ကေပေါ့ဂီတဆုပေးပွဲ ၂၀၂၄ ခုနှစ် MAMA ဂီတဆုပေးပွဲကို အိုဆာကာမြို့က ကျိုဆဲရာဒုံးမှာ နိုဝင်ဘာ ၂၃ ရက်နေ့ စနေနေ့က အပြီးသတ်ကျင်းပခဲ့ပါတယ်။ ဒီဆုပေးပွဲက ကိုရီးယားပေါ့ပ်ဂီတရဲ့ တကမ္ဘာလုံးကို ပြန့်နှံ့လွှမ်းမိုးတဲ့ အတိုင်းအတာနဲ့ ဂျပန်နိုင်ငံမှာ ကေပေါ့ကို ဘယ်လောက်လူကြိုက်များ ရေပန်းစားလဲဆိုတာ မီးမောင်းထိုးပြဖို့ ရည်ရွယ်ကျင်းပတာပါ။ သုံးရက်တာ ကျင်းပတဲ့ ဒီပွဲမှာ ထိပ်တန်းအဆိုတော်တွေရဲ့ ဖျော်ဖြေမှုတွေ ပါဝင်ပြီး ကေပေါ့ဂီတလောကထဲက ထူးခြားထင်ရှားတဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုချီးမြှင့်ခဲ့ပါတယ်။
"Right Here" ဖျော်ဖြေပွဲခရီးစဉ်အပြီး ရောက်လာတဲ့ Seventeen အဖွဲ့က ကမ္ဘာကျော်အောင်မြင်မှုတွေအတွက် ဆုတွေ ရရှိခဲ့ပါတယ်။ (G)I-DLE ဂျီ-အိုင်ဒယ် အဖွဲ့ကတော့ သူတို့ရဲ့ ဒုတိယမြောက် တေးအယ်လ်ဘမ် "Super Lady" အပါအဝင် သူတို့သေချာလုပ်ပြနိုင်ခဲ့တဲ့ နှစ်တနှစ်အဖြစ် အသိအမှတ်ပြုခံရပါတယ်။
"Toxic" နဲ့ "Body" သီချင်းတွေနဲ့ ဒီနှစ်ထဲ ဂီတစင်မြင့်ပေါ်ရောက်လာတဲ့ Meovv မြောင်အဖွဲ့က လူကြိုက်အများဆုံး အနုပညာရှင်သစ်ဆုရရှိခဲ့တာကြောင့် သူ့ဂီတအမျိုးအစားရဲ့ ပြောင်းလဲဖွံ့ဖြိုးမှုကို သိသာထင်ရှားစေခဲ့တာပါ။ Aespa အက်စ်ပါ အဖွဲ့ကလည်း ဆုတော်တော်များများ ရရှိခဲ့ပြီး "Supernova" သီချင်းနဲ့ ဗီဇာ အကောင်းဆုံးသီချင်းဆု၊ "Armageddon" အာမာဂတ်ဒင် သီချင်းနဲ့ အကောင်းဆုံး ဂီတဗီဒီယိုဆု အပါအဝင် ဆုတွေအများအပြား ရရှိခဲ့ပါတယ်။
MAMA ဆုပေးပွဲကို ဒုတိယအကြိမ် တက်ရောက်လာတဲ့ အဆိုတော် Bibi က ဒီပွဲမှာ ဖျော်ဖြေခွင့်ရတာနဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားမိကြောင်း ပြောပါတယ်။
"MAMA ကို လာရတာ တကယ့်ကိုကောင်းပါတယ်။ ဒါက ကျမ MAMA ကိုလာတာ၊ ဖျော်ဖြေတာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပထမတခါတုန်းကလည်း အတွေ့အကြုံသိပ်ကိုကောင်းခဲ့လို့ အခုတခါ အတွက် အရမ်းစိတ်လှုပ်ရှားနေမိပါတယ်"
ပရိသတ်တွေကို အံ့ဩသွားစေခဲ့တာ တခုကတော့ ၂၀၀၆ ခုနှစ်က စတင်မိတ်ဆက်ခဲ့တဲ့ Big Bang အဖွဲ့ဝင်တွေ စစ်မှုထမ်းရတာကြောင့်နဲ့ အဖွဲ့ဝင်တဦး ပြည့်တန်ဆာမှုနဲ့ ထောင်ကျခဲ့တာကြောင့် အဖွဲ့လိုက် နားနေခဲ့ရပြီးနောက် G-Dragon၊ တေယန်းနဲ့ ဒေဆွန်းတို့ စင်မြင့်ပေါ်မှာ ပြန်လည်တွဲဖက် ဖျော်ဖြေခဲ့ကြတာပဲ ဖြစ်ပါတယ်။ အဆိုတော် G-Dragon က နှစ်ပေါင်း ၇ နှစ်ကျော် နားနေခဲ့ပြီးနောက် "POWER" ဆိုတဲ့ တကိုယ်တော်သီချင်းနဲ့ ပရိသတ်ရှေ့ ပြန်လည်ရောက်ရှိလာခဲ့တာပါ။ သူ့ရဲ့ တကိုယ်တော်သီချင်းနဲ့ သီဆိုဖျော်ဖြေပြီးနောက် Big Bang အဖွဲ့ဝင်တွေ ဖြစ်တဲ့ တေယန်းနဲ့ ဒေဆွန်းတို့နဲ့အတူ တွဲဖက်ဖျော်ဖြေခဲ့ပါတယ်။
ကိုရီးယားပေါ့ပ်ဂီတဟာ ဂျပန်နိုင်ငံမှာ ဆက်ရေပန်းစားနေတာဖြစ်ပြီး Billboard Japan Hot 100 စာရင်းမှာ သေချာနေရာယူထားနိုင်သလို အယ်လ်ဘမ်ရောင်းအားလည်း ကောင်းနေတာပါ။ ဂျပန်နိုင်ငံမှာ အရောင်းရဆုံး အယ်လ်ဘမ် ၁၀၀ ထဲက တော်တော်များများဟာ ကိုရီးယားပေါ့ပ်အဆိုတော်တွေရဲ့ အယ်လ်ဘမ်တွေ ဖြစ်နေတုန်းပဲ ဖြစ်တာကလည်း ဂျပန်မှာ ကေပေါ့ဂီတကို လူတွေ များများစားစား သဘောကျနေကြတုန်းပဲ ဖြစ်တယ်ဆိုတာ သိသာစေပါတယ်။ Mnet အာရှဂီတဆုပေးပွဲကို ဒီတခါမှာ ပထမဆုံးအကြိမ်အနေနဲ့ နိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ ဂျပန်မှာ သုံးရက်တာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။