၂၀၁၉ နှစ်ကူးထိ ရခိုင်မြောက်ပိုင်း စစ်ပွဲဆက်ဖြစ်

AA Army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

ရခိုင်ပြည်နယ်တွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား နှစ်သစ်ကူးနေ့ကနေ ဒီကနေ့အထိ တိုက်ပွဲ တွေ ဆက်ဖြစ်နေဆဲပါ။ အဲဒီတိုက်ပွဲတွေသာမက လုံခြုံရေးပိုင်းဆိုင်ရာ တခြားစိုးရိမ်ဖွယ် အခြေအနေတချို့လည်းရှိနေပြီး နေရပ် စွန့်ခွာ ထွက်ပြေးနေရသူတွေဟာလည်း လိုအပ်တဲ့အကူအညီတွေ မရနိုင်ဘဲဖြစ်နေကြပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်း အခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

၂၀၁၉ နှစ်သစ်ကူးနေ့ကနေ ဒီနေ့ဗုဒ္ဓဟူးနေ့အထိ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နဲ့ကျောက်တော်မြို့နယ်ဘက်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့် တပ်မတော်AAအဖွဲ့တို့ အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးနေဆဲလို့AAပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က ဗွီအိုအေ ကိုပြောပါတယ်။

“ဒီနှစ်သစ်မှာတော့ဗျာ မနေ့ကဇန်နဝါရီလ(၁)ရက်နေ့က စပြီးတော့ ဒီနေ့(၂)ရက်နေ့ မှာလည်း တိုက်ပွဲကဆက်ပြီးတော့ဖြစ်နေ တုန်းဘဲဗျ။ ဘူးသီးတောင်မြို့နယ်ပေါ့။ ဒီနေ့မနက်မှာလဲဘဲ (၈)နာရီ(၅)မိနစ်ကစလို့ နွားရုံတောင်ရွာရဲ့အရှေ့ဖက် တောင်တန်း ပေါ်မှာတိုက်ပွဲပြင်းထန်နေတယ်။ မနေ့ကတော့တိုက်ပွဲက(၂)နေရာမှာဖြစ်တယ်ဗျ။ ပထမတိုက်ပွဲကတော့ စည်တောင်နဲ့ကံပြင်ရွာ အကြားမှာဖြစ်တာ။ ဗမာစစ်တပ်ကနေတပ်လန်သွားပြီးတော့မှ သူတို့ဒီလက်နက်ကြီးတွေ နဲ့ပစ်ခတ်တိုက်ခိုက်တယ်ဗျ။ ကံပြင်ရွာ အထဲကို လက်နက်ကြီးအလုံး(၂၀)ခက်မနဲသူတို့ပစ်ခတ်တာရှိတယ်။ အဲဒီမှာဘုန်းကြီးကျောင်းရော ရွာထဲမှာရောထိတယ်ဗျ။ နောက်ဒုတိယတိုက်ပွဲကတော့ ကျောက်တော်မြို့နယ် သလူချောင်းရွာရဲ့အရှေ့ဖက်ကမ်းမှာဖြစ်တာ။ (၁၀)နာရီ(၅၀)မိနစ်မှာ ဖြစ်တယ်။”

ဒီလိုဖြစ်တဲ့တိုက်ပွဲတွေမှာ တပ်မတော်ဖက်ကနေ ရွာအတွင်းကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လဲ ခိုင်သုခ ကပြောပါတယ်။

တိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်မှုရှိတယ်လို့ ဆိုပေမဲ့လဲ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အင်္ဂါနေ့က ဘူးသီးတောင်မြို့နယ်ကံပြင်နဲ့ စည်တောင်ကြား တိုက်ပွဲဖြစ်ပွါးခဲ့တာကြောင့် ကံပြင်ရွာသားတွေ စစ်ဘေးလွတ် ရာကိုတိမ်းရှောင်နေကြရတယ်လို့ စေတီတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သန်းကပြောပါတယ်။

