၂၀၁၅ ရွေးကောက်ပွဲ မဲပေးနိုင်ရေး နိုင်ငံတွင်း မဲဆန္ဒနယ် ပြင်ပရောက်မဲဆန္ဒရှင်တွေ လာရောက်လျှောက်ထားသူပေါင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆယ်သိန်းဝန်းကျင်ပဲ ရှိတယ်လို့ ထုတ်ပြန်လိုက်ချိန်မှာပဲ ဒီဦးရေဟာ အမှန်တကယ်ရှိသင့်တဲ့ အရေအတွက်ထက် နည်းလွန်းတယ် လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့ လာသူတွေက ပြောဆိုလိုက်ပါတယ်။ဒါဟာပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဘက်က မဲပေးပိုင်ခွင့်ရှိတယ် ဆိုတဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှု အားနည်းတာနဲ့ ရွေးကောက်ပွဲ မဲစာရင်းပါဝင်နိုင်ရေး အဆင့်သတ်မှတ်ချက် ရှုပ်ထွေးမှုတွေကြောင့်ဖြစ်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေက ဝေဖန်ထောက်ပြလိုက်ပါတယ်။ ပုံစံ (၃/က) လျှောက်ထားသူတွေအတွက်လည်း သတ်မှတ်ရက်မှာ မဲပေးနိုင်ရေးပညာပေးမှုကို စနစ်တကျလုပ်ဆောင်ဖို့နဲ့ သတ်မှတ်ရက်မှာ သွားပေးကြဖို့ကိုလည်း နှိုးဆော်နေပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် မြန်မာနိုင်ငံတွင်း မိမိမဲဆန္ဒနယ် ပြင်ပရောက် မဲပေးခွင့် ပုံစံ (၃/က) လျှောက်ထားတဲ့သူပေါင်း ဆယ်သိန်းကျော် (၁,၀၃၁,၅၅၉ ဦး) ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ကြေညာလိုက်ပါတယ်။ ပုံစံ (၃-က)အများဆုံး လျှောက်ထားခဲ့တဲ့ တိုင်း ဒေသကြီးနဲ့ ပြည်နယ်တွေထဲ ရန်ကုန်တိုင်းဒေသကြီးမှာ ခြောက်သိန်းကျော် (၆၀၄,၉၆၂ ဦး)၊ မန္တလေးတိုင်းဒေသကြီးမှာ တစ်သိန်းကျော် (၁၂၀,၁၀၅ ဦး)နဲ့ ကချင် ပြည်နယ်မှာ ခုနှစ်သောင်း ( ၇၁,၉၇၀ဦး) ၊ ရှမ်းပြည်နယ်မှာ ငါးသောင်းကျော် (၅၈,၈၈၄ ဦး) ၊ ပြည်ထောင်စု နယ်မြေမှာ လေးသောင်းကျော် (၄၅,၇၈၄ ဦး) နဲ့ စုစုပေါင်း ဆယ်သိန်းကျော် ဖြစ်တယ်ဆိုတာကို အသိပေးကြေညာခဲ့ပါတယ်။
ဒါဟာ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ အမှန်တကယ် နိုင်ငံသား အခွင့်အရေးနဲ့အညီ မဲပေးခွင့်ရှိသူ စာရင်းထက် အတော့်ကို နည်းလွန်းနေတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေက ဝေဖန်လိုက်ပါတယ်။
မိမိမဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒနယ်ရဲ့ပြင်ပမှာ အနည်းဆုံးရက်ပေါင်း (၁၈၀) ထက်မနည်း ရောက်ရှိနေသူ မဲဆန္ဒရှင်တွေရဲ့ လျောက်ထားမှု နည်းတာလည်း ဖြစ်နိုင် သလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က မဲဆန္ဒရှင်တွေ မဲပေးနိုင်ခွင့်ရှိတယ်ဆိုတာကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး အားနည်းမှုကြောင့်လည်းဖြစ်နိုင်တယ်လို့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ လွတ်လပ်သော စေတနာ့ဝန်ထမ်းအဖွဲ့ပြောခွင့်ရသူ ဦးရွှေဘက ထောက်ပြပါတယ်။
