ရခိုင် မြောက်ဦး တိုက်ပွဲပြင်းထန်

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် မြန်မာ့တပ်မတော်သားများ။ (အောက်တိုဘာ ၂၁၊ ၂၀၁၆)

(Zawgyi / Unicode)

မြောက်ဦးမြို့နယ် ကျောင်းတောင်ဘက်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲပြင်းထန်နေပါတယ်။ ရခိုင်မြောက်ပိုင်းဒေသမှာ ဒီရက်ပိုင်းအတွင်း မြန်မာစစ်တပ်က AA လက်နက်ကိုင်အဖွဲ့ကို ထိုးစစ်ဆင်လာတာဖြစ်ပြီး တိုက်ပွဲတွေကြောင့် အရပ်သား သေဆုံးမှုတွေပါ ရှိနေတာပါ။ ရခိုင်မြောက်ပိုင်း တိုက်ပွဲအခြေအနေကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင် သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာအနီးမှာ အစိုးရတပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေ မနေ့ကတည်းက ပြင်းထန်နေပြီး ဒီကနေ့ မနက်ပိုင်းမှာလည်း ဆက်လက်ပြင်းထန်နေသေးတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

“ကျနော်တို့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်တာ မနေ့ကတုန်းက ပန်းမြောင်းရဲ့ မြောက်ဘက်မှာ ကျောင်းတောင်ဆိုတာရှိတယ်။ ဒီနေ့မနက်ပိုင်း ပစ်တယ်ဆိုတာက မနေ့ကပစ်တဲ့ နေရာကိုပဲ ပစ်တာ။ ကျောင်းတောင်ရဲ့ မြောက်ဘက်မှာ တိုက်ပွဲဖြစ်တာရှိတယ်။”

မနေ့ကလည်း အဲဒီကျေးရွာအနီးမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာကြောင့် ကျောင်းတောင် ကျေးရွာသားတဦး ဒဏ်ရာရရှိခဲ့ပြီး ဒီကနေ့မနက်ပိုင်းက မြောက်ဦးဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ သေဆုံးသူရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

“ဒဏ်ရာရတဲ့သူကတော့ မနက်ပိုင်း ၃ နာရီလောက်မှာ သေသွားတယ်။ ဒဏ်ရာကြောင့် သွေးထွက်များပြီးတော့ သေသွားတာပါ။ ဒဏ်ရာရတဲ့အချိန်မှာ သူ့ကို Operation တွေ လုပ်သေးတယ်၊ ဒဏ်ရာကြောင့် သွေးထွက်များသွားတာ။ အခု သူ့ကို မြောက်ဦးမှာ သင်္ဂြိုဟ်မှာဖြစ်တယ်။”

ဒီရက်ပိုင်းအတွင်းမှာပဲ တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် ရခိုင်မြောက်ပိုင်းက မြို့နယ်တော်တော်များများမှာ တိုက်ပွဲတွေ ပြင်းထန်နေရတာလို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“နိုဝင်ဘာလ ၂၇ ရက်နေ့မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့တာရှိတယ်။ နိုဝင်ဘာလ ၂၇ မနက် ၄ နာရီကစပြီးတော့ အရင် ၂၆ ရက်နေ့ တိုက်ပွဲဖြစ်ခဲ့တဲ့ မြောက်ဦးမြို့နယ် ကျောင်းတောင်ရွာရဲ့ မြောက်ဘက် ၁ ကီလိုမီတာလောက်အကွာမှာရှိတဲ့ ပွိုင့် ၁၂၂ တောင်ကုန်းကို ဗမာစစ်တပ်ဘက်က ထပ်ပြီးတော့ ထိုးစစ်ဆင်လာတာ။ ၂၆ ရက်နေ့ ဖြစ်တဲ့ စစ်ပွဲမှာ ဗမာစစ်တပ်ဘက်က ၅ ဦးကျဆုံးပြီးတော့ ဒဏ်ရာရတာ အများအပြားရှိတယ်။ ပြီးတော့ နိုဝင်ဘာ ၂၇ ရက်နေ့ ထပ်ပြီးတော့ ထိုးစစ်ဆင်တယ်။ အဲဒီမှာ လက်နက်ကြီး ပစ်ကူတွေကတော့ မြောက်ဦးမြို့က လှမ်းပစ်တာရှိတယ်။ ပြီးတော့ ပန်းမြောင်း အောင်မင်္ဂလာတောင်ကနေပြီးတော့ လက်နက်ကြီးစခန်းက လှမ်းပစ်တာရှိတယ်။ ပြီးတော့ တောင်ဖြူတောင်ကလည်း လက်နက်ကြီးတွေ လှမ်းပြီးတော့ ပစ်ကူပေးနေတာရှိတယ်။”

တပ်မတော်ဘက်ကလည်း ပွင့်လင်းရာသီ ရောက်လာတာကြောင့် နယ်မြေရှင်းလင်းရေးတွေ ပိုမိုလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောဆိုထားတာရှိသလို ရခိုင်လက်နက်ကိုင် AA အဖွဲ့ကလည်း တပ်မတော် စစ်ကြောင်းတွေကို လက်ဦးမှုယူပြီး တိုက်ခိုက်နေတယ်လို့ ခိုင်သုခက ဆက်ပြောပါတယ်။

“တိုက်ပွဲပြင်းထန်တာကတော့ နိုဝင်ဘာလ ၁၁ ရက်ကနေ ၁၆၊ ၂၅၊ ၂၆၊ ၂၇ ရက်နေ့အထိ အဲဒီမှာ တိုက်ပွဲအပြင်းအထန် ဖြစ်တာရှိတယ်။ ဗမာစစ်တပ်ဘက်ကတော့ ကန်စောက်အခြေစိုက် အဲဒီမှာ အမြောက်တပ်တွေကနေပြီးတော့ လက်နက်ကြီး ပစ်ကူပေးတာ ရှိတယ်။ ပြီးတော့ ရေဇိုးဗျူဟာကနေ လက်နက်ကြီး ပစ်ကူပေးနေတာ ရှိတယ်။ ပြီးတော့ ရသေ့တောင်အခြေစိုက် တပ်ရင်းတွေကနေပြီးတော့ လက်နက်ကြီး ပစ်ကူပေးနေတာ ရှိတယ်။ အဲဒီမှာ သူတို့ ဆက်ပြီးတော့ ထိုးစစ်ဆင်နေတဲ့ အတွက်ကြောင့်မို့လို့ ကြည်းတပ်ရော လေတပ်ရော မြေပြင်ရော ဝေဟင်ပါ ထိုးစစ်ဆင်နေတာရှိတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာနေသလို တိုက်ပွဲအတွင်း ဒဏ်ရာရသူတွေနဲ့ အသက်ပေးလိုက်ရတဲ့ ဒေသခံတွေလည်း တနေ့ထက်တနေ့ များပြားလာနေတာပါ။

ဒါ့အပြင် တိုက်ပွဲကာလအတွင်း တပ်မတော်ဘက်က တရားစွဲဆိုခံထားရတဲ့ အရပ်သား ၅၀၀ ကျော်အထိ ရှိနေတယ်လို့လည်း သဇင် ဥပဒေအထောက်အကူပြုအဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားပြီး ရခိုင်လက်နက်ကိုင် AA အဖွဲ့ကလည်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေ ဌာနဆိုင်ရာ ဝန်ထမ်းတချို့နဲ့ လွှတ်တော်အမတ်တဦးကိုလည်း ဖမ်းဆီးထားပါတယ်။

-------------------------------

(Unicode)













Your browser doesn’t support HTML5

ရခိုင် မြောက်ဦး တိုက်ပွဲပြင်းထန်