“မနေ့ကလဲ ကံပြင်နဲ့စည်တောင်ကြားမှာဖြစ်တယ်။ ပေါက်သံကြားနေရတယ် အမြှောက်ကြီးတို့ လက်နက်ငယ်တို့ အသံကြား နေရတယ်။ ရွာသားတွေထွက်ပြေးလို့ကျွန်တော်တို့စေတီတောင်ကျေးရွာအုပ်စုမှာ လူပေါင်း(၄၇)ယောက်ရောက်နေတယ်။ လောလောဆယ်တော့ကျွန်တော်တို့စေတီတောင်ရွာကသူတို့ကို နဲနဲကူာီထောက်ပံ့ထားပါတယ်။ ပေါက်သံကြားနေတော့ သူတို့က ရွာကိုမပြန်ရဲသေးဘူး။”

လက်ရှိစေတီတောင်ကျေးရွာနဲ့ စပါးထားကျေးရွာမှာ စစ်ရှောင်ဦးရေ(၂၀၀)နီးပါးရှိနေတယ်လို့လဲ သူကဆိုပါတယ်။

ဒီတိုက်ပွဲသတင်းတွေနဲ့ပတ်သက်ပြီး မေးမြန်းဖို့အတွက် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီကို ပေးပို့ထားတဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ်စာရင်းထဲက နပခ တိုင်းဦးစီး ဗိုလ်မှူးကြီးကို ဗွီအိုအေက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိခဲ့ပါဘူး။

တိုက်ပွဲဖြစ်တယ်ဆိုတဲ့သတင်းတွေ ထွက်နေတဲ့အတောအတွင်းမှာပဲ အင်္ဂါနေ့ညနေပိုင်းတုန်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ဒေသဖွံ့ဖြိုးရေးခရီးစဉ်ကားတန်း မြောက်ဦးမြို့နယ် လောင်းကြက် နဲ့နန်းကျကျေးရွာ အကြား မြောင်းဘွေတံတားမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွါးခဲ့ပါတယ်။

ဒီဖြစ်စဉ်နောက်ဆုံးအခြေအနေကိုတော့ NLDပါတီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ထွန်းလှိုင်က အခုလို အတည်ပြု ပြောဆိုပါတယ်။

“ဝန်ကြီးချုပ်တို့က ဒေသဖွံ့ဖြိုးရေးအတွက်လို့ ကျောက်ဖြူ ရမ်းဗြဲ တောင်ကုတ်တို့ဖက်က ပြန်လာတာ။ ပြန်လာတော့ (၄) နာရီလောက်မှာဗုံးပေါက်တာပေါ့။ ဗုံး(၃)လုံးပေါ့။ သူတို့ဖြတ်တာနဲ့ဗုံးပေါက်တာပေါ့။ ဝန်ကြီးချုပ်ကားရယ် ဘဏ္ဍာခွန်ကားရယ် နောက်ပြီးစည်ပင်ကားရယ် ဖြတ်သွားတယ်။ နောက်မှာကျန်ရှိတဲ့ မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးကားနဲ့ သစ်တောနဲ့သတ္တု ဝန်ကြီးကား အဲဒီကြားလောက်မှာ ဗုံးကထပေါက်တာပေါ့နော်။ ဒါပေမဲ့ကားထဲကလူတော့ဘာမှမဖြစ်ပါဘူး။ ကျွန်တော်တို့ အာဏာပိုင်တွေ ပြည်သူ့ရဲက လုံခြုံရေးအပိုင်းကစုံစမ်းနေပါတယ်။ ဘယ်သူဘယ်ဝါဆိုတာကတော့ အခုလော လောဆယ်ဆယ် ခန့်မှန်းလို့မရသေးပါဘူး။ ဗုံးကေ့က်ကွဲမှုတွေကတော့ လုပ်မိုင်းဆိုတာသေချာပါတယ်။ သူကတော့ ရီမုတ်နဲ့ ဖေါက်တယ်လို့ တော့ယူဆရပါတယ်။ ဆွဲမိုင်းမဟုတ်ဘူး။ ကုလားရွာအနားမှာဖြစ်တာပေါ့။”

