သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းပြဿနာ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ တရုတ်နဲ့ ရုရှား သဘောတူ 


ရုရှားသမ္မတ Vladimir Putin နဲ့ တရုတ်သမ္မတ Xi Jinping တို့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံ (မေ ၁၆၊ ၂၀၂၄)
ရုရှားသမ္မတ Vladimir Putin နဲ့ တရုတ်သမ္မတ Xi Jinping တို့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံ (မေ ၁၆၊ ၂၀၂၄)

ရုရှားသမ္မတ Vladimir Putin ဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ တရုတ်သမ္မတ Xi Jinping နဲ့ဒီနေ့တွေ့ဆုံခဲ့ပြီး တရုတ်နဲ့ ရုရှားနိုင်ငံကြား မဟာဗျူဟာမြောက် ပူးပေါင်းဆက်ဆံရေး ပိုပြီးခိုင်မာကြောင်း ကြေညာချက်မှာ ခေါင်းဆောင် ၂ ယောက် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ယူကရိန်းပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ လိုအပ်တယ်ဆိုတာကိုလည်း ၂ ဦးသဘောတူခဲ့တယ်လို့ သမ္မတ Xi ကပြောကြားပါတယ်။

"ယူကရိန်းပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းတာက နည်းလမ်းမှန်ဖြစ်တယ်ဆိုတာ ၂ ဘက်လုံး သဘောတူကြပါတယ်။ ဥရောပတိုက်မှာ ငြိမ်းချမ်း တည်ငြိမ်မှု ပြန်လည်ရရှိရေးကို တရုတ်နိုင်ငံအနေနဲ့ လိုလားပြီး ဒီအခြေအနေ ရောက်တဲ့အထိ တရုတ်အနေနဲ့ ထိရောက်တဲ့အခန်းကဏ္ဍကနေ ကြိုးစားပေးသွားမယ်" လို့ တရုတ်သမ္မတ Xi Jinping ကပြောကြားခဲ့ပါတယ်။

ဂါဇာစစ်ပွဲအရေးနဲ့ပတ်သက်လို့လည်း ကုလသမဂ္ဂဆုံးဖြတ်ချက်တွေအတိုင်း အကောင်အထည်ဖော်ဖို့လိုအပ်ကြောင်းနဲ့ ၂ နိုင်ငံ အတူယှဉ်တွဲ နေထိုင်နိုင်ရေးကသာ ပါလက်စတိုင်း ပြဿနာပြေလည်နိုင်မယ်လို့ သမ္မတ Putin နဲ့ သဘောတူခဲ့ကြောင်း သမ္မတ Xi ကပြောပါတယ်။

ယူကရိန်းစစ်ပွဲအတွက် အဖြေရှာနိုင်ဖို့ တရုတ်အစိုးရက အစပြုကြိုးစားတဲ့အပေါ် ကျေးဇူးတင်တယ်လို့ ရုရှားသမ္မတ Putin က တုံ့ပြန်ခဲ့ပါတယ်။ သူ့အဆို ကမောက်ကမဖြစ်နေတဲ့ ကမ္ဘာကြီးမှာ တရုတ်နဲ့ တည်ငြိမ်ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးတက်နေတာကိုလည်း ရုရှားသမ္မတ Putin က အမွှမ်းတင်ပြောကြားပါတယ်။ အာရှ ပိစိဖိတ်ဒေသမှာ အနောက်နိုင်ငံတွေဦးဆောင်တဲ့ နိုင်ငံရေး၊ လုံခြုံရေးဆိုင်ရာ မဟာမိတ်အဖွဲ့တွေ ဖွဲ့နေတာ အန္တရာယ်များတယ်လို့လည်း သူကဆိုခဲ့ပါတယ်။

အာရှဒေသမှာ ဩဇာလွှမ်းနိုင်အောင် တရုတ်ရဲ့ ကြိုးစားမှုကို တန်ပြန်နိုင်ဖို့ အမေရိကန်က Australia၊ အိန္ဒိယ၊ ဂျပန်တို့နဲ့ ၄ နိုင်ငံ လုံခြုံရေးဆွေးနွေးပွဲ အဖွဲ့ဖွဲ့ထားသလို ဗြိတိန်နိုင်ငံကလည်း ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတာဖြစ်ပါတယ်။

သမ္မတ Putin ဟာ ရုရှားသမ္မတတာဝန်ကို နောက်တကြိမ်ယူခဲ့ပြီးနောက် ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို ၂ ရက်ခရီး သွားရောက်နေတာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အရပ်ဘက်ရော စစ်ဘက်ပါ သုံးနိုင်တဲ့ ပစ္စည်းတွေ ရုရှားကို တင်ပို့ပြီး ယူကရိန်းအပေါ် ရုရှားတို့ ကျူးကျော်စစ်ကို အားပေးနေတယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။ တရုတ်အစိုးရကတော့ တရုတ်ကတင်ပို့တဲ့ပစ္စည်းတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောကြားပြီး အမေရိကန်တို့ စွပ်စွဲချက်ကို ဒီနေ့ ပယ်ချခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG