သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသမ္မတရဲ့ မြောက်ကိုရီးယားခရီးစဉ်အတွင်း နှစ်နိုင်ငံ စစ်ရေးပူးပေါင်းမှု အခိုင်အမာတည်ဆောက်နိုင်


ယခင်မှတ်တမ်းရုပ်ပုံ | ရုရှားသမ္မတ ဗလာဒီမီယာပူတင် (ယာ)နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ ရုရှားနိုင်ငံ Vladivostok မြို့က အစည်းအဝေးအတွင်း လက်ဆွဲနှုတ်ဆက်နေကြစဉ် (ဧပြီ ၂၅၊ ၂၀၁၉)
ယခင်မှတ်တမ်းရုပ်ပုံ | ရုရှားသမ္မတ ဗလာဒီမီယာပူတင် (ယာ)နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ ရုရှားနိုင်ငံ Vladivostok မြို့က အစည်းအဝေးအတွင်း လက်ဆွဲနှုတ်ဆက်နေကြစဉ် (ဧပြီ ၂၅၊ ၂၀၁၉)

ရုရှားသမ္မတ Vladimir Putin "ဗလာဒီမီယာ ပူတင်" သွားရောက်ဖို့ရှိတဲ့ မြောက်ကိုရီးယားခရီးစဉ်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယား အကြီးတန်းအရာရှိကြီးတွေဟာ သောကြာနေ့မှာ တယ်လီဖုန်းနဲ့ အရေးပေါ်ဆက်သွယ်ပြောကြားခဲ့ကြပြီး ပူတင်ရဲ့ ခရီးစဉ်ဟာ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ စီးပွားရေးနဲ့ စစ်ရေးဆိုင်ရာ ကျယ်ကျယ်ပြန့်ပြန့် အရေးယူ တားမြစ်ထားချက်တွေကို ချိုးဖေါက်တာမျိုး မဖြစ်သင့်ဘူးလို့ နှစ်ဖက်စလုံးက သတိပေးလိုက်ကြောင်း တောင်ကိုရီးယားအစိုးရက ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un "ကင်မ်ဂျုံအွန်း"ရဲ့ စက်တင်ဘာ ရုရှားအရှေ့ပိုင်း ခရီးစဉ်ကို ကြည့်ရင် သူဟာ ရုရှားရဲ့လက်နက်တွေကို အတတ်နိုင်ဆုံး အများဆုံးကြည့်ရှုဖို့ အဓိက သွားရောက်တာဖြစ်ကြောင်း မြင်သာနေတာပါ။ ကင်မ်ဟာ ရုရှားရဲ့ ဂျက်တိုက်လေယာဉ်တွေထဲက ခေတ်အမီဆုံး ယာဉ်ရဲ့ လေယာဉ်မှူးနေရာကို ဝင်စစ်ဆေးခဲ့သလို နျူကလီယားထိပ်ဖူးတပ် မဟာဗျူဟာကျ ဗုံးကြဲလေယာဉ်တွေနဲ့ ရုရှားရဲ့ ပစိဖိတ်ရေတပ် စစ်သင်္ဘောအုပ်စုကိုပါ လှည့်လည် ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ပူတင် ကိုယ်တိုင်လည်း ကင်မ် ကို ရုရှားရဲ့ခေတ်အမီဆုံး အာကာသယာဉ်လွှတ်တင်တဲ့ Vostochny Cosmo drome စခန်းကို လိုက်လံပြသခဲ့ပြီး မြောက်ကိုရီးယားရဲ့ ကောင်းကင်ဂြိုဟ်တု တည်ဆောက်ရေးမှာ ရုရှားက အကူညီပေးနိုင်ကြောင်း ပြောကြားခဲ့တာပါ။ အခုလို ကာကွယ်ရေးဆိုင်ရာ နှစ်နိုင်ငံဆက်ဆံမှု တိုးလာနေပေမယ့် ကင်မ်ရဲ့ ရုရှားခရီးစဉ်အတွင်း တရားဝင် သဘောတူစာချုပ် ချုပ်ဆိုမှုတစုံတရာ မတွေ့ရတဲ့အတွက် လေ့လာသူတွေ အံ့သြခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခု နှစ်ပေါင်း ၂၄ နှစ်အတွင်း မြောက်ကိုရီးယားကို ပထမဆုံး သွားရောက်ဖို့ရှိတဲ့ သမ္မတ ပူတင်ရဲ့ ခရီးစဉ်မှာတော့ နှစ်နိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခိုင်မာတဲ့ လုပ်ဆောင်မှုမျိုး ရှိလာနိုင်တယ်လို့ သြစတြေးလျနိုင်ငံ Curtin တက္ကသိုလ်က အမျိုးသားလုံခြုံရေးနဲ့ မဟာဗျူဟာလေ့လာရေးဌာနက Alexey Muraviev က သုံးသပ်ပါတယ်။

သမ္မတ ပူတင် မြောက်ကိုရီးယား သွားမယ်ဆိုတာကို ရုရှားတာဝန်ရှိသူတွေက အတည်ပြုထားပေမယ့် ရက်အတိအကျကိုတော့ ထုတ်မပြောသေးပါဘူး။ တောင်ကိုရီးယား အာဏာပိုင်တွေကတော့ လာမယ့် ရက်ပိုင်းအတွင်း သွားဖို့ ဖြစ်လာနိုင်တယ်လု့ိ ခန့်မှန်းထားပါတယ်။

Forum

XS
SM
MD
LG