တပ်မတော်ရဲ့ ဒီဇင်ဘာ(၇)ရက်နေ့နောက်ဆုံးထုတ်ပြန်ချက်ထဲမှာတော့ စစ်ရေးပဋိပက္ခဖြစ်ပွါးရာ ရခိုင်ပြည်နယ်ဒေသအတွင်း မိုင်းပေါက်ကွဲမှုဖြစ်စဉ် ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ထားဘူးပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာလကုန်ပိုင်းကစပြီး မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်မတော် AA တို့အကြား တိုက်ပွဲဖြစ်ပွါးရာ ကျောက်တော် ဘူးသီးတောင် ရသေ့တောင် ပုဏ္ဏားကျွန်းမြို့နယ်တွေဘက်မှာ စစ်ဘေးရှောင်(၂၀၀၀)ကျော် တိုးပွါးလာ နေ ပါတယ်။

အထူးသဖြင့်တိုက်ပွဲဖြစ်ပွါးခဲ့တဲ့ယိုးချောင်းအထက်ပိုင်းကျေးရွာတွေဖြစ်တဲ့ သလူချောင်း၊ ငါးစရိုင်းကိုင်း၊ မီးကျောင်းခုတ် အဝပြန်နဲ့ ပညာဝကျေးရွာကစစ်ရှောင်တွေအတွက် ရိက္ခာအကူညီပေးရေးမှာအခက်တွေ့နေတယ်လို့ လဲ ကျောက်တော် မြို့နယ် အကူညီပေးရေးအဖွဲ့တာဝန်ခံဦးဇော်ဝင်းကပြောပါတယ်။

“ကျွန်တော်တို့ကိုတပ်ကတားဆီးပိတ်ပင်နေလို့ကယ်ဆယ်ရေးသွားပေးဖို့လမ်းမှာကျွန်တော်တို့ရပ်နားနေရတယ်။ ကျွန်တော် တို့ကို တပ်မတော်ကနယ်လုံဝန်ကြီးအပါအဝင် ဝန်ကြီးချုပ် မြို့နယ်ထွေအုပ်က အကုန်လုံးကခွင့်ပြုချက်တွေနဲ့သွားလို့ရပါတယ် လို့ အကြိမ်ကြိမ်ပြောထားဘူးတယ်။ ခွင့်ပြုချက်တွေနဲ့ပြောတယ်ဗျာ။ လမ်းခုလတ်ရောက်မှ ကျွန်တော်တို့ကို အဲဒီချောင်း (ယိုး ချောင်း) အပေါ်ဖက်ကိုတက်ခွင့်မပေးဘူး။ ဟိုမှာလဲတိုက်ပွဲဖြစ်တဲ့နေကအခုထိ ကယ်ဆယ်ရေးသွားပေးတာမရှိဘူး။ မိသားစုတစု ဆန်တဗူးကိုအရည်ကြိုသောက်နေရတယ်။ အဲဒီလိုမျိုးတွေလေ။”

တိုက်ပွဲဖြစ်ပွါးနေတဲ့ယိုးချောင်းအထက်ပိုင်းကို တပ်မတော်ကနေသွားခွင့်ပိတ်ပင်တာဟာ စစ်ရှောင်တွေအတွက်ပေးပို့တဲ့ ရိက္ခာတွေကို ရခိုင့်တပ်မတော်လက်ထဲရောက်သွားမှာစိုးရိမ်လို့ပိတ်ပင်တာဖြစ်နိုင်ကြောင်း စစ်ရှောင်စခမ်းတာဝန်ရှိသူတွေ ကသုံးသပ်ချက်ပေးထားပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့က NCA လက်မှတ်ထိုးအပစ်ရပ်အဖွဲ့ရော NCA လက်မှတ်မထိုးနိုင်သေးတဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေနဲ့ပါ (၄) လ အပစ်ရပ်ထားမယ်လို့ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့လို့လက်ရှိရခိုင်ပြည်နယ်ကျောက်တော်ရသေ့တောင်ဘူးသီးတောင် ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှာ တပ်မတော်နဲ့ရခိုင့်တပ်မတော်AAတို့အကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွါးနေဆဲဖြစ်သလို တိုက်ပွဲအတွင်းဒေသခံကျေးရွာသားတွေကလဲ ဘေး လွတ်ရာကို စစ်ပြေးဒုက္ခသည်အနေနဲ့တိမ်းရှောင်နေရဆဲအခြေအနေမှာရှိနေပါတယ်။

Your browser doesn’t support HTML5

၂၀၁၉ နှစ်ကူးထိ ရခိုင်မြောက်ပိုင်း စစ်ပွဲဆက်ဖြစ်