ပါကစ္စတန်အနောက်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှု ၄၅ ဦးထက်မနည်းသေဆုံး

ပါကစ္စတန် အာဖဂန်နယ်စပ် ပစ်ခတ်မှုအပြီးဒဏ်ရာရသူတွေကို ဆေးရုံကိုပို့ဆောင်ထားခဲ့ (နိုဝင်ဘာ ၂၁၊ ၂၀၂၄)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း အာဖဂန်နစ္စတန် နယ်စပ်က Kurram ဒေသမှာ အကြမ်းဖက်သမားတွေက ခရီးသည်ယာဉ် အများအပြားကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် လူပေါင်း ၄၅ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ပါကစ္စတန် အာဏာပိုင် တွေက ပြောပါတယ်။

ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး Mohsin Naqvi က လည်း ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက် ကို အတည်ပြုပါတယ်။ သေဆုံးသူ တွေထဲမှာ လုံခြုံရေးတာဝန်ယူထားသူတွေ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေပါ ပါဝင်နေပြီး သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ ဒေသရဲတွေနဲ့ ဆေးရုံတာဝန်ခံတွေက ပြောပါတယ်။ အခုလို တိုက်ခိုက်သူတွေကို ခြေရာခံလိုက်ပြီး ခြေမှုန်းဖို့ စစ်ဆင်ရေးလုပ်နေပြီလို့ ဒေသ ရဲတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ် ဆိုတာ အခုထိ မသိရသေးပါဘူး။ ဒီဒေသဟာ ဒေသခံ လက်နက်ကိုင် ရှီယာ နဲ့ ဆူနီ မွတ်စလင် တိုင်းရင်းသားတွေကြား လူမျိုးရေး အဓိကရုန်း မကြာမကြာ ဖြစ်ပွါးတဲ့နေရာလည်း ဖြစ်ပါတယ်။ Kurram အရာရှိတွေကတော့ ဒီဒေသမှာ အခုနောက်ဆုံး ဖြစ်ပွါးတဲ့ ပဋိပက္ခဟာ မြေယာ ပိုင်ဆိုင်မှုကြောင့် ဖြစ်ပြီး သြဂုတ်လနဲ့ အောက်တိုဘာ ၂ လအတွင်း လက်နက်ကိုင် ပဋိပက္ခကြောင့် သေဆုံးသူ ၁၀၀ ကျော်နေပြီလို့ ပြောပါတယ်။

Kurram ဒေသဟာ လက်နက်ကိုင်တွေနဲ့ မတည်မငြိမ်ဖြစ်နေတဲ့ Khyber Pakhtunkhwa ခရိုင်ထဲမှာ ရှိနေတာ ဖြစ်ပြီး ဒေသအာဏာပိုင်တွေက ဒီ လဆန်းပိုင်းက အထိ ဒေသတွင်း ယာဉ် အသွားအလာ ကို ပိတ်ထားတာ ဖြစ်ပါတယ်။ ဒေသခံတိုင်းရင်းသား ခေါင်းဆောင်တွေကလည်း လက်နက်ကိုင် တိုက်ခိုက်နေတဲ့ လူမျိုးစုတွေကြား အပစ်အခတ် ရပ်အောင် ကြားဝင်ဖြန်ဖြေပေးနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် ပဋိပက္ခတွေကြောင့် ပါကစ္စတန် စစ်သား ၂၀ ထက်မနည်း သေဆုံးရသလို အခု ကြာသပတေးနေ့မှာလည်း တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွါးခဲ့တာပါ။ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်သား ၆၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ပါကစ္စတန်အနောက်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှု ၄၅ ဦးထက်မနည်းသေဆုံး