သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းခုခံစစ် မဟာမိတ်နိုင်ငံတွေ အကူညီပေးပိုင်ခွင့် NATO ထောက်ခံ


မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ် (NATO) အဖွဲ့ အတွင်းရေးမှူးချုပ် ယန်း စတောလ်တွန်းဘာ့ဂ် (Jens Stoltenberg) (မေ ၃၁၊ ၂၀၂၄)
မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ် (NATO) အဖွဲ့ အတွင်းရေးမှူးချုပ် ယန်း စတောလ်တွန်းဘာ့ဂ် (Jens Stoltenberg) (မေ ၃၁၊ ၂၀၂၄)

ရုရှားရဲ့ရန် ခုခံကာကွယ်နေတဲ့ယူကရိန်းကို မဟာမိတ်နိုင်ငံတွေ အကူအညီပေးပိုင်ခွင့်ကိုထောက်ခံကြောင်း မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ် (NATO) အဖွဲ့ အတွင်းရေးမှူးချုပ် ယန်း စတောလ်တွန်းဘာ့ဂ် (Jens Stoltenberg) က သောကြာနေ့က ပြောလိုက်ပါတယ်။

ဒီထဲမှာ ရုရှားနိုင်ငံတွင်းကပစ်မှတ်တွေကို NATO ထောက်ပံ့ထားတဲ့ လက်နက်တွေသုံးပြီး ယူကရိန်းအနေနဲ့ ပြန်လည်ပစ်ခတ်ခွင့်ပြုတာပါ ပါဝင်ကြောင်း ပြောပါတယ်။ NATO နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ပရာ့ဂ်မြို့မှာ သတင်းထောက်တွေကို စတောလ်တွန်းဘာ့ဂ် (Stoltenberg) အဲဒီလို မှတ်ချက်ပေးခဲ့တာပါ။ ယူကရိန်းအနေနဲ့ ရန်မူလာတဲ့ ရုရှားတပ်တွေကို ဒါမှမဟုတ် ရန်မူဖို့ပြင်ဆင်နေတဲ့ ရုရှားတပ်ဖွဲ့တွေကို ရုရှားနိုင်ငံထဲအထိ တန်ပြန်ပစ်ခတ်ရာမှာ သူတို့ရဲ့လက်နက်တွေအသုံးပြုခွင့်ကို နေတိုးမဟာမိတ်တွေ ဖြစ်ကြတဲ့ အမေရိကန်နဲ့ ဂျာမနီနိုင်ငံတွေက ခွင့်ပြုပေးလိုက်တဲ့ မူဝါဒ အပြောင်းအလဲမှာ နေတိုး အကြီးအကဲရဲ့ မှတ်ချက်စကားထွက်လာတာပါ။

အခု သီတင်းပတ်အစောပိုင်းတုန်းကတော့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က နေတိုးနဲ့ အမေရိကန်က မူဝါဒပြောင်းလဲဖို့ စဉ်းစားနေတာဟာ စစ်ပွဲကို အရှိန်မြှင့်နေတာလို့ စွပ်စွဲထားပြီး အကျိုးဆက်တွေကို သတိပေးထားပါတယ်။ ဒါပေမယ့် “ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ဟာ စစ်ပွဲ အရှိန်မြှင့်တင်တာ မဟုတ်ဘူး” လို့ စတောလ်တွန်းဘာ့ဂ် (Stoltenberg) ကတော့ သောကြာနေ့မှာ ပြန်လည် တုံ့ပြန်ထားပါတယ်။ “မိမိကိုယ်ကိုကာကွယ်ခြင်းဟာ အခြေခံအခွင့်အရေးဖြစ်ပါတယ်။ ယူကရိန်းဟာ ကိုယ့်ရဲ့လူမျိုးကိုကာကွယ်ဖို့ အခွင့်အရေးနဲ့ တာဝန်ရှိနေပြီး ယူကရိန်း ရဲ့ ကိုယ်ပိုင်ကာကွယ်ပိုင်ခွင့် အခွင့်အရေး အတွက်လည်း ကျနော်တို့အနေနဲ့ ကူညီပိုင်ခွင့်ရှိပါတယ်။” လို့ သူက ပြောပါတယ်။

ဒါကို ရုရှားဘက်က နှစ်သက်မှာမဟုတ်ဘူး ဆိုတာကိုလည်း စတောလ်တွန်းဘာ့ဂ် (Stoltenberg) က ဝန်ခံပါတယ်။ “နေတိုးမဟာမိတ်တွေက ယူကရိန်းကို ထောက်ပံ့ပေးနေတာကို ပူတင်က ဟန့်တားချင်နေပါတယ်။ ဒါပေမယ့် ကျနော်တို့ကို တားလို့ ရမှာမဟုတ်ဘူး” လို့ သူက ပြောပါတယ်။

ရုရှားပစ်မှတ်တွေကို သူတို့ထောက်ပံ့ပေးထားတဲ့ လက်နက်တွေသုံးပြီး ယူကရိန်းအနေနဲ့ ပစ်ခတ်ပိုင်ခွင့်ကို အမေရိကန်က ကြာသပတေးနေ့မှာ ခွင့်ပြုခဲ့တာပါ။ ဒါပေမယ့် ဒီခွင့်ပြုချက်က ရုရှားနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ခါကိဗ် (Kharkiv) ဒေသ အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆုံးဖြတ်ချက်ဟာ မူဝါဒရေးရာ ပြောင်းလဲမှုကြီးတခုဖြစ်လာပါတယ်။ လက်ရှိအချိန်ထိတော့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားပိုင်နက်အတွင်း တိုက်ခိုက်ရေးတွေမှာ ယူကရိန်းက အမေရိကန်လက်နက်တွေ အသုံးပြုခွင့်ကို ငြင်းဆန်ထားပါတယ်။ ATACMS လို့ခေါ်တဲ့ တာဝေးပစ် ဗျူဟာမြောက် ဒုံးကျည်စနစ်တွေ အသုံးပြုခွင့် ပိတ်ပင်ထားတဲ့ အမေရိကန်ရဲ့မူဝါဒကတော့ အပြောင်းအလဲ မရှိကြောင်း အမေရိကန်အရာရှိတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်သီတင်းပတ်တွေထဲမှာ ယူကရိန်းက အမေရိကန်ကို ချဉ်းကပ်ခဲ့ပြီး နယ်စပ်တဘက်က ရုရှားတပ်တွေကို တိုက်ခိုက်ရာမှာ အမေရိကန်လက်နက်တွေ အသုံးပြုခွင့်တောင်းဆိုခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း ပရာ့ဂ်မှာ သတင်းထောက်တွေကို အတည်ပြုပါတယ်။ အဲဒီတောင်းဆိုချက်ကို သမ္မတထံပေးပို့ခဲ့ပြီး သမ္မတဘိုင်ဒန်က အတည်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်ရဲ့ ဆုံးဖြတ်ချက်အပြီးမှာ ဂျာမနီကလည်း သူထောက်ပံ့ပေးထားတဲ့ လက်နက်တွေသုံးပြီး ယူကရိန်းကရုရှားကို တန်ပြန်ပစ်ခတ်ပိုင်ခွင့်ကို ခွင့်ပြုမယ်လို့ သောကြာနေ့က ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG