မြန်မာဘက်ပို့မယ့် မူးယစ်ကုန်ကြမ်း တန်(၈၀၀)ကျော် မဲဆောက်မှာ ဖမ်းမိ

မြန်မာဘက်ပို့မယ့် မူးယစ်ကုန်ကြမ်း တန်(၈၀၀)ကျော် မဲဆောက်မှာ ဖမ်းမိ (ပုံ− ထိုင်းအမှတ်(၆)ဒေသ မူးယစ်နိမ်နင်းရေးဗျူရို)

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ မဲကမ်ဆာကျေးရွာအုပ်စု Ban Mae Kuet Sam အိမ်ယာဝန်းမှာ မြန်မာနိုင်ငံ ဘက်ကိုပို့မယ် မူးယစ်ကုန်ကြမ်း ဓါတုဆေးဝါးတန်ချိန် ၈၃၀ ကိုဖမ်းမိသိမ်းဆည်း နိုင်ခဲ့ကြောင်း ထိုင်းအမှတ်(၆)ဒေသ မူးယစ်နိမ်နင်းရေးဗျူရိုက သတင်းထုတ်ပြန်ခဲ့ပါတယ်၊ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ ဘက်ကိုပို့မယ် မူးယစ်ကုန်ကြမ်း ဓါတုဆေးဝါးတန်ချိန် ၈၃၀ ကို အောက်တိုဘာလ ၁၇ ရက်နေ့က ဂိုဒေါင်တခုမှာ ဖမ်းမိခဲ့တာပါ။ မဲဆောက်က အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးကတော့ ထိုင်းအာဏာပိုင်တွေ မူးယစ်ကုန်ကြမ်းတွေ ဖမ်းဆီးခဲ့တာနဲ့ပတ်သက်လို့ အခုလိုပြောပြပါတယ်။

" သတင်းထောက်တွေ အပါအဝင် ထိုင်းမူးယစ်နှိမ်နင်းရေး ရဲတပ်ဖဲွ့တွေက ရှောင်တခင် ဝင်ရောက်စစ်ဆေး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်၊ အဲဒီလို ဖမ်းဆီးတဲ့အခါမှာ မူးယစ်ကုန်ကြမ်းပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းတွေ ဓါတုဗေဒ ဆိုဒီယမ် ဟိုက်ဒရောဆိုဒ် ပစ္စည်းတွေ တိုင်ကီပေါင်း ၁၇၀၀ လောက်နဲ့ တန်ချိန်အားဖြင့် ၈၃၀ တန်လောက် ဖမ်းမိခဲ့တယ်လို့သက်ဆိုင်ရာက သတင်းထုတ်ပြန်ပါတယ်။ "

ဒီပစ္စည်းတွေဟာ မြန်မာဘက်ခြမ်းကိုပို့မယ့် ပစ္စည်းတွေလို့ ထိုင်းသတင်းတွေက အတိအလင်းဖော်ပြကြပါတယ်။

အခုဖမ်းမိတဲ့ မူးယစ်ကုန်ကြမ်း ဖက်စပ်ဓါတုဆေးတွေကတော့ ဆိုဒီယမ် ဟိုက်ဒရောဆိုဒ် sodium hydroxide, sodium methylamine ဆိုဒီယမ်မက်သာလမင်း , hydropromic acid ဟိုက်ဒရို ပရိုမစ်အက်စစ် စတဲ့ မူးယစ်ကုန်ကြမ်းတွေထည့်ထားတဲ့ တိုင်ကီပေါင်း ၁,၇၀၀ ရှိပြီး တန်ချိန်နဲ့ဆို ၈၃၀ တန် ရှိပါတယ်။

မူးယစ်ဆေးဝါးလုပ်ရာမှာ အသုံးပြုတဲ့ ဒီကုန်ကြမ်းတွေကိုတော့ တာ့ခ်ခရိုင် မဲဆောက်မြို့ အမှတ်(၆) မယ်ကမ်ဆာ ကျေးရွာအုပ်စုမှာ အထူးစုံစမ်းစစ်ဆေးရေး အဖဲွ့က ဝင်ရောက်စီးနင်းသိမ်းဆည်း ခဲ့တာလို့လည်း ဆိုပါတယ်။ မူးဆေးဝါး တားဆီးနှိမ်နင်းရေး ဗျူရိုအမှတ်(၆)ဒေသက ညွှန်ကြားရေးမှူး Mr. Sarawut Phakdee နိုင်ဆရာဝု ပတ်ဒီ ကတော့ ဒီလို ဖမ်းဆီးရမိဖို့အတွက် မဲဆောက်ခရိုင် ရဲတပ်ဖွဲ့စခန်းက တပ်ဖွဲ့ဝင်များက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့သတင်း ထုတ်ပြန်သွားပါတယ်။

ဖမ်းမိတဲ့ မူးယစ်ထုတ်ကုန်ဖက်စပ်ပစ္စည်းတွေကို ဂိုဒေါင် နှစ်လုံးမှာ တထောက်နား စခန်းအဖြစ်ထားပြီး မြန်မာနိုင်ငံဘက်ကို ပို့ဆောင်ဖို့လုပ်ဆောင်နေချိန်မှာ သက်ဆိုင်ရာအာဏာပိုင်တွေက ကြားဖြတ် ဖမ်းဆီးနိုင်ခဲ့တာလို့လည်း ဆိုပါတယ်။

မူးယစ်ကုန်ကြမ်းတွေရဲ့ ကာလတန်ဘိုးကတော့ ဘတ်ငွေ သန်းပေါင်းများစွာ တန်ဖိုးရှိတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။ ဖမ်းမိထားတဲ့ အသက် သုံးဆယ်ရှစ်နှစ်အရွယ် ထိုင်းနိုင်ငံသား တဦးကိုလည်း စစ်ဆေးနေရာမှာ ဒီကုန်လှောင်ရုံတွေဟာ တရုပ်နိုင်ငံသားပိုင်ရှင်က ထိုင်းလူမျိုးတွေကို နာမည်ခံ ငှားရမ်းခဲ့တာဖြစ်ပြီး ဒီဆေးတွေကိုတော့ အသီးအနှံတွေ ကြာရှည်ခံဖို့ အသုံးပြုတဲ့ဆေးလို့ မှတ်ပုံတင်ထားတာဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။ အခုလို မူးယစ်ကုန်ကြမ်းတွေကို တခါပို့ရင် တိုင်ကီအလုံးရေ ၁၅၀ လောက် မြန်မာဘက်ကို ပို့ဆောင်တာကို စစ်ဆေးတွေ့ရှိကြောင်း ထိုင်းအာဏာပိုင်တွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

Your browser doesn’t support HTML5

မြန်မာဘက်ပို့မယ့် မူးယစ်ကုန်ကြမ်း တန်(၈၀၀)ကျော် မဲဆောက်မှာ ဖမ်းမိ