သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူအားသုံး ကန်လေယာဉ်တင်သင်္ဘော တောင်ကိုရီးယားကိုရောက်


အမေရိကန် နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင်သင်္ဘော တောင်ကိုရီးယားနိုင်ငံကိုရောက်ရှိ။
အမေရိကန် နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင်သင်္ဘော တောင်ကိုရီးယားနိုင်ငံကိုရောက်ရှိ။

ရုရှားရဲ့ မဟာမိတ်ဖြစ်တဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နိုင်ဖို့နဲ့ စစ်ရေးလေ့ကျင့်မှု စွမ်းရည်ကို မြှင့်တင်နိုင်ဖို့အတွက် အမေရိကန်ရဲ့ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင် သင်္ဘော တစင်းဟာ စနေနေ့က တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ ဒီသီတင်းပတ်ထဲ တွေ့ဆုံခဲ့ပြီး စစ်ပွဲအတွင်း အပြန်အလှန် ကာကွယ်ရေးအကူအညီပေးဖို့အတွက် ကတိကဝတ်တွေ ပြုခဲ့တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးကို ဆင့်ခေါ် ကန့်ကွက်ခဲ့ပြီး နောက်တရက်အကြာမှာပဲ သီအိုဒိုရုစဗဲ့ (Theodore Roosevelt) နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီးဟာ ဘူဆန်မြို့ ဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါဟာ မဟာမိတ်တွေရဲ့ ကာကွယ်ရေးစနစ် ခိုင်မာအားကောင်းနေတယ်ဆိုတာကို ထုတ်ဖော်တာ ဖြစ်သလို မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားဖို့ ပြင်းပြတဲ့ ဆန္ဒကို ပြသတာလို့ တောင်ကိုရီးယား ရေတပ်ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

နူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Carl Vinson
နူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Carl Vinson

ဒါဟာ မြောက်ကိုရီးယားကို ဆန့်ကျင် အင်အားပြသမှုအဖြစ် အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ကားလ် ဗင်ဆင် (USS Carl Vinson) တောင်ကိုရီးယားကို ရောက်ရှိလာပြီး ခုနစ်လအကြာမှာ နောက်ထပ် လေယာဉ်တင်သင်္ဘော ခရီးစဉ်လည်း ဖြစ်ပါတယ်။

ရုရှားနဲ့ မြောက်ကိုရီးယားကြား စစ်ရေးသဘောတူညီချက်က လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ တောင်ကိုရီးယားက ယူဆထားတာပါ။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားရဲ့ ကျူးကျော်မှုကို တွန်းလှန်နေရတဲ့ ယူကရိန်းကို လက်နက်တွေ ပေးဖို့ စဉ်းစားလာနိုင်တယ်လို့ တောင်ကိုရီးယားက သတိပေးထားပြီး ဒီလိုသာ ဖြစ်လာခဲ့ရင် ရုရှားနဲ့ တောင်ကိုရီးယားကြား ဆက်ဆံရေးက ပျက်ပြားစေမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းက စင်ကာပူနိုင်ငံမှာလုပ်တဲ့ ကာကွယ်ရေးဝန်ကြီးတွေရဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့က လေကြောင်း၊ ပင်လယ်ပြင်နဲ့ အွန်လိုင်း ဆိုက်ဘာတိုက်ခိုက်မှုတွေ အပါအဝင် နယ်ပယ်စုံကတိုက်ခိုက်မှုတွေကို ပေါင်းစပ်တုံ့ပြန်နိုင်မယ့် Freedom Edge လို့အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုအသစ်ကို လုပ်ဆောင်ဖို့ ကြေညာခဲ့ပြီး ဒီစစ်ရေးလေ့ကျင့်မှုမှာ ဘူဆန်ကို ဆိုက်ကပ်ခဲ့တဲ့ နျူစွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကပါ ပါဝင်လေ့ကျင့်မှာပါ။ တောင်ကိုရီးယားစစ်တပ်ကတော့ လေ့ကျင့်မှုနဲ့ ပတ်သက်တဲ့အသေးစိပ် အချက်အလက်ကိုတော့ အခုလတ်တလော အတည်ပြုထုတ်ပြန်တာမျိုး မရှိသေးပါဘူး။


သီအိုဒိုရုစဗဲ့ (Theodore Roosevelt) လေယာဉ်တင် သင်္ဘောကြီးပါတဲ့ တိုက်ခိုက်ရေး အုပ်စုဟာ ဧပြီလတုန်းကလည်း အရှေ့တရုတ်ပင်လယ်ထဲမှာလည်း တောင်ကိုးရီးယားနဲ့ ဂျပန်ရေတပ် တပ်ဖွဲ့တွေနဲ့အတူ (၃) နိုင်ငံပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီနေရာဟာ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နေရာဖြစ်ပြီး တရုတ်က သူ့ပိုင်နက်နယ်မြေအဖြစ် တောင်းဆိုနေလို့ စိုးရိမ်မှုတွေ မြင့်တက်နေတာလည်းဖြစ်ပါတယ်။

တဘက်မှာလည်း မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု ကြီးထွားလာနေတာကို တန်ပြန်နိုင်ဖို့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန် (၃) နိုင်ငံဟာ ပေါင်းစပ် စစ်ရေးလေ့ကျင့်မှုတွေကို တိုးချဲ့လုပ်ဆောင်နေတာ ဖြစ်ပြီး ဒါဟာ ဒေသတွင်းမှာ အမေရိကန်ပြည်ထောင်စုရဲ့ ဗျူဟာမြောက် နေရာယူလာနိုင်မှုကို မြှင့်တင်နေတာဖြစ်ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံဟာလည်း နျူကလီးယား တားဆီးရေး ဗျူဟာတွေကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်နေပြီး တကယ်လို့ မြောက်ကိုရီးယားကသာ နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်လာခဲ့ရင် အမေရိကန်အနေနဲ့ သူ့ရဲ့ နျူကလီးယား စွမ်းရည်ကို အလျင်အမြန် အသုံးပြုပြီး ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ့် အာမခံချက်မျိုး ရရှိနိုင်ဖို့ တောင်ကိုရီးယားက ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG