သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားအတိုက်အခံခေါင်းဆောင် ဓားနဲ့ထိုးခံရ


တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ တောင်ကိုရီးယားအတိုက်အခံခေါင်းဆောင် Lee Jae-myung ဓါးနဲ့ အတိုက်အခိုက်မခံခင်အချိန် တွေ့ရစဉ် (ဇန်နဝါရီ ၂၊ ၂၀၂၄)
တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ တောင်ကိုရီးယားအတိုက်အခံခေါင်းဆောင် Lee Jae-myung ဓါးနဲ့ အတိုက်အခိုက်မခံခင်အချိန် တွေ့ရစဉ် (ဇန်နဝါရီ ၂၊ ၂၀၂၄)

တောင်ကိုရီးယား အတိုက်အခံပါတီခေါင်းဆောင် Lee Jae-myung ဟာ ဒီကနေ့ (ဇန်နဝါရီ ၂ ရက်) တောင်ပိုင်းဆိပ်ကမ်းမြို့ ဘူဆန်မှာရှိတဲ့ ဆောက်လုပ်ရေးတခုကို လည်ပတ်စဉ် ဓါးနဲ့တိုက်ခိုက်ခံခဲ့ရပါတယ်။ သူ့ကိုထောက်ခံတဲ့ လူအုပ်ကြားထဲက ထွက်လာတဲ့ အမျိုးသားတဦးက သူ့ရဲ့လည်ပင်းကို ဓားနဲ့ ထိုးခဲ့တာပါ။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးကြောင်း ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

တိုက်ခိုက်သူက Lee ရဲ့ ဘယ်ဘက်လည်ပင်းကိုဆွဲပြီး ဓားနဲ့ထိုးချိန်မှာ သတင်းထောက်တွေက Lee ကို ဝန်းရံကူညီပေးခဲ့တယ်လို့ ဘူဆန်ရဲအရာရှိ Son Je-han က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ တိုက်ခိုက်သူဟာ အသက် ၆၀ ကျော် အမျိုးသားဖြစ်ပြီး၊ အရှည် ၇ လက်မကျော်၊ ဓားသွား ၅ လက်မ ကျော်ရှိတဲ့ ဓားကို အွန်လိုင်းကနေ ဝယ်ယူခဲ့တာလို့ ပြောပါတယ်။ သူ့ကို အခင်းဖြစ်ပွားတဲ့နေရာမှာပဲ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းမိခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ တောင်ကိုရီးယားအတိုက်အခံခေါင်းဆောင် Lee Jae-myung ဓါးနဲ့တိုက်ခိုက်ခံရပြီး လဲကျနေစဉ် (ဇန်နဝါရီ ၂၊ ၂၀၂၄)
တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ တောင်ကိုရီးယားအတိုက်အခံခေါင်းဆောင် Lee Jae-myung ဓါးနဲ့တိုက်ခိုက်ခံရပြီး လဲကျနေစဉ် (ဇန်နဝါရီ ၂၊ ၂၀၂၄)

အသက် ၅၉ နှစ်အရွယ် အတိုက်အခံခေါင်းဆောင် Lee Jae-myung ဟာ သတင်းထောက်တွေနဲ့ စကားပြောရင်း သူ့ကားဆီကို လမ်းလျှောက်လာစဉ်မှာပဲ တိုက်ခိုက်သူအမျိုးသားက Lee ကို လက်မှတ်ထိုးပေးဖို့ လှမ်းတောင်းတာကို မြင်ခဲ့ရတယ်လို့ မျက်မြင်သက်သေတဦးက ဒေသတွင်း ရုပ်သံသတင်းဌာန YTN ကို ပြောပါတယ်။ ရုပ်သံဖိုင်တွေထဲမှာတော့ Lee ဟာ တိုက်ခိုက်ခံရပြီးနောက် လဲကျသွားချိန်မှာ လူတွေက သူ့ကို အကူအညီပေးဖို့ ပြေးလာကြတာကာ လည်ပင်းကို လက်ကိုင်ပုဝါနဲ့ လူတယောက်က ဖိပေးထားတာကို တွေ့ရပါတယ်။

သူ့ကို ဒေသတွင်းက တက္ကသိုလ်ဆေးရုံတခုကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း Yonhap သတင်းအေဂျင်စီကဖော်ပြပါတယ်။ ခုလို Lee ကို တိုက်ခိုက်တဲ့ လုပ်ရပ်ဟာ ဘယ်လိုအခြေအနေမျိုးမှာမှ မဖြစ်သင့်တဲ့ ဒီမိုကရေစီကို ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတစ်ခုပါ” လို့ Lee ရဲ့ ဒီမိုကရက်တစ်ပါတီမှ ပါလီမန်အမတ် Kwon Chil-seung က ဘူဆန်မြို့ရှိ ဆေးရုံအပြင်ဘက်မှာ သတင်းထောက်တွေကို ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ နိုင်ငံရေးသမားတွေကို လူမြင်ကွင်းမှာ တိုက်ခိုက်မှုမျိုးဟာ အရင်ကလည်း မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG