လန်ဒန်က ဧရာမတရုတ်သံရုံးသစ် စီမံကိန်းကန့်ကွက်ခံရ

ဗြိတိန်၊ လန်ဒန်မြို့တော်က တရုတ်သံရုံးသစ် အဆိုပြုထားတဲ့ နေရာမှာ ဆန့်ကျင် ဆန္ဒပြနေကြတဲ့ မြင်ကွင်း။ ဖေဖော်ဝါရီ ၈၊ ၂၀၂၅။ ဓာတ်ပုံ - REUTERS/Carlos Jasso

အငြင်းပွားစရာ တရုတ်သံရုံးသစ် လန်ဒန်မြို့မှာ တည်ဆောက်ဖို့ ပြင်နေတာနဲ့ပတ်သက်ပြီး တရုတ်ရဲ့ လူ့အခွင့်အရေး နဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို စိုးရိမ်ကြသူ ရာပေါင်းများစွာဟာ သံရုံးသစ်အတွက် လျာထားတဲ့ နေရာမှာ စနေနေ့က စုဝေး ဆန္ဒပြကြပါတယ်။ 

ဗြိတိန်အစိုးရက အတည်ပြုရင် ဒီသံရုံးသစ်ဟာ ဥရောပမှာ အကြီးဆုံး တရုတ်သံရုံး ဖြစ်လိမ့်မယ်လို့ ဗြိတိန် လွှတ်တော်အမတ် တဦးက အစောပိုင်းက သတိပေး ပြောဆိုခဲ့ပါတယ်။ ဒီနေရာမှာ ဧရာမ သံရုံးကြီး တည်ဆောက်ဖို့ မလိုအပ်ဘူးလို့ ဆန္ဒပြသူ တဦးက ပြောသလို၊ တရုတ်ဟာ သူ့ရဲ့ အတိုက်အခံတွေကို အနှောက်အယှက် ပေးရာမှာ အသုံးပြုဖို့ ဖြစ်လိမ့်မယ်လို့ ဆိုပြီး သံရုံးသစ် တည်ဆောက်မယ့် ကိစ္စကို ကန့်ကွက်နေကြတာပါ။

တရုတ်အစိုးရက လန်ဒန်မှာရှိတဲ့ သူ့ရဲ့သံရုံးကို နေရာပြောင်းရွှေ့ဖို့ လုပ်နေတာကတော့ နှစ်အတော်ကြာနေပါပြီ။ လက်ရှိ မယ်ရီလဘုန်း Marylebone အရပ်မှာရှိတဲ့ သံရုံးကို လန်ဒန်မျှော်စင် တဝိုက် သမိုင်းဝင် နေရာကို ပြောင်းရွှေ့ဖို့ ကြိုးစားနေတာပါ။

ဒါပေမဲ့ အနီးအနား ဒေသခံတွေ၊ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ တရုတ်အစိုးရကို ဝေဖန်သူတွေက ဒါကို အပြင်းအထန် ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

SEE ALSO: မြန်မာ့အရေး ဝင်မစွက်ဖို့ ကန်ရောက်မြန်မာတွေ တရုတ်သံရုံးရှေ့တောင်းဆို

ဗြိတိန်နိုင်ငံသားတွေဟာ တရုတ်အစိုးရ အေဂျင်စီတွေရဲ့ ခြိမ်းခြောက်တာကို ခံနေရတယ်လို့ ဆိုပြီး အခု ကန့်ကွက်မှုဟာ လန်ဒန် တရုတ်သံရုံးကို ကန့်ကွက်တာ တခုတည်း မဟုတ်ဘဲ အားလုံးရဲ့ အနာဂတ် လွတ်လပ်ခွင့်တွေ အတွက် ဆန့်ကျင် ကန့်ကွက်တာ ဖြစ်ပါတယ်လို့ လုံခြုံရေးဝန်ကြီး တာဝန် ယူခဲ့ဖူးတဲ့၊ ကွန်ဆာဗေးတစ်ပါတီက လွှတ်တော်အမတ် တွမ် တူဂန်းဟတ် Tom Tugendhat က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

တရုတ်ဟာ စီးပွားရေးအရ သူလျှို ထောက်လှမ်းမှုတွေ တိုးလုပ်လာနိုင်သလို၊ ဗြိတိန်မှာရှိတဲ့ တရုတ် ကွန်မြူနစ်ပါတီ အတိုက်အခံတွေကို ပိုပြီး နှုတ်ဆိတ်အောင် လုပ်လာနိုင်တယ်လို့လည်း လုံခြုံရေးဝန်ကြီးဟောင်း တူဂန်းဟတ် က ပြောပါတယ်။

Your browser doesn’t support HTML5

လန်ဒန်က ဧရာမတရုတ်သံရုံးသစ် စီမံကိန်း ကန့်ကွက်ခံရ