သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်ကျော်ဝင်လာတဲ့ မြောက်ကိုရီးယားစစ်သားတွေကို တောင်ကိုရီးယား ပစ်ခတ်သတိပေး


နှစ်နိုင်ငံ နယ်စပ်အနီး မြောက်ကိုရီးယားစစ်သားတွေ အလုပ်လုပ်နေတာကို ပြသနေသည့် တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်ဓါတ်ပုံ (ဇွန် ၁၈၊ ၂၀၂၄)
နှစ်နိုင်ငံ နယ်စပ်အနီး မြောက်ကိုရီးယားစစ်သားတွေ အလုပ်လုပ်နေတာကို ပြသနေသည့် တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်ဓါတ်ပုံ (ဇွန် ၁၈၊ ၂၀၂၄)

အစောင့်အကြပ်တွေ တင်းကြပ်စွာချထားတဲ့ နှစ်နိုင်ငံနယ်စပ်ဒေသကို ဖြတ်ကျော်ပြီး ဒါဇင်နဲ့ချီတဲ့ မြောက်ကိုရီးယားစစ်သားတွေ ဒီကနေ့ ဇွန်လ ၁၈ ရက်နေ့မှာ တောင်ကိုရီးယားဘက်ကို ဝင်ရောက်လာတာမှာ သေနတ်နဲ့ သတိပေးပစ်ဖောက်လိုက်တဲ့အတွက် ပြန်ဆုတ်သွားကြတယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။ တောင်ကိုရီးယားနဲ့နယ်စပ်မှာ မြောက်ကိုရီးယားဘက်က တပ်အင်အားတွေ တိုးချလာနေတာမှာ အခုလို နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတာ သီတင်းနှစ်ပတ်အတွင်း ဒါဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

နယ်စပ်မှာထောင်ထားတဲ့ မြေမြှုပ်မိုင်း ပေါက်ကွဲခဲ့တဲ့အတွက် မြောက်ကိုရီးယားစစ်သားတချို့ ထိခိုက် ဒဏ်ရာရသွားကြောင်းလည်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရဲ့အကြီးအကဲက ပြောကြားလိုက်ပြီး နှစ်နိုင်ငံဆက်ဆံရေး ကျဆင်းလာနေချိန်မှာဘဲ နယ်စပ်မှာ မြောက်ကိုရီးယားဘက်က ချုံတွေရှင်းထုတ်ပြီး မိုင်းတွေထောင်နေတယ်လို့ ဆိုပါတယ်။ ၁၉၅၀ ကနေ ၁၉၅၃ ခုနှစ်အထိ ဖြစ်ခဲ့တဲ့ ကိုရီးယားစစ်ပွဲဟာ စစ်ပြေငြိမ်းရေးသဘောတူညီချက်နဲ့ အဆုံးသတ်ခဲ့ပြီး နှစ်နိုင်ငံကြား ရန်ဖက်တွေအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ နှစ်နိုင်ငံအကြားက စစ်မဲ့ဇုံဟာလည်း ကမ္ဘာမှာ မြေမြှုပ်မိုင်း အများဆုံးရှိတဲ့နေရာတွေထဲမှာ တခုအပါအဝင် ဖြစ်ပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားဘက်က ဒီ စစ်မဲ့ဇုံမှာ မြေမြုပ်မိုင်းတွေ ထပ်ချနေသလို ဗျူဟာမြောက်လမ်းတွေကို ပြင်ဆင်မွမ်းမံတာ၊ တင့်ကားတွေ ဝင်လာလို့မရအောင် ခံစစ်ကို ထပ်မံတိုးချဲ့တည်ဆောက်တာတွေ လုပ်ဆောင်နေတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ မြောက်ကိုရီးယားစစ်သားတွေ ဒီကနေ့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတာဟာ အရင် ဇွန်လ ၉ ရက်နေ့က ဝင်ရောက်ခဲ့သလိုဘဲ ရည်ရွယ်ချက်မရှိဘဲ မတော်တဆ ဖြတ်ကျော်ခဲ့မိပုံရတယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရဲ့အကြီးအကဲရုံးက ပြောပါတယ်။

Forum

XS
SM
MD
LG