ကရင် ဒူးပလာယာထဲက စစ်ကောင်စီစခန်း KNU ပူးပေါင်းတပ်သိမ်းပိုက်

KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်တဲ့ ဒူးပလာယာခရိုင်ထဲက စစ်ကောင်စီစခန်း (Photo: KNLA)

ကရင်အမျိုးသားအစည်အရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) ဝင်းရေးမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ လွှတ်ရှမ်း စစ်ကောင်စီတပ်စခန်းကို လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေတဲ့ကြားကပဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်တွေက စက်တင်ဘာလ ၁၂ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။


ကရင်ပြည်နယ် ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)၊ ဝင်းရေးမြို့ နယ်ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ လွှတ်ရှမ်း စစ်ကောင်စီတပ်စခန်းကို လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေတဲ့ကြားကပဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA/ PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့တာကြောင့် လွတ်ရှမ်းစခန်း ကျသွားကြောင်း ဒေသခံတဦးကပြောပါတယ်။

" လွတ်ရှမ်း ကျသွားပြီး အနမ်းကွင်းလည်း ပြီးပြီ။ အခု ပစ္စည်းတွေ ကောက်သိမ်းနေတယ်၊ ဒီနေ့ဆို တနေလုံး အသံကြီးကြီးတွေ ကြားနေရတယ်။ ဖားပြနဲ့ဆို ၄ မိုင်လောက် ဝေးတယ် အနမ်းကွင်း စခန်းနဲ့ ဆိုရင်တော့ လွတ်ရှမ်းက ၁၅ မိုင်လောက် ဝေးတယ်၊ သူတို့လူတွေ ပိတ်မိနေလို့ဆိုပြီး စကစက လေယာဉ်နဲ့ လာကျဲတာ၊ စကစတွေ ပိတ်မိနေလို့ အသံကြီးကြီး (လက်နက်ကြီးသံ)တွေ ကြားနေရတာ။ မနက်တည်းကနေ ညနေအထိပဲ။ "

လွတ်ရှမ်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ပူးပေါင်းတပ်တွေဘက်က အတည်ပြု ထုတ်ပြန်ခဲ့ပေမယ့် အနမ်းကွင်းစခန်းကတော့ ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။ လွတ်ရှမ်း စခန်းကျသွားတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး၊ အဲဒီဒေသ တဝိုက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိတဲ့အတွက် ဒေသခံတွေ သေဆုံးမှုတွေ ရှိတယ်လို့လည်း ဆက်ပြောပြပါတယ်။

" ပြီးခဲတဲ့ ၃ ရက်လောက်ကလည်း ကျုံဖော်ကို လာဗုံးကြဲတာ အသက် ၆၀ လောက် လူကြီးတယောက် သေတယ်၊ ကလေးတဦးကတော့ ဒဏ်ရာပြင်းထန်တယ်၊ ကျုံဖော်ဆိုတာ ဖားပြရွှာနဲ့ ခလယ် တံခွန်တိုင်လမ်းပေါ့ ဖားပြနဲဆို့ ၅ မိုင် ၆ မိုင်လောက်ဝေးတယ်။ "

စခန်းစွန့်ခွာ ထွက်ပြေးသွားသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တောတောင်ထဲ လိုက်တိုက်ခိုက် နေသေးတဲ့အတွက် တိုက်ပဲွတွေ ဆက်ဖြစ်နေတယ်လို့လည်း ပြောပါတယ်၊ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ လွတ်ရှမ်း စခန်းက စစ်သားတွေဟာအနီးအနားက ဒေသခံတွေကို ဖမ်းပြီး ခေါ်ဆောင်သွားတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်တာတွေ လက်နက်ကြီးနဲ့ ပစ်ခတ်မူတွေ ရှိတဲ့အတွက် လွတ်ရှမ်း ကျေးရွာအပြင် အနီးအနား ရွာတွေကလူတွေ ထောင်နဲ့ချီပြီး ဘေးလွတ်ရာကို စစ်ဘေးရှောင်နေရပါတယ်။

လွတ်ရှမ်းရွာစခန်းဟာ အရင်က KNLA တပ်မဟာ(၆)၊ တပ်ရင်း(၁၆) နယ်မြေစခန်းတခုဖြစ်ပြီး ၂၀၂၁ ခုနှစ်က စစ်တပ်က လာပြီး သိမ်းယူထားတဲ့ စခန်းလည်းဖြစ်ပါတယ်။ ၃ နှစ်ခန့် ကြာပြီးချိန်မှာ စစ်တပ်က လွတ်ရှမ်းစခန်းအပြင်စခန်းအတော်များများကို လက်လွှတ်ပေးခဲ့ရတာ ဖြစ်ပါတယ်ရှင်။

Your browser doesn’t support HTML5

ကရင် ဒူးပလာယာထဲက စစ်ကောင်စီစခန်း KNU ပူးပေါင်းတပ်သိမ်းပိုက်