သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Fukushima စက်ရုံကရေတွေ စွန့်ပစ်မယ့်အပေါ် တောင်ကိုရီးယားနဲ့တရုတ် တုန့်ပြန်


မှတ်တမ်းရုပ်ပုံ | ဆူနာမီဒဏ်ခံခဲ့ရတဲ့ Fukushima Daiichi နျူကလီးယားဓါတ်အားပေးစက်ရုံထွက် ရေတွေသိုလှောင်ထားတဲ့ သိုလှောင်ကန်တွေကို ဝေဟင်မှ တွေ့မြင်ရစဉ် (ဖေဖော်ဝါရီ ၁၃၊ ၂၀၂၁)
မှတ်တမ်းရုပ်ပုံ | ဆူနာမီဒဏ်ခံခဲ့ရတဲ့ Fukushima Daiichi နျူကလီးယားဓါတ်အားပေးစက်ရုံထွက် ရေတွေသိုလှောင်ထားတဲ့ သိုလှောင်ကန်တွေကို ဝေဟင်မှ တွေ့မြင်ရစဉ် (ဖေဖော်ဝါရီ ၁၃၊ ၂၀၂၁)

ဂျပန်နိုင်ငံ Fukushima နျူကလီးယားဓါတ်အားပေးစက်ရုံက သန့်စင်ပြီးသား ရေဒီယိုသတ္တိကြွ ရေတွေကို ပင်လယ်ထဲ စွန့်မယ့်အစီအစဉ်ဟာ နိုင်ငံတကာ စံချိန် စံနှုန်းတွေနဲ့ ညီ်ပါတယ်လို့ တောင်ကိုရီးယားအစိုးရက ဒီနေ့ပြောကြားလိုက်ပါတယ်။ နျူကလီးယားဓါတ်အားပေးစက်ရုံထဲက ရေတွေကို ဂျပန်က ပင်လယ်ထဲ စွန့်ပစ်မယ့်အပေါ် စိုးရိမ်မှုတွေ ရှိနေကြချိန်မှာ တောင်ကိုရီးယားပိုင်နက်ထဲက ရေတွေကို ဘယ်လိုသက်ရောက်နိုင်မလဲဆိုတာနဲ့ပါတ်သက်လို့ နျူကလီးယား ဘေးကင်းလုံခြုံရေးကော်မရှင် ဥက္ကဋ္ဌ Yoo Guk-hee က ဒီနေ့သတင်းစာရှင်းပွဲမှာ ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။

"တိုကျိုလျှပ်စစ်ဓါတ်အားကုမ္ပဏီက လုပ်ဆောင်မယ့် အစီအစဉ်ကို ကျွန်တော်တို့ သုံးသပ်တဲ့အခါ အစီအစဉ်အတိုင်း ရေတွေကို စွန့်ပစ်မယ်ဆိုရင် စွန့်ပစ်တဲ့နည်းက နိုင်ငံတကာစံနှုန်းတွေနဲ့ ညီညွတ်သလို၊ ရေဒီယိုသတ္တိကြွအဆင့်ကလည်း ဘေးကင်းတယ်လို့ နိုင်ငံတကာ သတ်မှတ်ထားတဲ့ အဆင့်မှာရှိပါတယ်"လို့ တောင်ကိုရီးယားတာဝန်ရှိသူက ပြောကြားခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားပိုင်နက်ထဲက ရေတွေနဲ့ ပင်လယ်စာလုပ်ငန်းအပေါ် ထိခိုက်မှုရှိမှာ မဟုတ်သလို ရေဒီယိုသတ္တိကြွအဆင့်ကို တင်းတင်းကြပ်ကြပ် စစ်ဆေးပြီး ဘေးကင်းအောင် ဆောင်ရွက်သွားမယ်လို့ တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူတွေက ကတိပြုခဲ့ကြပါတယ်။ ဂျပန် နျူကလီးယားဓါတ်အားပေးစက်ရုံက ရေတွေ စွန့်ပစ်မယ့်အစီအစဉ်အပေါ် နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ ဆန်းစစ်ချက်မှာလည်း ဂျပန်ရဲ့ အစီအစဉ်က နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီတယ်လို့ IAEA အကြီးအကဲ Rafael Grossi ဟာ ဒီသတင်းပါတ်ထဲမှာပဲ ဂျပန်နိုင်ငံမှာ ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယား ဆိုးလ်မြို့တော်က Noryangjin ပင်လယ်စာလက်ကားဈေးတခုမှာ ဂျပန်ကတင်ပို့တဲ့ ပင်လယ်စာတွေကို ရေဒီယိုသတ္တိကြွဓါတ်တိုင်းတာနေတဲ့ တာဝန်ရှိသူတဦး (ဇူလိုင် ၆၊ ၂၀၂၃)
တောင်ကိုရီးယား ဆိုးလ်မြို့တော်က Noryangjin ပင်လယ်စာလက်ကားဈေးတခုမှာ ဂျပန်ကတင်ပို့တဲ့ ပင်လယ်စာတွေကို ရေဒီယိုသတ္တိကြွဓါတ်တိုင်းတာနေတဲ့ တာဝန်ရှိသူတဦး (ဇူလိုင် ၆၊ ၂၀၂၃)

အခုလို စိုးရိမ်စရာ မရှိဘူးလို့ ပြောနေပေမဲ့ တရုတ်နိုင်ငံကတော့ Fukushima နယ်အပါအဝင် ဂျပန်နိုင်ငံ နယ် ၁၀ ခုက အစားအသောက်တင်ပို့မှုကို ပိတ်ပင်လိုက်ကြောင်း တရုတ် အကောက်ခွန်၊ အစားအသောက် ဘေးအန္တရာယ်ဘေးကင်းရေးဗြူရို GACC က ဒီကနေ့ဘဲ ကြေညာခဲ့ပါတယ်။ ရေဒီယိုသတ္တိကြွ အစားအသောက်တွေ တရုတ်နိုင်ငံထဲ ဝင်ရောက်မလာအောင် တားမြစ်ဆောင်ရွက်တာဖြစ်တယ်လို့ ပြောပါတယ်။ ပိတ်ပင်တဲ့စာရင်းထဲမပါတဲ့ ဂျပန်နိုင်ငံ တခြားနယ်တွေက လာတဲ့ အစားအစာတွေကိုလည်း တရုတ်နိုင်ငံထဲ မသွင်းခင် တင်းတင်းကြပ်ကြပ် စစ်ဆေးသွားမယ်လို့ အစားအသောက်ဘေးကင်းလုံခြုံရေးဗြူရိုက ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG