စစ်သွေးကြွတွေကို နှိမ်နင်းဖို့ အမေရိကန်နဲ့ အီရတ်တပ်ဖွဲ့တွေ ပူးတွဲ စစ်ဆင်ရေး လုပ်နေပါတယ်။ ကြာသပတေးနေ့ တိုက်ခိုက်မှုကနေ IS ၁၅ ဦးသေဆုံးပြီး၊ အမေရိကန်တပ်ဖွဲ့ဝင် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက စနေနေ့ မှာ ထုတ်ဖေါ်ပြောဆိုပါတယ်။

အခု စီးနင်းတိုက်ခိုက်ရာမှာ စစ်သွေးကြွတွေဟာ လက်နက်ခဲယမ်း အများအပြား တပ်ဆင်ထားသလို၊ လက်ပစ်ဗုံးတွေ၊ အသေခံ ဗုံးတွေကိုလည်း အသုံးပြုခဲ့တယ်လို့ အမေရိကန်စစ်တပ် ဗဟိုကွပ်ကဲရေးဌာနချုပ်က ပြောဆိုပါတယ်။

ဒီတိုက်ခိုက်မှုဟာ အန်ဘာ Anbar သဲကန္တာရ ထဲမှာ ရှိတဲ့ စစ်သွေးကြွတွေကို တိုက်ခိုက်ခဲ့တာလို့ အီရတ် စစ်ဘက်တာဝန်ရှိသူတွေက ပြောပါတယ်။ စစ်သွေးကြွတွေ ခိုးအောင်းနေတဲ့ အဆောက်အဦးတွေကို လေကြောင်းကနေလည်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ အရေးပါတဲ့ ISIS ခေါင်းဆောင်တွေလည်း ပါဝင်တယ်လို့ အီရတ်စစ်တပ်က ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ဒီစစ်ဆင်ရေးဟာ ISIS ခေါင်းဆောင်တွေကို အဓိက ပစ်မှတ်ထားတာဖြစ်ပြီး၊ ဒေသတွင်း အမေရိကန်နဲ့ မဟာမိတ်တွေအပါအဝင်၊ အမေရိကန်နိုင်ငံသားတွေနဲ့ ဒေသတွင်းပြည်သူတွေကို တိုက်ခိုက်တာတွေ မလုပ်နိုင်အောင် ရည်ရွယ်တာဖြစ်တယ်လို့ အမေရိကန် စစ်တပ်က ထုတ်ပြန်ပါတယ်။

သူတို့ရဲ့ စခန်းထောက်တွေ၊ လက်နက်ခဲယမ်းတွေနဲ့ ထောက်ပို့တွေကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ အီရတ်စစ်တပ်က ထုတ်ပြန်ပါတယ်။

Your browser doesn’t support HTML5

အန်ဘာ ကန္တာရထဲက IS နှိမ်နင်းရေး ကန်−အီရတ် ပူးတွဲ ထိုးစစ်ဆင်