သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်နဲ့ မြောက်ကိုရီးယားတပ်တွေ နယ်စပ်မှာ လက်နက်ကိုင်ဆောင်လာ


တောင်နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံကြားမှာရှိတဲ့ ပန်မွန်ဂျွန်ရွာက ပူးတွဲလုံခြုံရေးနယ်စပ်ဂိတ် (မေ ၉၊ ၂၀၂၃)
တောင်နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံကြားမှာရှိတဲ့ ပန်မွန်ဂျွန်ရွာက ပူးတွဲလုံခြုံရေးနယ်စပ်ဂိတ် (မေ ၉၊ ၂၀၂၃)

တောင်နဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံကြားမှာရှိတဲ့ ပူးတွဲလုံခြုံရေးနယ်မြေအတွင်းမှာ မြောက်ကိုရီးယား တပ်သားတွေ လက်နက်ကိုင်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပြီးတဲ့ နောက်၊ တောင်ကိုရီးယား ဘက်ကလည်း သူ့ရဲ့ တပ်သားတွေကို လက်နက်ကိုင်ဆောင်ခွင့်ပြုခဲ့တယ်လို့ ကုလသမဂ္ဂကွပ်ကဲမှု အဖွဲ့က ဒီနေ့ပဲ ပြောပါတယ်။ ဒီပူးတွဲလုံခြုံရေးနယ်မြေကို အမေရိကန် ဦးဆောင်တဲ့ ကုလသမဂ္ဂ ကွပ်ကဲမှုအဖွဲ့က ကြီးကြပ်ကွပ်ကဲနေတာပါ။

မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့ဟာ ၂၀၁၈ ခုနှစ် စစ်ရေးသဘောတူစာချုပ်အရ ပူးတွဲလုံခြုံရေး နယ်မြေမှာ လက်နက်ဖျက်သိမ်းဖို့ သဘောတူခဲ့ကြတာပါ။ ဒါပေမဲ့ ဒီသဘောတူညီချက် ပျက်ပြား သွားတဲ့နောက် နိုဝင်ဘာလကတည်းက မြောက်ကိုရီးယားတပ်ဖွဲ့တွေက သေနတ်တွေ ကိုင်ဆောင်ထား တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာပါ။

မြောက်ကိုရီးယားဘက်က သူလျှိုဂြိုဟ်တုကို ပစ်လွှတ်လိုက်ပြီးတဲ့နောက် ခုလို ငါးနှစ်ကြာ စစ်ရေးသဘောတူညီချက်ကို တစိတ်တပိုင်း ဆိုင်းငံ့ထားခဲ့တာပါ။ မြောက်ကိုရီးယားကတော့ အဆိုပါ သဘောတူညီချက်ကို အပြည့်အဝ ဖျက်သိမ်းလိုက်ပြီး နယ်စပ်တစ်လျှောက် ပိုမိုအားကောင်းတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ လက်နက်သစ်တွေကို ဖြန့်ကျက်ချထားမယ်လို့ ကတိပြုခဲ့ပါတယ်။

ကုလသမဂ္ဂကွပ်ကဲမှု အဖွဲ့ကတော့ တောင်ကိုရီးယား အစောင့်တပ်ဖွဲ့ဝင်တွေကို အရည်အချင်း ပြည့်ဝအောင် လေ့ကျင့်သင်ကြားပေးထားပြီး အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေကို ကာကွယ်ဖို့အတွက် လက်နက်တွေ ပြန်လည်တပ်ဆင်ခွင့် ပေးခဲ့တာလို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဒီလို လက်နက်တပ်ဆင်တာကို သတိထားလုပ်ဆောင်နေပေမယ့် တောင်ကိုရီးယားအစိုးရဘက်ကတော့ လက်နက်တပ်ဆင်ခြင်းမပြုတာက ပိုပြီး လုံခြုငြိမ်းချမ်းတယ်လို့ အသိပေးထားပါတယ်။

XS
SM
MD
LG