သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စစ်ပြေးဒုက္ခသည်ဦးရေ ၉၀၀၀၀ ကျော်ရှိ


(Zawgyi/Unicode)

ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AAနဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေအကြား အိုးအိမ်စွန့်ခွာထွက်ပြေးကြရတဲ့ စစ်ပြေးဒုက္ခသည်အရေအတွက်ဟာ ၉ သောင်းကျော်အထိ ရှိလာပြီလို့ သိရပါတယ်။

ရခိုင်ပြည်နယ် အစိုးရအနေနဲ့ ဒုက္ခသည်စာရင်းကို အတိအကျ မကောက်ယူနိုင်ပေမယ့်၊ ဒုက္ခသည်တွေရှိတယ်လို့ သိရတာနဲ့ အကူအညီတွေ ပို့ပေးနေတယ်လို့ အစိုးရ ပြောခွင့်ရသူက ပြောပါတယ်။ ရခိုင်ပြည်နယ်တွင်းက စစ်ပြေးဒုက္ခသည်တွေအခြေအနေနဲ့ ပတ်သက်လို့ ကိုသက်နိုင် စုံစမ်းမေးမြန်းထားတာပါ။

ရခိုင်ပြည်မြောက်ပိုင်းမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာအစိုးရ စစ်တပ်တို့ကြား တိုက်ပွဲတွေ ပြန်းထန်လာတာကြောင့် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ပုဏ္ဍားကျွန်းစတဲ့ မြို့နယ် ခြောက်မြို့နယ် ထဲမှာ စစ်ဘေးဒုက္ခသည် ၉သောင်းကျော်အထိရှိလာတယ်လို့ ရခိုင်တိုင်းရင်းသားမျိုး နွယ်များအစည်းအရုံး (REC) က အတွင်းရေးမှူး ကိုဇော်ဇော်ထွန်း ကပြောပါတယ်။

“အဓိကများလာတာကတော့ ရသေ့တောင် များလာတာပေါ့နော်။ ရသေ့တောင်များလာတယ်။ နောက်ပြီးတော့ ဘူးသီးတောင်၊ မြေပုံပေါ့နော်။ ဒီလအတွင်းမှာတော့ မြေပုံ၊ ယောချောင်းဖက်တွေမှာ တိုက်ပွဲတွေ ဖြစ်နေသလို လေကြောင်း တိုက်တာတွေကြောင့် အရပ်သားတွေ ထွက်ပြေးတာလည်း များလာတာပေါ့နော်။ အရပ်သားတွေက များသောအားဖြင့် မြေပုံမြို့ပေါ်နဲ့ ကမ်းထောင်းကြီးဖက်ကို ပြေးကြတာများတယ်။ အဲဒီဘက်မှာလည်း စစ်ပြေးဒုက္ခသည်က ထောင်နဲ့ချီပြီးရှိနေတယ်ပေါ့နော်။ သိတဲ့အတိုင်းပဲ တိုက်ပွဲတွေ ကလည်း ပြင်းထန်နေတာဆိုတော့ မြေပြင်မှာ လုပ်နေကြတဲ့ ကျနော်တို့အဖွဲ့ဝင်တွေကလည်း အခက်ခဲတွေ အများကြီးရှိတယ်။ လုပ်ရကိုင်ရတော့ ခက်ယဉ်းတာပေါ့ ဒါကြောင့် အတိအကျတော့ စာရင်းမရသေးဘူး ဒါပေမယ့် အခုထိ ရထားတဲ့ စာရင်းကတော့ ၉သောင်းနှစ်ထောင်နဲ့ ငါးရာကျော်နေပါပီ။”

လက်ရှိအချိန်အမှာလည်း ရသေ့တောင်မြို့နယ်နဲ့ မြေပုံမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဆို သလိုဖြစ်နေ တာကြောင့် စစ်ဘေးဒုက္ခသည်တွေများလာတာလည်း ဖြစ်ပါတယ်။

မြေပုံမြို့ကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးဒုက္ခသည်ကိုတော့ မြေပုံမြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ နေရာချထားပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြေပုံနယ်လုံးဆိုင်ရာ စစ်ဘေးဒုက္ခသည် ကူညီထောက်ပံ့ရေးဆိုင်ရာကော်မတီ ဥက္ကဌဦးအောင်မြင့်သိန်းက ပြောပါတယ်။

“လက်ရှိမြေပုံမြို့ပေါ်မှာ စစ်ရှောင် ၆၀၀ လောက်တော့ရှိပါတယ်။ သူတို့ကို ကျနော်တို့ လောလောဆယ် မြို့မ ဝိပဿနာကျောင်းတိုက်၊နောက်ပြီးတော့ သီရိမင်္ဂလာတောင်ကျောင်းရယ် ၊ ဝိစိတ္တာရာမကျောင်းတိုက် နောက်ပြီးတော့ ပညာ့ဗိမာန်ကျောင်းတိုက် ဆိုပြီးတော့ ကျောင်းတိုက် လေးခုမှာ နေရာ ချပေးထားပါတယ်။အခက်အခဲကတော့ အများကြီးပေါ့ဗျာ လောလောဆယ်တော့ သူတို့က အိမ်ပြန်ချင်တယ်။ စားတာသောက်တာကတော့ ဒီမှာရှိတဲ့ ဟာနဲ့စားရတာပေါ့ဗျာ။”

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်တွေနဲ့ ပတ်သတ်ပြီးတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ကူညီဆောင်ရွက်ပေးနေတာတွေရှိတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ စည်ပင်သာယာ ဝန်ကြီးဦး ဝင်းမြင့်က ပြောပါတယ်။

"ကျနော်တို့ဆီကို ဆက်သွယ်ပြီးတော့ ဘယ်နေရာမှာ ဘယ်ဖြစ်ရမှာ လူဦးရေဘယ်လောက် ရောက်ရှိတယ်လို့ စာရင်းရလို့ရှိရင် ကျနော်တို့က ကူညီထောက်ပံ့မှုတွေ ပေးနေပါတယ်။ အဲဒီစာရင်းဇယားတော့ ပို့ပေးထားပေါ့။ အုပ်ချုပ်ရေးအဖွဲ့နဲ့ ညှိနှိုင်းပြီးတော့ ကျနော်တို့ဘက်က ထောက်ပံ့မှုပေးနေပါတယ်။"

လက်ရှိအချိန်မှာ စစ်ဘေးဒုက္ခသည်တွေကို နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် (WFP)တို့က အဓိက ကူညီပေးနေတာဖြစ်ပြီး တစ်ခြား ပြည်းတွင်းအရပ်ဘက်အဖွဲ့အစည်းတွေကလည်း ကူညီပေးနေတာတွေရှိပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးဒုက္ခသည် တွေအတွက် မြန်မာ့တပ်မတော်ကနေ အလှူငွေ ကျပ်သိန်း ၅,၀၀၀ လှူဒါန်းခဲ့ပါတယ်။

အခုလို စစ်ဘေးဒုက္ခသည်တွေအတွက် တပ်ဘက်က လှုုဒါန်းထားတဲ့ အလှူငွေတွေကိုတော့ဘယ်လို လုပ်ဆောင်သွားမယ်ဆိုတာကိုတော့ အသေးစိတ်မဆွေးနွေးရသေးဘူးလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


......................


(Unicode)












XS
SM
MD
LG