သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ဂျပန် တောင်ကိုရီးယား သုံးနိုင်ငံထိပ်သီးတွေ့ဆုံမှုပြန်စဖို့ သဘောတူ


ဂျပန်၊ တောင်ကိုရီးယားနဲ့တရုတ် နိုင်ငံခြားရေးဝန်ကြီးများ (ဝဲမှယာ) မစ္စ်ယိုကို ကာမီကာဝါ၊ ပတ်ခ်ဂျင်နဲ့ ဝမ်ယီ (နိုဝင်ဘာ ၂၆၊ ၂၀၂၃/အေပီ)
ဂျပန်၊ တောင်ကိုရီးယားနဲ့တရုတ် နိုင်ငံခြားရေးဝန်ကြီးများ (ဝဲမှယာ) မစ္စ်ယိုကို ကာမီကာဝါ၊ ပတ်ခ်ဂျင်နဲ့ ဝမ်ယီ (နိုဝင်ဘာ ၂၆၊ ၂၀၂၃/အေပီ)

တောင်ကိုရီးယား၊ ဂျပန်နဲ့ တရုတ်နိုင်ငံ သုံးနိုင်ငံကြား ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးမှုတွေကို ပြန်စပြီး သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေပြန်လုပ်ဖို့ နိုင်ငံခြားရေးဝန်ကြီးတွေကြား သဘောတူညီချက်ရခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ နိုင်ငံခြားရေးဝန်ကြီးတို့ မနေ့ တနင်္ဂနွေနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

သုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲတွေ ပြန်စဖို့ သဘောတူခဲ့တယ်ဆိုပေမယ့်လည်း ဘယ်တော့ပြန်လုပ်မလဲဆိုတဲ့ ရက်အတိအကျကိုတော့ သဘောတူညီချက်မရသေးပါဘူး။ သုံးနိုင်ငံ ခေါင်းဆောင်တွေရဲ့ နှစ်စဉ်ထိပ်သီးအစည်းအဝေးကို ၂၀၀၉ ခုနှစ်ကစလို့ မကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ စစ်အတွင်းကျူးကျော်မှုကနေဖြစ်လာတဲ့ သမိုင်းဆိုင်ရာအငြင်းပွားမှုတွေနဲ့ တရုတ် အမေရိကန် နှစ်နိုင်ငံကြား မဟာဗျူဟာပြိုင်ဆိုင်မှုတွေကြောင့် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းချက်တွေ မကြာခဏ အချည်းနှီးဖြစ်ခဲ့ရတာပါ။

အခု နိုင်ငံခြားရေးဝန်ကြီးသုံးဦးတွေ့ဆုံမှုဟာလည်း လေးနှစ်အတွင်းမှာ ဒါ ပထမဆုံးအကြိမ်ပါ။ စီးပွားရေးအရရော ယဉ်ကျေးမှုအရပါ နီးနီးကပ်ကပ် နှီးနွယ်ပတ်သက်နေတဲ့ တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန် သုံးနိုင်ငံပေါင်းရင် တကမ္ဘာလုံးရဲ့ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး ၂၅ ရာခိုင်နှုန်းရှိထားပါတယ်။

သုံးနိုင်ငံကြားပူး ပေါင်းဆောင်ရွက်မှုတွေ ပုံမှန်အတိုင်းပြန်ဖြစ်လာစေဖို့ ဝန်ကြီးသုံးဦးလုံး သဘောတူခဲ့ကြတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Park က ပြောပါတယ်။ ထိပ်သီးအစည်းအဝေးပြန်စဖို့ အောက်ခြေအရာရှိတွေကြား ကနဦးသဘောတူညီချက်ရထားပြီးဖြစ်တယ်လို့လည်း ပြောပါတယ်။ ထိပ်သီးအစည်းအဝေးကို အစောဆုံး သင့်တော်တဲ့အချိန်မှာ ပြန်စနိုင်ရေး အလျင်အမြန်ဆောင်ရွက်သွားကြဖို့ ဝန်ကြီးသုံးဦးသဘောတူခဲ့တယ်လို့လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Kamikawa ကလည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG