သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဏ္ဏားကျွန်းမြို့နယ်မှာ လူငယ် ၂ ယောက် ပစ်ခတ်ခံရ


(Zawgyi / Unicode)

ရခိုင်ပြည်နယ်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဒေသခံလူငယ် ၂ ယောက် မနေ့ညပိုင်းက စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း မိသားစုဝင်တွေနဲ့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ပစ်ခတ်ခံရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့တော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အရပ်သားတွေ မကြာခဏ ထိခိုက်သေကျေမှုတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ အခုနောက်ဆုံး ကြုံခဲ့ရတဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ လူငယ် ၂ ဦးဖြစ်တဲ့ မောင်စိုးမင်းထွန်းနဲ့ ကိုဇော်ချေတို့ ပစ်ခတ်ခံခဲ့ရတာပါ။ မိသားစုဝင် တယောက်ကတော့ ညမထွက်ရအမိန့် စတင်အသက်ဝင်မယ့် ည ၉ နာရီ အချိန်လောက်မှာ အိမ်ကထွက်သွားပြီးနောက် ပစ်ခတ်ခံခဲ့ရတာလို့ ပြောပါတယ်။

“ညနေ ၈ နာရီ ၅၅ မိနစ်လောက်မှာ ကိုယ့်အိမ်ကနေ အမျိုးအိမ်ကို သွားတာပါ။ အဲဒီအချိန်မှာ ၅၅၀ တပ်က ထွက်ပြီးတော့ ပစ်တာပါ။ လူနာအခြေအနေကတော့ အခုခွဲစိတ်နေပါတယ်။”

ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ လူငယ် ၂ ဦးကိုတော့ ဆေးရုံမှာ ကုသပေးထားတယ်လို့လည်း ပုဏ္ဏားကျွန်း မဲဆန္ဒနယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောပါတယ်။

“ဒဏ်ရာကတော့ ခြေထောက်မှာပဲ။ တယောက်ကတော့ အရိုးထိသွားလို့ ဒဏ်ရာက နည်းနည်းများတယ်။ ခြေထောက်ကတော့ လှုပ်လို့မရဘူး။”

ပစ်ခတ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ သိနိုင်ဖို့ ဒေသခံစစ်တပ်နဲ့ အစိုးရ တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရရှိခဲ့ပါဘူး။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ မသိရှိကြောင်း ဗွီအိုအေကို ပြောပါတယ်။

“ကျနော် ကြားကို မကြားဘူး။ အဲဒီတပ် မေးကြည့်တော့လည်း မဟုတ်ဘူးတဲ့။ ကျနော်လည်း မကြားမိဘူး။ ကျနော်တို့ကိုလည်း တင်ပြထားတာမရှိဘူး။”

ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ တပ်မတော်တို့ကြား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလဆန်းကစလို့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ ဧပြီလကစပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ည ၉ နာရီကနေ မနက် ၅ နာရီအတွင်း သွားလာမှုတွေ မလုပ်ဖို့ ကန့်သတ်ထားတာ ဖြစ်ပါတယ်။

ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ နယ်မြေတွေမှာ မကြာခဏ ပစ်ခတ်မှုတွေကြောင့် အရပ်သား ထိခိုက်သေကျေမှုတွေလည်း ကြုံနေရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်ကနေ စစ်တွေမြို့ကို ည ၁၁ နာရီလောက်မှာ အလုပ်ကပြန်လာသူနှစ်ဦး စစ်တွေမြို့အနီး မင်းချောင်းတံတားမှာ ပစ်ခတ်ခံခဲ့ရတာကြောင့် တဦးသေဆုံးပြီး နောက်တဦးကတော့ ဒဏ်ရာရခဲ့ပါတယ်။

အောက်တိုဘာလ ၂ ရက်နေ့မှာလည်း မနက် ၂ နာရီလောက်မှာ အပေါက်ဝကျေးရွာကနေ ကျောက်တော်မြို့ကို အလုပ်သွားတဲ့ ဒေသခံတဦး စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာပါ။

အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်ကတော့ ထိခိုက်သေဆုံးတဲ့အထိ ဒေသခံအရပ်သားတွေရဲ့ ဆုံးရှုံးမှုတွေကို အကာအကွယ်ပေးဖို့ သက်ဆိုင်သူတွေအားလုံး ဝိုင်းဝန်းကြိုးပမ်းဖို့ လိုအပ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

“အများကြီးပါပဲ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အဘက်ဘက်ကနေ နစ်နာတယ်။ ဒါမျိုးက ၁၉၈၈ နောက်ပိုင်း ၉၀ အဲဝန်းကျင်တွေမှာ အများကြီး ခံဖူးပြီးသွားပြီ။ လွှတ်တော်ကလည်း ဒီလောက်အာဏာမရှိဘူး။ အဲတော့ လွှတ်တော်အမတ်တွေကလည်း ဒီကိစ္စမျိုးတွေမှာ မပြောကြဘူး။ သမန်ကာရှန်ကာ ကိစ္စတွေမှာတောင် လွှတ်တော်က လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ဘာမှအစိုးရကို ဖိအားပေးတာမျိုး မရှိဘူး။ အောင်မြင်တာလည်း မရှိဘူး။”

ဒီသီတင်းပတ်ထဲမှာပဲ ရခိုင်ပြည်နယ်ကို ရောက်ရှိလာခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် Christine Schraner Burgener ကလည်း AA လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်တို့ကြား တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ တိုးလာနေကြောင်း ပြောဆိုခဲ့ပါတယ်။ ဒီအတွက်လည်း သက်ဆိုင်သူတွေအားလုံး အနေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့၊ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို လေးစားဖို့ လိုအပ်ကြောင်းလည်း မြန်မာနိုင်ငံခရီးစဉ် အဆုံးသတ် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုခဲ့ပါတယ်။

--------------------------------

(Unicode)

ပုဏ်ဏားကြှနျးမွို့နယျမှာ လူငယျ ၂ ယောကျ ပဈခတျခံရ















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG