တောင်ကိုရီးယား ဘက်ထရီစက်ရုံ မီးလောင်မှု လူ ၂၀ ခန့်သေဆုံး

တောင်ကိုရီးယားနိုင်ငံ Seoul မြို့တော်တောင်ဘက် Hwaseong မြို့မှာရှိတဲ့ Aricell လစ်သီယမ်ဘက်ထရီစက်ရုံမီးလောင်နေစဉ်အတွင်း ကယ်ဆယ်ရေးများကိုတွေ့ရစဉ် (ဇွန် ၂၄၊ ၂၀၂၄)

တောင်ကိုရီးယားနိုင်ငံ Seoul မြို့တော်တောင်ဘက် Hwaseong မြို့မှာရှိတဲ့ Aricell လစ်သီယမ်ဘက်ထရီစက်ရုံမှာ ဒီကနေ့ မီးလောင်တာကြောင့် အနည်းဆုံး စက်ရုံလုပ်သား ၂၀ လောက်သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲ တရုတ်နိုင်ငံသား ၁၈ ယောက်ပါတယ်လို့လည်း မီးသတ်ဌာန တာဝန်ရှိသူတွေကို ကိုးကားပြီး သတင်းတွေကဖော်ပြပါတယ်။ စက်ရုံရဲ့ ဒုတိယထပ် ဘက်ထရီတွေကို စစ်ဆေးထုပ်ပိုးတဲ့ နေရာကနေစပြီးပေါက်ကွဲမီးလောင်ခဲ့တာလို့လည်း သတင်းတွေမှာရေးပါတယ်။

တောင်ကိုရီးယားနိုင်ငံ Seoul မြို့တော်တောင်ဘက် Hwaseong မြို့မှာရှိတဲ့ Aricell လစ်သီယမ်ဘက်ထရီစက်ရုံမီးလောင်နေစဉ်အတွင်း ကယ်ဆယ်ရေးများကိုတွေ့ရစဉ် (ဇွန် ၂၄၊ ၂၀၂၄)

ပျောက်ဆုံးနေသူ တချို့ရှိသလို ရှာဖွေကယ်ဆယ်ရေး ဆက်လုပ်နေတယ်လို့ မီးသတ်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ မီးလောင်မှုဖြစ်တဲ့ စက်ရုံဒုတိယထပ်မှာ ဘက်ထရီနဲ့ ဆက်စပ်ပစ္စည်း ၃၅၀၀၀ လောက်သိုလှောင်ထားတာပါ။ နောက်ထပ်ပေါက်ကွဲမှုတွေဖြစ်နိုင်တဲ့ အန္တရာယ်ကြောင့် စက်ရုံထဲ ဝင်ဖို့ အခက်အခဲရှိတဲ့ အကြောင်းလည်း မီးသတ်တာဝန်ရှိသူတွေကပြောပါတယ်။ လစ်သီယမ်ဘက်ထရီတွေကို လက်တော့ပ်တွေကနေ လျှပ်စစ်ကားတွေအထိ နေရာတော်တော်များများမှာ အသုံးပြုတာပါ။ ဒီဘက်ထရီအမျိုးအစားတွေက ပေါက်ကွဲအားပြင်းသလို သမားရိုးကျ မီးငြှိမ်းသတ်နည်းတွေနဲ့ ထိန်းချုပ်ဖို့ ခက်ခဲပါတယ်။

အခုလက်ရှိ ရေနဲ့ ဖြန်းတာထက် သဲခြောက်တွေကို အသုံးပြု မီးငြှိမ်းသတ်နေတယ်လို့ မီးသတ်တာဝန်ရှိသူတွေကပြောပါတယ်။ အခု စက်ရုံမီးလောင်မှုမှာ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအတွက် လိုအပ်တာတွေကို လုပ်ဆောင်ဖို့ သက်ဆိုင်ရာအာဏာပိုင်တွေကို တောင်ကိုရီးယား သမ္မတ Yoon Suk Yeol က ညွှန်ကြားထားပါတယ်။

Your browser doesn’t support HTML5

တောင်ကိုရီးယား ဘက်ထရီစက်ရုံ မီးလောင်မှု လူ ၂၀ ခန့်သေဆုံး