“၁၀ သိန်းလို့ပြောတာက တစ်သန်းပေါ့လေ၊ တကယ်တန်းကျန်ခဲ့တဲ့ဟာက ပုံမှန်ရှိသင့်တဲ့လူထက် အများကြီးနည်းနေသေးတယ်။ ဆယ်သိန်းဆိုတာ နည်းနေသေးတယ်လို့ယူဆရတယ်။ အဲဒီထက်ကို အရေအတွက်တွေက ပိုရှိနေရဲ့သားနဲ့ အချိန်မပေးနိုင်တဲ့အတိုင်းအတာတွေက ရှိနေတယ်။ သဘောက - ကျနော် မြို့လေးတစ်မြို့ကို ယှဉ်ပြီးပြောပြမယ်။ ဥပမာ- လှိုင်သာယာတို့၊ ရွှေပြည်သာတို့ဆိုတာက ရွှေ့ပြောင်းလုပ်သားတွေဟာ အလွန်တရာ များပြားတဲ့ နေရာတွေ။ အဲဒီလိုအနေအထားမှာကို လှိုင်သာယာရဲ့လူဦးရေထဲမှာ ရွှေ့ပြောင်းလုပ်သားဟာ အများဆုံးလိုနေရာမှာ - အဲဒီတစ်မြို့နယ်ထဲမှာ နှစ်သိန်း၊ သုံးသိန်းလောက်အထိ ရှိနေတယ်။
အဲဒီလူတွေဟာ သွားလျှောက်ဖို့အချိန်မရတာရယ်၊ ရက် (၁၈၀) ဆိုတဲ့ဟာရယ်၊ နောက်ပြီးတော့ အရင်တုန်းက ဘာ ပြောလိုက်လဲဆိုတော့ - ဟိုဘက်မြို့မှာ ခင်ဗျားတို့ရဲ့ဒေသခံမြို့မှာပဲ ပြန်မဲထည့်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ - ယူပါ- လို့ အဲဒီလို စကားတစ်လုံးနဲ့ ခံထားလိုက်တော့ လူတွေက ဆက်မသွားကြတော့ဘူး။ မသွားကြတော့ဘဲနဲ့ နေလိုက်တဲ့ လူတွေက တော်တော်များ တယ်။ လှိုင်သာယာရယ်၊ ရွှေပြည်သာရယ်၊ အဲဒီနှစ်မြို့နယ်ထဲမှာ သုံးသိန်းကျော်လောက်ဆိုရင် တပြည်လုံးမှာ ဆယ်သိန်းဆိုတော့ အလွန်နည်းနေသေးတဲ့ သဘောပေါ့လေ။”
ပြည်သူတွေအနေနဲ့ မိမိ အိမ်ထောင်စုစာရင်း အမည်မပေါက်တဲ့ နေရာကိုရောက်နေ တယ် ဆိုရင် ကိုယ်ရောက်နေတဲ့ မဲဆန္ဒနယ်မှာ မဲပေးခွင့်ရနိုင်ဖို့ မဲဆန္ဒရှင်စာရင်းပါဝင်နိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ရုံးတွေမှာ ပုံစံ (၃-က) လျှောက်လွှာတွေ တောင်းယူပြီး ဒီလ အောက်တိုဘာလ ၁၀ ရက်နေ့ နောက်ဆုံးထား လျှောက် ထားခဲ့ကြရတာဖြစ်ပါတယ်။
ဒါပေမဲ့လို့ ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံတွင်းက နေရာအတော်များများမှာ သိန်းချီတဲ့ ရွှေ့ပြောင်းနေထိုင်သူ တွေ ဟာ မိမိတို့ဆန္ဒမဲ ပေးပိုင်ခွင့်ရှိတယ် ဆိုတာကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဘက်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှု အားနည်းနေတယ်လို့ အတိုက်အခံပါတီ NLD က မဲစာရင်းပြုစုရေးအဖွဲ့ တာဝန်ခံဦးထွန်းထွန်းဟိန်ကလည်း ပြောပါတယ်။
“၃ (က) နဲ့ ရွှေ့ပြောင်းအလုပ်သမားပေါ့နော်၊ ကျနော်တို့ အခေါ်တော့ ရွှေ့ပြောင်းအလုပ်သမားတွေပေါ့။ ရွှေ့ပြောင်းအလုပ်သမားတွေက အများကြီးရှိနိုင်တာပေါ့။ ဆယ်သိန်းခွဲထက် ကျော်နိုင်တာပေါ့။ ဒါပေမယ့် အဲဒါတွေက လျှောက်ထားမှ ရမှာ။ လျှောက်မထားဘူးဆိုရင်တော့ ရမှာမဟုတ်ဘူးခင်ဗျ။ ပညာပေးတဲ့ဥစ္စာ လုံလောက်မှု မရှိဘူးပေါ့။ လုံလောက်မှုမရှိလို့သာ ဆယ်သိန်းလောက်ပဲ ဖြစ်နေတာ။ လုံလောက်တယ်လို့ ပြောလို့ရှိရင်တော့ သိန်း ၂၀၊ ၃ သန်းလောက်၊ ဒီလောက် ဖြစ်ရမှာပေါ့လေ။ တဝက်လောက်ပဲရှိတယ်လို့ ဒီလို ယူဆရတာပေါ့။”
ပုံစံ (၃/က) နဲ့ မဲလျှောက်ထားသူတွေအနေနဲ့လည်း ကြိုတင်မဲပေးရမယ့် သတ်မှတ်ရက်တွေမှာ သွားရောက်မဲပေးကြဖို့ကိုလည်း NLD က တိုက် တွန်းပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့မတိုင်ခင် မဲပေးရမယ့် ကြိုတင်မဲဆန္ဒရှင် သတ်မှတ်ချက်တွေနဲ့ သတ်မှတ်ရက်တွေနဲ့ ပတ်သက်လို့လည်း ဦးရွှေဘက အခုလိုရှင်းပြပါတယ်။
“၂၉ ရက်ကနေပြီးတော့ နိုဝင်ဘာ ၇ ရက်အထိက monitoring သွားမယ့် လူတွေရယ်၊ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်တွေ၊ နောက် ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေ၊ မဲရုံကိုယ်စားလှယ်တွေ၊ နောက် မဲရုံမှာတာဝန်ရှိမယ့် ပုဂ္ဂိုလ်တွေ၊ တခြား ဝေးဝေးလံလံကို ခရီးသွားဖို့ တရားဝင် - ဥပမာနိုင်ငံခြားတို့၊ ဘာတို့သွားမယ်။ သူတို့ အကြောင်းပြတာတော့ နိုင်ငံခြားပေါ့လေ။ သံတမန်တွေ၊ တာဝန်နဲ့သွားမယ့်လူတွေ-ဆိုပြီးတော့ သီးသန့်ခေါင်းစဉ်နဲ့ အတိအကျ ခွဲပြီးတော့ ပြထားတဲ့ ရက်ဖြစ်တယ်။ ဆယ်ရက်ပေါ့။ ၆ ရက်နဲ့ ၇ ရက်က စောစောက ၃ (က) နဲ့ပြောင်းထားတဲ့လူတွေရယ်။ ကျန်တဲ့လူတွေသည် နည်းဥပဒေနဲ့ပြဌာန်းတဲ့ရပ်ကွက်ထဲမှာ မဲပေးပိုင်ခွင့် ကြိုတင်မဲပေးပိုင်ခွင့်ရှိတဲ့ လူတန်းစားတွေက နိုဝင်ဘာ ၆ ရက်နဲ့ ၇ ရက်မှာ ပေးရမယ်။”
ကိုယ်ရောက်ရှိနေတဲ့ ပြည်နယ်၊ တိုင်းဒေသကြီးအသီးသီးက မဲဆန္ဒနယ်တွေမှာ မဲပေးခွင့်ရဖို့ ပုံစံ (၃-က) လျှောက်လွှာ တင်ခဲ့တဲ့ ကိုယ့်ရဲ့ကိုယ်ပိုင် မဲဆန္ဒနယ် ပြင်ပကို ရောက်နေကြတဲ့ မဲဆန္ဒရှင်တွေ အနေနဲ့ မဲပေးရမယ့်ရက်ကို အတိအကျသိရှိနိုင်အောင် သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေဘက်က ကြိုတင်အသိပေး အကြောင်းကြားမှုတွေနဲ့ နိုးဆော်သင့် ပါတယ်လို့လည်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေက တိုက်တွန်းပါတယ်။